ပြည်သူတွေအားကိုးချင်စရာဖြစ်လာတဲ့အခါ

ပြည်သူတွေအားကိုးချင်စရာဖြစ်လာတဲ့အခါ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ပြည်သူတွေရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဆိုတာ ပြည်သူ့ကိုယ်စား တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင်ဖို့ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေက သူတို့လိုချင်တဲ့အစိုးရမျိုးရအောင် သူတို့ ကြိုက်နှစ်သက်တဲ့ပါတီ၊ သူတို့ယုံကြည် စိတ်ချရမယ်ထင်တဲ့ အမတ်တွေကို မဲပေး ရွေးချယ်ကြတယ်။ ဒါပေမဲ့ သူတို့မြင်ချင် တဲ့အစိုးရမျိုး ရာနှုန်းပြည့် ဖြစ်ခွင့်မရှိ အောင် ကန့်သတ်ခြင်းခံထားရတာက တော့ ကျွန်တော်တို့ပြည်သူအားလုံးရဲ့ကံကြမ္မာပဲပေါ့။

တင်းပြည့်ကျပ်ပြည့် ပြည်သူ့အစိုးရ စစ်စစ်မဟုတ်ပေမဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ဘောင် ထဲက ပြည်သူကိုဗဟိုပြုပြီး ကြိုးစားလုပ် ဆောင်ပေးခဲ့ကြတာကိုတော့ ကျွန်တော် တို့ မျက်ဝါးထင်ထင်မြင်ခဲ့ကြရပြီးပြီ။ အချိန်တိုအတွင်းမှာ လုပ်ရတဲ့အလုပ်က ခပ်များများဆိုတော့ လစ်ကွက်ဟာကွက် တွေလည်းရှိခဲ့တာ တွေ့ရတယ်။ ဒီကြား ထဲ ရခိုင်ပဋိပက္ခလို၊ ကိုဗစ်ကပ်ဘေးလို ကိစ္စတွေကလည်း နိုင်ငံရဲ့အရပ်ရပ်သော တိုးတက်မှုနှုန်းတွေကို နှေးကွေးသွား စေပြန်တယ်။ ဒါပေမဲ့လည်း အရင်တုန်း ကနဲ့မတူ တိုးတက်ပြောင်းလဲလာတဲ့ အခန်းကဏ္ဍတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပြည်သူတွေကို ဝန်ဆောင်မှုပေးရတဲ့ ဌာနအချို့ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲလာတာကို တွေ့ရပါတယ်။

အရင်တုန်းကရော အခု ကိုဗစ်ကပ် ဘေးအတွင်းမှာရော သိသိသာသာတိုး တက်ပြောင်းလဲလာတာကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနပါ။ အထူးသဖြင့် ကျန်းမာရေးကဏ္ဍမှာ တိုးတက် ပြောင်းလဲမှုတွေရှိလာတာကို အများကြီး မြင်လာရတယ်။ မူဝါဒပိုင်းဆိုင်ရာတွေ၊ ဌာနတွင်းအခြေအနေတွေကိုတော့ ကျွန်တော် လက်လှမ်းမမီပါဘူး။ ဒါပေမဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာတော့ အားရကျေနပ်မှု ရှိတယ်လို့ ဆိုချင်ပါတယ်။ ဒါက ကျွန်တော့ တစ်သီးပုဂ္ဂလ အမြင်ပါ။ အားလုံးနဲ့ ထပ်တူကျချင်မှ ကျမှာပါ။

ကျွန်တော့်အသက် ၄၀ ကျော်အတွင်း ဆေးရုံတက်ပြီး ကုသရလောက်တဲ့အထိ ကျန်းမာရေးတစ်ခါမှ မညံ့ခဲ့ဖူးပါ။ ဒါပေမဲ့ ကျွန်တော့်သားသမီးတွေ၊ ကျွန်တော့ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းမိတ်ဆွေသူငယ်ချင်းတွေကြောင့်တော့ ဆေးရုံ ကို မကြာမကြာ ရောက်ဖြစ်ပါတယ်။ အိမ်ထောင်မကျခင်ကတော့ လူနာမေး ပေါ့။ အခု အိမ်ထောင်ကျပြီးချိန်မှာတော့ သားသမီးတွေကို တစ်နှစ်မှာ အနည်းဆုံး တစ်ကြိမ်တော့ ဆေးရုံမှာတက်ရောက် ကုသရပါတယ်။ အထူးသဖြင့် သွေးလွန် တုပ်ကွေးရာသီမှာပေါ့။ သွေးလွန်တုပ် ကွေးရာသီရောက်ပြီဆို တစ်ခါတစ်လေ သားရောသမီးပါ နှစ်ယောက်ပြိုင်တူ ဆေးရုံမှာ တက်ရောက်ကုသရတဲ့အထိ ပါပဲ။ ဒီနှစ်မှာတော့ သားရောသမီးပါ ဆေးရုံမရောက်ခဲ့ပါဘူး။ ကိုဗစ်အတွက် ဂရုစိုက်ပေးနေရလို့ ကိုယ်ခံအားကောင်း လာပြီး သွေးလွန်တုပ်ကွေးမဝင်နိုင်တော့တာ ဖြစ်နိုင်ပါတယ်။ ခြင်ကိုက်မခံရအောင် ဂရုစိုက်ခြင်းကလည်း သွေးလွန် တုပ်ကွေးမဖြစ်တော့တဲ့ အချက်တစ်ချက် ပါပဲ။

