ဘာသာစကားတွေရဲ့ ဈာပန

0
37
ဘာသာစကားတွေရဲ့ ဈာပန

ကမ္ဘာကြီးမှာ ရက်သတ္တပတ်နှစ် ပတ် (၁၄)ရက်ကြာတိုင်း ဘာသာစကား တစ်ခုနှုန်း ပျောက်ကွယ်နေတယ်လို့ ယူနက်စကို (UNESCO) လို့ခေါ်ကြတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ကြီးက ဆိုထားပါတယ်။ ပြီးတော့ ၁၉၅၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်ကြားမှာ ဘာသာစကားအမျိုးအစား ပေါင်း ၂၃၀ လောက် လုံးဝ ပျောက်ကွယ် သွားခဲ့ပြီလို့လည်း ဆိုပါတယ်။

ကနေ့ ကမ္ဘာနေရာအရပ်ရပ်မှာ ပြောဆိုနေကြသေးတဲ့ ဘာသာစကား အားလုံးရဲ့ သုံးပုံတစ်ပုံလောက်ဟာ သုံးစွဲပြောဆိုသူဦးရေ ၁၀ဝ၀ အောက် နည်းပါးပါတယ်။ ဒီဘာသာ စကားတွေ ရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းဟာလည်း နောက်ရာစုနှစ်မှာ ပြောဆို သုံးစွဲသူရယ်လို့ မရှိတော့ဘဲ လုံးဝ ပျောက် ကွယ်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဘာသာစကားပေါင်း ၂၆၈၀ ဟာ ပျောက်ကွယ်သွားတော့မယ့်အနေအထား ရှိနေပါပြီ။

လောလောဆယ်တော့ ကမ္ဘာတစ်ဝှမ်းပြောဆိုသုံးစွဲနေကြသေးတဲ့ ဘာသာ စကားပေါင်း ၇၀ဝ၀ လောက်ကျန်ပါသေးတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၇၈ ရာခိုင်နှုန်းသော လူတွေက အသုံးတွင်လှတဲ့ ဘာသာစကား ၈၅ ခုလောက်ကို ပြောဆိုသုံးစွဲနေ ပါတယ်။ ဥပမာ တရုတ်မန်ဒရင်း ဘာသာ စကားတစ်မျိုးတည်းကိုတောင်မှ လူပေါင်း သန်း ၈၀ဝ ကျော် ၉၀ဝ နီးနီးနဲ့ အင်္ဂလိပ် ဘာသာကို လူပေါင်းသန်း ၄၀ဝ လောက် က မိခင်ဘာသာအဖြစ်သုံးနေပါတယ်။ တစ်ချိန်တည်းမှာပဲ လူဦးရေ ၈.၂၅ သန်း လောက်က အသုံးနဲလှတဲ့ ဘာသာစကား ပေါင်း ၃၅၀ဝ လောက်ကို သုံးစွဲနေကြပါတယ်။

တချို့ဘာသာစကားတွေက လက်ချိုးရေလို့ရတဲ့ လူဦးရေလောက်ကပဲ ပြောနိုင်ဆိုနိုင်ကြပါတော့တယ်။ ဥပမာ နီပေါနိုင်ငံက Dumi ဆိုတဲ့ ဘာသာစကား ဆိုရင် လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က စာရင်းအရ ပြောဆိုသူ ၇ ဦးလောက်သာရှိတော့ တာပါ။ ဘာသာစကားဟာ ဒြပ်မဲ့အရာ တစ်ခုဖြစ်တာကြောင့် ထိန်းရတာ ရုပ်ဝတ္ထုတွေလောက် မလွယ်ပါဘူး။ ပြောဆိုသုံး စွဲသူတွေ မရှိတော့တဲ့အခါ ဘာသာစကား တစ်ခုဟာ သေဆုံးသွားရတာပါပဲ။

