တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ်

0
439
Dawei Watch, Dawei News, Dawei News Media

တောင်သူလယ်သမားများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ်ခဲ့ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တနင်္သာရီတိုင်းဒေသကြီးဘဏ်ခွဲထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက် ခံရခြင်းကို ကုစားရန်နှင့် လယ်ယာကုန် ထုတ်လုပ်မှု တိုးတက်ရန် ကိုဗစ်အထူး ချေးငွေ (Special Covid-19 Relief Loan) ကို တစ်ဧကလျှင် ကျပ်ငါးသောင်း နှုန်းဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဇွန်လဆန်းခန့်က ထုတ်ချေးခဲ့သည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်အထူး ချေးငွေအတွက် ကျပ်သန်း ၅၄၀ဝ ကျော် (၅၄၃၁ ဒသမ ၉၅) လျာထားသော်လည်း စိုက်ပျိုးဧက တစ်သိန်းနီးပါး(၉၆၆၅၅) ဧကအတွက် ငွေကျပ် ၄၈၃၂ ဒသမ ၇၅ သန်းကိုသာ ထုတ်ချေးနိုင်ခဲ့သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးဘဏ်ခွဲ တိုင်းမန်နေဂျာ ဒေါ်မိုးမိုးလွင်က ပြောသည်။

“ကိုဗစ်ချေးငွေက နည်းတယ်။ ဘာလို့လဲဆိုတော့ လယ်သမားတွေကိုက မယူတာ။ သူတို့ နှစ်ကြွေးဖြစ်သွားတယ်လေ။ သူတို့သားသမီးတွေလည်း ထိုင်းမှာ သွားအလုပ်လုပ်ကြတော့ ခါတိုင်းဆို အဆင်ပြေတယ်လေ။ သူတို့အဲထဲကပဲ ဆပ်လိုက်တာ။ အခုကျတော့ ကြွေးတွေ ပိမှာစိုးလို့လားမသိဘူး၊ သူတို့ဆန္ဒနဲ့ သူတို့ မယူဘူး” ဟု ဒေါ်မိုးမိုးလွင်က ဆို သည်။

ကိုဗစ်အထူးချေးငွေကို ယခင်က ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှ စက်တင်ဘာ လကုန်အထိ အပြီးထုတ်ချေးရန် ညွှန်ကြား ထားသော်လည်း ချေးငွေကာလကို ဒီဇင်ဘာလ ၂၄ ရက်အထိ ရက်ထပ်တိုး ချေးခွင့်ပြုထားသည်ဟု သိရသည်။
ကိုဗစ်အထူးချေးငွေကို စတင်ချေး ယူသည့်ချိန်မှစ၍ တစ်နှစ်အတွင်းပြန်ဆပ်ရမည်ဖြစ်သည်။

အချို့တောင်သူများတွင် လယ်ယာ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) မူရင်းမရှိ ခြင်း၊ မိမိအမည်ပေါက်မဟုတ်ခြင်း၊ လယ်ယာလုပ်ငန်းတွင် အရှုံးပေါ်နေခြင်း တို့ကြောင့် ချေးငွေပြန်မဆပ်နိုင်မည်စိုးသဖြင့် ချေးငွေရယူရန် အခက်အခဲရှိသည် ဟု တောင်သူအချို့က ပြောသည်။

မိုးမြင့်