ကျွန်တော့်ကလေးနှစ်ယောက်ကို ထားဝယ်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံနှစ်ရုံမှာ ခွဲမွေးခဲ့ရတယ်။ ဆိုတော့ အဲဒီပုဂ္ဂလိက ဆေးရုံနှစ်ခုစလုံးရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကျွန်တော်သိခွင့် ရခဲ့ပါတယ်။ ပြည်သူ့ဆေးရုံတွေမှာလိုပဲ ပုဂ္ဂလိကဆေးရုံတွေမှာလည်း သူ့အားနည်း ချက်နဲ့သူတော့ ရှိနေတာပါပဲ။ ပုဂ္ဂလိက ဆေးရုံးတွေလည်း ရာနှုန်းပြည့် ပြည့်စုံတာတော့ မဟုတ်ပါဘူး။ ပုဂ္ဂလိကဆေးရုံ ဖြစ်ဖြစ်၊ ပြည်သူ့ဆေးရုံဖြစ်ဖြစ် ကာယကံရှင်ရဲ့ ရွေးချယ်မှုပါပဲ။ ငွေကြေးပြည့်စုံသူ တွေကတော့ ပုဂ္ဂလိကဆေးရုံကို ရွေးချယ်ကြမှာပါ။ ဒါပေမဲ့ မပြည့်စုံတဲ့သူတွေအတွက် ကတော့ ပြည်သူ့ဆေးရုံအပြင် တခြား ရွေးချယ်စရာမရှိပါဘူး။
ဆိုတော့ ပြည်သူကိုဝန်ဆောင်မှုပေးနေတဲ့ ပြည်သူ့ဆေးရုံတွေ ဝန်ဆောင်မှု ကောင်းလာတာ ဂုဏ်ယူစရာပါ။ ပုဂ္ဂလိက ဆေးရုံတွေမှာ လေအေးပေးစက်တပ်ဆင်ထားတဲ့ အခန်းမှာ Privacy ကောင်းကောင်းနဲ့ သက်သောင့်သက်သာ နေနိုင် ပါတယ်။ ဒါပေမဲ့ သုံးရတဲ့ငွေကလည်း မြက်မြက်လေးပါပဲ။ ပြည်သူ့ဆေးရုံ တွေမှာ လေအေးပေးစက် တပ်ဆင်ထားတဲ့ အခန်းတွေ ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ အများစုကတော့ လေပန်ကာတပ်ထားတဲ့ အခန်းတွေများပါတယ်။ ပြည်သူ့ဆေးရုံတွေမှာ Privacy တော့ အားနည်းပါတယ်။ ဒါပေမဲ့ ဆေးရုံအတူတက်ကြတဲ့ သူတွေဟာ မိသားစုလိုဖြစ်သွားပြီး တစ်ဦး နဲ့တစ်ဦး ဖေးမကူညီပေးကြတာက မြန်မာ့စိတ်ရင်းမို့ ချစ်စရာကောင်းပါတယ်။