ဘာသာစကားတွေ အထူးသဖြင့် အဆက်မပြတ် ပျောက်ကွယ် လာနေပြီ ဖြစ်တဲ့ ဌာနေတိုင်းရင်းသား ဘာသာစကားတွေက အရေးပါလှပါတယ်။ ဌာနေတိုင်း ရင်းသား ဘာသာစကားတွေဟာ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ် ရေးတွေအတွက် အတော့်ကို အရေးပါတယ်လို့ ယူနက်စကိုက ဆိုပါတယ်။

ဘာသာစကားတွေဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ ပြောဆိုဆက်သွယ်ရုံ၊ ပညာရေး၊ လူမှုရေးကိစ္စတွေအတွက် အရေးပါတာမျိုး မကဘဲ သည်ဘာသာ စကားကို သုံးစွဲပြောဆိုသူတွေရဲ့ တမူထူးလှတဲ့ အမူအကျင့်တွေ၊ လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအမွေအနှစ်၊ သမိုင်းနဲ့ အမှတ်ရစရာတွေအတွက် အင်မတန် အရေးပါလှပါတယ်။ ဘာသာ စကားတစ်ခု တစ်ခုမှာ အလွယ်တကူ မမြင်နိုင်တဲ့ ဗဟုသုတပညာရပ်တွေ တန်ဖိုးတွေ၊ ကမ္ဘာမြေကြီးအပေါ် မတူ ကွဲပြားတဲ့ ရှုထောင့်က ရှုမြင်ပုံတွေ ရှိတယ်လို့ဆိုပါတယ်။ ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ အလေ့အထတွေ မှာဆိုရင်လည်း ရေရှည်ခံတဲ့ တိုးတက်မှု နည်းလမ်းကောင်းတွေ၊ ဒေသန္တရ ရိုးရာ ဓလေ့တွေအရ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ကိုင်စားသောက်၊ အနာဂတ်ကို မှန်းဆလို့ အစီအမံတွေ လုပ်ကိုင်တတ်တာမျိုးတွေ၊ ပဋိပက္ခတွေကို ရိုးရာနည်းနဲ့ ညှိနှိုင်းဖြန်ဖြေတတ်တာတွေရှိကြပါတယ်။ ရေရှည်မှာပြဿနာတွေမကြုံရအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်ကိုင်တတ်တဲ့ အလေ့အထမျိုးလေးတွေလည်း ရှိကြပါတယ်။

ဒီလိုမျိုး လူမျိုးစုတွေရဲ့ အလေ့အထ ပညာဘဏ်တိုက်တွေကို ထိန်းသိမ်းထားတတ်ကြတာက ဘာသာစကားတွေပါပဲ။ ဘာသာစကား ကတစ်ဆင့် နောင် မျိုးဆက်များကို လက်ဆင့်ကမ်းပြီး ရိုးရာယဉ်ကျေးမှု ဓလေ့တွေထိန်းသိမ်း ကြ ပညာတွေဆက်ရှင်သန်ကြပါတယ်။ ဘာသာစကားတိုင်းမှာ စာပေရယ်လို့ သီးသီးသန့်သန့် ရှိချင်မှ ရှိမှာပါ။ ဒါကြောင့် စာပေအရေးအသားရယ်လို့ မရှိတဲ့ ဘာသာစကားအတွက် အဲသည်ဘာသာ စကားကို ပြောဆိုနေသူတွေကသာ လက်ဆင့်ကမ်းထိန်းသိမ်းတဲ့သဘောမျိုးပါ။ စာပေရှိသော်လည်းပဲ ပြောကြသူတွေ မရှိတော့ရင်လည်း အဲသည်ဘာသာ စကားဟာ စာပေတွေထဲမှာပဲ အနည်ထိုင် နစ်မြုပ်သွားနိုင်ပါတယ်။

လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင်လည်း ဘာသာစကားတွေကို လွတ်လပ်စွာပြောဆို ထိန်းသိမ်းခွင့်ဟာ အခြေခံ လူ့အခွင့်အရေးတစ်ရပ်လည်းဖြစ်သလို ဒေသခံ ဌာနေတိုင်းရင်းသားတွေအတွက် လွတ်လပ်စွာ ကျင့်သုံးခွင့်ရှိတဲ့ အရာပါ။ ဘယ်လိုဘာသာစကားမျိုးပဲ ပြောဆိုကြ သည်ဖြစ်စေ လူသားအားလုံးဟာ လူမှုရေးအရ သဟဇာတဖြစ်ဖြစ် ပါဝင်ပေါင်းစည်း နိုင်ခွင့်ရှိရပါတယ်။ ဆိုလိုတာက ဘာသာ စကားမတူလို့ ခွဲခြားဆက်ဆံတာမျိုး၊ အခြေခံအခွင့်အရေးတွေ တန်းတူညီမျှ မပေးတာမျိုးတွေ မလုပ်ရပါဘူး။ သက်ဆိုင်ရာ မိခင်ဘာစာစကားအလိုက် စကား ပြောဆိုခွင့် သင်ယူလေ့လာခွင့် ရှိရမှာ ဖြစ်သလို မတူကွဲပြားစုံလင်လှတဲ့ ယဉ်ကျေးမှု တန်ဖိုးတွေ အမွေအနှစ်တွေကို ထိန်းသိမ်းခွင့်လည်း ရှိပါတယ်။ ဒါကြောင့်လည်း ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့အစည်းများဟာ ဘာသာစကားတွေမပျောက်ဖို့ ဆက်လက်ရှင်သန်ဖို့ အစီအစဉ်တွေချမှတ် အထောက်အပံ့ပြုကြရတာပါ။

ဘာသာစကားတစ်ခုသေဆုံးသွားတဲ့အခါ အထက်မှာဖော်ပြခဲ့တဲ့ ဒေသန္တရ သုတ ဘဏ်တိုက်ကြီး ပြိုကွဲသွားသလို မျိုးနွယ်စုတွေရဲ့ သမိုင်းမော်ကွန်းတိုက် ကြီး ပျက်စီးသွားသလိုပါပဲ။ ထင်ရှားတဲ့ သိသာမှုတွေကတော့ ဘာသာစကားရဲ့ အလှတွေ အရင်ဆုံးပျောက်သွားပါတယ်။ ဥပမာ၊ ရိုးရာ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊ စကားထာတွေ၊ ကဗျာတွေလိုမျိုး အရင် ပျောက်သွားပါတယ်။ ယနေ့ခေတ် ကာလရဲ့ ယုတ္တဗေဒ ရှုထောင့်ကကြည့်သော် သင့်သည် မသင့်သည်ဖြစ်စေ အထက်မှာဆိုတဲ့ ပုံပြင်ဒဏ္ဍာရီတွေဟာ အနက်အဓိပ္ပာယ် ကိုယ်စီရှိကြတာပါပဲ။
အကောက်အယူ အပေါ်မူတည်ပြီး သုတ ရသတစ်ခုခု ရတာမျိုးချည်းပါပဲ။ ယဉ်ကျေး မှုတန်ဖိုးမြင့်ကြတဲ့ ဘာသာစကားတွေမှာဆိုရင် စကားလုံး အသုံးအနှုန်းတွေ တစ်ခုစီမှာ ရှိတတ်တဲ့ အနက်အဓိပ္ပာယ်တွေ နောက်ခံသမိုင်းဖြစ်ရပ်တွေပါ ရှိတတ်ကြလို့ စကားပျောက်ရင် သမိုင်း မှတ်တမ်းတွေ ရှေးဓလေ့တွေပါ ပျောက် ကြတာမျိုးပါ။