ဒါပေမဲ့ အခုလို ကိုဗစ်ကာလကြီးမှာ Privacy ရတာက ပိုကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆေးရုံတက်ရင် လူနာမေးလာကြတဲ့ ယဉ်ကျေးမှုကတော့ ပြင်ရပါဦးမယ်။ အရမ်းရင်းနှီးတဲ့ မိသားစုဝင်တွေအတွက်ကတော့ ခြွင်းချက်ပေါ့။ အခုက ခွဲစိတ်ပြီးစလူနာအခန်းမှာ စုပြုံတိုးနေတာမျိုးကတော့ မဖြစ်သင့် ဘူးထင်ပါတယ်။ ကိုဗစ်ကာလမဟုတ်ရင်တောင် ခွဲပြီးခါစလူနာဆိုတာ Infection ဝင်ဖို့ ရာခိုင်နှုန်းအလွန်များတယ် မဟုတ်လား။ ဒါကို သိထားရင်တော့ သိပ်မဆိုး ပါဘူး။ လူနာရှင်ကလည်း လူနာလာမမေး လို့ဆိုပြီး စိတ်ပျက်အားငယ်နေဖို့မလို ပါဘူး။ ဒီအပိုင်းကတော့ ဆေးရုံနဲ့မဆိုင်ပါဘူး။ သက်ဆိုင်သူ ကာယကံရှင်တွေ ဘက်က လိုက်နာကြရမှာပါ။

ခွဲစိတ်ခန်းဝင်ချိန်၊ ထွက်ချိန်မှာတော့ အကူအညီလိုပါတယ်။ ဒီအချက်ကို အစိုးရအနေနဲ့ ဝန်ထမ်းထပ်ခန့်ပြီး ဖြေရှင်းပေးရင်တော့ လူနာရှင်အတွက်ရော၊ သက်ဆိုင်ရာဝန်ထမ်းတွေအတွက်ပါ ဝန်ပေါ့စေပါမယ်။ ဆေးရုံတွေမှာ အကူဝန်ထမ်းတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ခွဲစိတ်ခန်းလိုနေရာမျိုးမှာ၊ လူနာတွေကို သယ်ပို့တဲ့နေရာမှာ ရာနှုန်းပြည့် ကူညီပေးတာမျိုးတော့ မတွေ့ရပါဘူး။ နောက်ဆိုရင်တော့ ဒီအချက်တွေကို ဖြည့်စွမ်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ကျွန်တော် အခုပြောနေတာက ထားဝယ်ပြည်သူ့ဆေးရုံကြီးရဲ့ အနေအထားကို ကြည့်ပြီးပြောနေတာပါ။ အခုဆိုရင် ပြည်သူ့ဆေးရုံတွေမှာ Infrastructure တွေ အများကြီးတိုးတက် လာတာ တွေ့ရပါတယ်။ ထားဝယ်ပြည် သူ့ဆေးရုံကြီးမှာဆိုရင်လည်း ငါးထပ် ဆောင်ကြီးတစ်ဆောင်အပြင် နောက်ထပ် ထိုင်းနဲ့ ဂျပန်တို့က လှူဒါန်းမယ့် အဆောင်နှစ်ဆောင်လည်း ထပ်တိုးလာ ပါဦးမယ်။ အဲဒီအချိန်ကျရင်တော့ လူနာတွေအတွက် ပိုပြီးတော့ သက်သောင့်သက်သာ ရှိလာမယ်ထင်ပါတယ်။ Privacy လည်း ပိုရလာမယ်ထင်ပါတယ်။ တစ်ခုရှိတာက ဝန်ထမ်းအင်အားဖြည့်တင်းမှုကတော့ လိုအပ်လာမယ်ထင်ပါတယ်။ အခုတောင် ဆေးရုံအတော်များများမှာ Position အပြည့် မခန့်နိုင်ကြသေးဘူးထင်ပါတယ်။ အထူးသဖြင့် နယ်ဆေးရုံတွေ ဆို ပိုဆိုးမယ်ထင်ပါတယ်။

တချို့မြို့နယ်ဆေးရုံတွေဟာ ခုတင် ၅၀ ဆံ့အထိ တိုးမြှင့်ပေးထားတာတွေ့ရ ပါတယ်။ ကနဦးအနေနဲ့ ခုတင် ၅၀ ဆံ့ အဆောက်အဦတွေ ဆောက်လုပ်ပေးပြီး ပါပြီ။ ဒါပေမဲ့ ခုတင် ၅၀ ဆံ့ဆေးရုံတစ်ရုံမှာ ရှိရမယ့် ဝန်ထမ်းအင်အားကတော့ အပြည့်မရှိလောက်ဘူးထင်ပါတယ်။ ဆိုတော့ လူနာတွေကို ဝန်ဆောင်မှုပေးတဲ့ အခါ အားနည်းချက် ရှိကောင်းရှိနိုင်ပါတယ်။

ခုတင် ၅၀ ဆံ့ ဆေးရုံအတွက် ဝန်ထမ်း ခွဲဝေမှုပုံစံကို ကျွန်တော် မလေ့လာဖြစ် သေးလို့ အပြည့်အစုံမသိကြောင်းကိုတော့ ဝန်ခံပါရစေ။ ဒါပေမဲ့ မြို့နယ် ဆေးရုံတွေဟာ အဆောက်အဦတွေ ကောင်းသလောက် လူနာက နည်းလွန်း နေပါတယ်။ လူနာများစေချင်လို့ ပြောတာတော့မဟုတ်ဘူး။ မြို့နယ် ဆေးရုံတွေမှာ လူပါးပေမဲ့ ထားဝယ် ပြည်သူ့ဆေးရုံကြီးမှာတော့ လူနာတွေ လာတိုးနေပါတယ်။ အထူးသဖြင့် နယ်ကနေပြီးတော့ လာတက်ရတဲ့လူနာတွေ များပါတယ်။ မြို့နယ်ဆေးရုံကြီးက လွှဲလိုက်လို့ ထားဝယ်ဆေးရုံကြီးကို ရောက်လာတဲ့သူတွေရှိသလို၊ ဆေးခန်းတွေ၊ ဒါမှမဟုတ် အိမ်ကနေပြီး တန်းလာ တက်တဲ့သူတွေလည်း ရှိမှာပါ။ အများစုကတော့ နယ်ကလူနာတွေများပါတယ်။ ဒါကို ဘယ်လိုလျှော့ချမလဲ စဉ်းစားရပါမယ်။

ကျွန်တော်မြင်သလောက်ပြောရ မယ်ဆိုရင် မြို့နယ်ဆေးရုံတွေမှာ ကလေးအထူးကုဆရာဝန် အနည်းဆုံး တစ်ယောက်လောက်တော့ ခန့်ထားပေး ဖို့လိုပါမယ်။ ကလေးအများစုဟာ ချူချာတာ များပါတယ်။ အထူးသဖြင့် သွေးလွန် တုပ်ကွေးရာသီဆိုရင်တော့ ထားဝယ် ပြည်သူ့ဆေးရုံကြီးမှာ ကလေးလူနာတွေ ထားစရာ ခုတင်မရှိတော့လောက်အောင် ကြိတ်ကြိတ်တိုးဖြစ်နေတော့တယ်။ ကလေးအထူးကုဆရာဝန်ကြီးရှိရာ မြို့ပေါ် မှာ ဆေးခန်းလာပြရင်း ဆေးရုံတက်ရမယ်ဆို ထားဝယ်ပြည်သူ့ဆေးရုံကြီး ကိုသာ တက်ရောက်ကုသရပါတော့တယ်။ ဆိုတော့ မြို့နယ်ဆေးရုံတွေမှာသာ ကလေးအထူးကု ဆရာဝန်ကြီးရှိမယ် ဆို နယ်ကနေပြီး မြို့ပေါ်တက်လာပြစရာ မလိုတော့ပါ။

နောက်ထပ်ရှိသင့်သူကတော့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတစ် ယောက်လောက်တော့ မြို့နယ်ဆေးရုံ တွေမှာ ရှိသင့်ပါတယ်။ နောက်တစ်ယောက် ကတော့ ခွဲစိတ်အထူးကု ဆရာဝန်ကြီးပေါ့။ ယာဉ်မတော်တဆအဖြစ်များတဲ့ နိုင်ငံဆိုတော့ ခွဲစိတ်အထူးကုဆရာဝန် ကြီးတစ်ယောက်ကတော့ ရှိကိုရှိသင့်ပါတယ်။ သူနဲ့တွဲပြီးတော့ ရှိသင့်သူကတော့ အရိုးအထူးကုဆရာဝန်ကြီးပါ။ အခုလို ကိုဗစ်ကပ်ရောဂါဘေးတွေ့ကြုံချိန်မှာတော့ မေ့ဆေးဆရာဝန်ကြီးတစ်ယောက် ကလည်း မရှိမဖြစ် လိုအပ်လာပြန်ရော။ နောက်ပြီးတော့ အဲဒီဆရာဝန်ကြီးတွေကို ကူညီပေးဖို့အတွက် သူနာပြုဆရာမတွေကိုလည်း တိုးပြီးခန့်ထားဖို့ လိုပါမယ်။