နောက်တစ်ခု ဘာသာစကားနဲ့အတူ ပျောက်သွားနိုင်တာကတော့ ဒေသန္တရ သုတတွေပါ။ အဲဒီအထဲမှာ ဘာသာ စကားတစ်ခုကို ပြောကြတဲ့ မျိုးနွယ်စုတွေရဲ့ ကျင့်သုံးခဲ့တဲ့ အလေ့အထ၊ နေထိုင် စားသောက်မှုနဲ့ပတ်သက်တဲ့ အလေ့အထတွေ အသက်ရှင်ရပ်တည်ရေးအတွက် လုပ်ကိုင်တတ်မြောက်ရမယ့် အတတ် ပညာလိုမျိုးတွေပါ ပါပါတယ်။ ဥပမာ ဆိုရရင် တချို့သော လူမျိုးနွယ်စုတွေမှာ နက္ခတ်တာရာကြည့်ပြီး စိုက်ပျိုးရေးလုပ်တာ၊ ခရီးထွက်တာ၊ ရွှေ့ပြောင်းသွားလာ တာမျိုးရှိကြပါတယ်။ တိုင်းရင်းဆေး ဖော်ပုံ၊ အမဲလိုက်ပုံ၊ မြေပြုပြင်ပုံ၊ ရိုးရာ လက်မှုနည်းများ၊ အတွက်အချက် ဗေဒင် ယတြာ မန္တန် စသည်ပညာရပ်များ၊ စိုက်ပျိုးမြေကို ထိန်းသိမ်းခြင်း၊ သစ်တော ရေမြေတောကောင်များကို ရိုးရာနည်းကျ ထိန်းသိမ်း သုံးစွဲခြင်းနည်းနာ၊ ရိုးရာနတ်၊ အစောင့်အရှောက်များကို ပူဇော် ပသနည်း စတာမျိုးတွေကို လက်ဆင့်ကမ်း ပြောတဲ့သူတွေမရှိရင် မှတ်တမ်း မတင်မိခဲ့ရင် ဘာသာစကား အပျောက်နဲ့အတူ အဲသည်တန်ဖိုးရှိလှတဲ့ ပညာတွေလည်း ပျောက်သွားလေ့ရှိပါတယ်။

ဘာသာစကားတွေ ပျောက်သွားလို့ ဆုံးရှုံးရမှုကြီးကတော့ ဘာသာစကား တွေရဲ့ ပကတိ တန်ဖိုးတွေဖြစ်ပါတယ်။ ဘာသာစကားတွေဆိုတာ သိမှုနယ်ပယ် ထဲဝင်ဖို့ တံခါးတွေဖြစ်ပါတယ်။ မိမိတို့ရဲ့ သိမှု နယ်ပယ်ကို ပိုပြီး အလင်းရစေနိုင်တဲ့ ပြတင်းတံခါးတွေဖြစ်ပါတယ်။ လူမျိုးစု တစ်ခုကို ထဲထဲဝင်ဝင် နားလည် တတ်ဖို့ဆိုရင် ထိုလူမျိုးစုရဲ့ ဘာသာ စကားကို စသင်ခြင်းနဲ့ စတာက ပိုလို့ထိ ရောက်နိုင်ပါတယ်။ ပြီးတော့ ဘာသာ စကားတွေက ဖြတ်သန်းခဲ့တဲ့ သက္ကရာဇ် ပေါင်းများစွာ ရှိပါတယ်။ ဖြစ်ရပ်ပေါင်း များစွာရှိပါတယ်။ ဘာသာစကားတွေက သယ်ဆောင်လာတဲ့ သုတပေါင်းများစွာ၊ ယဉ်ကျေးမှုပေါင်းများစွာ၊ လူ့ သမိုင်း ပေါင်းများစွာ ရှိပါတယ်။ ဘာသာစကား တစ်ခုကို အလွယ်ကလေး ဖန်တီးလို့ မရပါဘူး။ စကားအသစ် တွင်ကျယ်ဖို့ ဆိုရင်တော့လည်း အတော်လေးခက်တဲ့ ကိစ္စပါပဲ။ သည်လို အဖိုးမဖြတ်နိုင်တဲ့ ဘာသာစကားတွေ ပျောက်နေရတာက ဝမ်းနည်းစရာပါပဲ။

ဘာသာစကားတွေ သေဆုံးနေရတာရဲ့ အကြောင်းအရင်းကလည်း နိုင်ငံရေး၊ လူမှု စီးပွားအရေးများနဲ့ သက်ဆိုင်နေပါတယ်။ နိုင်ငံရေးအရ ဆိုရရင်တော့ အချို့သော အရပ်များမှာ အင်အားကြီးတဲ့ အုပ်စုများက အခြားမျိုးနွယ်စုများကို ဖိနှိပ်လို့ လူမျိုးတုံးစေတာမျိုးကြောင့် လည်းဖြစ်သလို အင်အားနည်းတဲ့ အုပ်စု များရဲ့ ဘာသာစကားတွေ ဖိနှိပ်ခံရတာ၊ ခွဲခြားဆက်ဆံခံရတာ၊ အသိအမှတ်ပြု မခံရတာ၊ ဘာသာစကား ရေရှည်တည်တံ့ရေးအတွက် လိုအပ်တဲ့ အထောက်အပံ့ မရတာတွေကြောင့်လည်းဖြစ်ပါတယ်။

လူမှုစီးပွားအရကြည့်ရင်လည်း အချို့လူမျိုးနွယ်စုများဟာ အခြားအုပ်စုရှိရာ ဒေသများကို မှီခိုနေရတဲ့ အခြအနေမျိုးမှာ အင်အားကြီးတဲ့ အုပ်စုရဲ့ ဘာသာစကားကိုပဲ ဇောင်းပေးလာတာမျိုး၊ ကိုယ်ရဲ့ မိခင်ဘာသာကို မပြောဖြစ်တော့တာမျိုးပါ။ နိုင်ငံရပ်ခြားမှာ သွားရောက်လို့ စီးပွားရှာရတဲ့ သူတွေမျိုးမှာ မိခင်ဘာသာစကား အားနည်းသွားတာမျိုးတွေ တွေ့ရမှာပါ။ အချို့ကလည်း ပညာရေးအတွက် မိခင်ဘာသာစကားထက် အခြားဘာသာ စကားကိုပဲ လေ့လာရ၊ အခြားဘာသာ စကားနဲ့ပဲ အတတ်အသိ ပညာသင်ရတာမို့ မိခင်ဘာသာစကား လုံးဝအားနည်း သွားတာမျိုးတွေဖြစ်ပါတယ်။ မိဘတွေက အနာဂတ်ကို ကြိုတွေးပြီး သူတို့ရဲ့ သားသမီးတွေကို အခြားဘာသာစကားကိုပဲဇောင်းပေးသင်စေတာမျိုးတွေကလည်း ဘာသာစကားတွေ ကွယ်လာရခြင်း အကြောင်းအရင်းထဲမှာ ပါပါတယ်။ ဥပမာ ငယ်စဉ်ကတည်းက အင်္ဂလိပ်စကားနဲ့ ကြီးလာတဲ့ မြန်မာကလေး တစ်ယောက်အဖို့ မိခင်မြန်မာစကားရဲ့ အတိမ်အနက် သုတရသ အလှတွေကို ခံစားတတ်ဖို့ ခက်နိုင်ပါတယ်။

အချုပ်ဆိုရရင်တော့ လူ့မျိုးနွယ်စု တွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဒြပ်မဲ့ ယဉ်ကျေးမှုတွေကို တန်ဖိုးထား ထိန်းသိမ်းနိုင်ဖို့ ဆိုင်ရာတာဝန်ရှိသူများနဲ့ လူသားတိုင်း က အသိသတိရှိရှိ ကြိုးပမ်းသွားဖို့ လိုအပ်လျက်ရှိနေပါတယ်။

ကိုးကား- https://en.iyil2019.org/

https://newrepublic.com/article/125501/languages-die

https://www.nationalgeographic.com/magazine/2012/07/vanishing-languages/

https://www.nationalgeographic.com/news/2018/04/saving-dying-disappearing-languages-wikitongues-culture/