ဘဏ္ဍာရေးအခြေအနေကတော့ အစိုးရအပိုင်းက ဘတ်ဂျက်တိုးပေးရင် ဖြစ်နိုင် မယ်ထင်ပါတယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်း လုပ်ချင်တဲ့ဆရာဝန်တွေ နည်းလာသလို၊ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ကနေပြီး နုတ်ထွက်နေကြတာကတော့ ဘယ်အကြောင်းကြောင့်ဆိုတာကို အစိုးရအနေနဲ့ အမြန်သုံးသပ်ဖို့ လိုပါမယ်။

အစပြန်ကောက်ရမယ်ဆိုရင်တော့ ကျန်းမာရေးအာမခံစနစ်မရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံမှာ မပြည့်စုံသူတွေ အတွက်ကတော့ ပြည်သူ့ဆေးရုံတွေဟာ အဓိကအားကိုးအားထားပြုစရာနေရာ တွေပါ။ လက်ရှိအစိုးရလက်ထက်မှာ ကျန်းမာရေးဘတ်ဂျက်ကို အရင်ထက် အဆပေါင်းများစွာ တိုးပြီးသုံးလာတာ ကြောင့် ပြည်သူ့ဆေးရုံတွေဟာ ပြည်သူတွေအတွက် အားကိုးစရာဖြစ်လာပါ တယ်။ ဆေးဆိုရင်လည်း အစိုးရကထုတ် ပေးတဲ့စာရင်းမှာ မပါတာ၊ ကုန်နေတာ လောက်ကိုသာ လူနာရှင်တွေဘက်က ဝယ်ရပါတယ်။ ဆိုတော့ ပြည်သူ့ဆေးရုံ ကြီးတွေမှာ အကြီးစားခွဲစိတ်ကုသမှုလုပ် ရတာတောင် ငွေတစ်သိန်းထက်ပိုမသုံး ရပါဘူး။ အခု ဆေးရုံတက်သူတွေဟာ ဆေးကုသစရိတ်ထက် စားစရိတ်က ပိုကုန်ကြတာပါ။ ဆိုတော့ ကိုယ့်အိမ် ကိုယ့်ယာနဲ့နီးတဲ့ဆေးရုံမှာ တက်ရောက် ကုသခွင့်ရမယ်ဆိုရင်တော့ စားသောက် စရိတ်ကုန်ကျတာ သက်သာသွားပါမယ်။

ကျွန်တော့သားသမီးတွေကို ဆေးရုံ တက်ရောက်ကုသရမယ်ဆိုရင် ပြည်သူ့ ဆေးရုံကို ရွေးချယ်ဖြစ်တာ ကြာခဲ့ပါပြီ။ ကျွန်တော့အနေနဲ့ ပြည်သူ့ဆေးရုံမှာ ကျွန်တော်ကြိုက်နှစ်သက်တဲ့အချက်တွေ ရှိလို့ ရွေးချယ်ခြင်းဖြစ်ပါတယ်။ ငွေကြေး အကုန်အကျသက်သာတာ ကလည်း တစ်ကြောင်းပေါ့။

ဘာပြောပြော ပြည်သူ့ဆေးရုံတွေဟာ ပြည်သူတွေအားကိုးချင်စရာ နေရာ တစ်ခု၊ ဌာနတစ်ခုဖြစ်လာတာ ဂုဏ်ယူစရာပါ။ နောင်အနာဂတ်မှာ အခုထက် ကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ပြည်သူ တွေရဲ့အသက်ကို ကယ်ဆယ်ပေးနိုင်ဖို့ကိုလည်း မျှော်လင့်မိပါတယ်။ အခု ကိုဗစ်ကာလမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ပြည်သူတွေရဲ့အားကိုးချစ်ခင် ခြင်းခံရတဲ့ သူတွေဖြစ်လာပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန လက်အောက်က ကျန်မားရေးကဏ္ဍဟာ သမိုင်းမှတ်ကျောက်ကောင်းတစ်ခုကို ရေးထိုးနိုင်ဖို့ရှိပါတယ်။ ဒီအတွက် ကျန်းမာရေးကဏ္ဍမှာ ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်သူအားလုံးကို အထူးကျေးဇူးတင်ဂုဏ် ပြုအပ်ပါတယ်။

ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့မှသည် ပြည်သူတွေကို ဝန်ဆောင်မှုပေးရတဲ့ ဝန်ကြီးဌာနအားလုံး ပြည်သူတွေအားကိုးချင်စရာဖြစ်လာ အောင် အားထုတ်နိုင်ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ အခုအခြေ အနေထက် ပိုကောင်းလာဖို့ပဲ ရှိပါတော့တယ်။

သန်းဇော်ဦး (ရလိုင်)