လရောင်အောက်က အတွေးမှသည်

0
2883
လရောင်အောက်က အတွေးမှသည်

ဒီညက တန်ဆောင်မုန်းလပြည့်ညမို့ လရောင်က ထိန်ထိန်သာနေလိုက်တာ။ တန်ဆောင်မုန်းလပြည့်ညမှာ သာတဲ့လဟာ နှစ်တစ်နှစ်ရဲ့ အကြီးဆုံး အသာဆုံးလို့ ပြောစမှတ်ပြုကြတယ် မဟုတ်လား။ အခုလည်း ရွှန်းရွှန်းပပနဲ့ မြင်ရသူစိတ် နှလုံးကြည်လင်လာအောင် သာနိုင်စွမ်း လှပါတယ်။

ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ဟိုတစ်ဆုပ်၊ ဒီတစ်ဆုပ် ပြန့်ကျဲနေတဲ့ ဖြူလွလွတိမ်တိုက်တွေက ဝန်းရံထားလေရဲ့။ ကောင်းကင်က သဘာဝပန်းချီကားကို အချိန်အတော်ကြာ သတိလက် လွတ်ငေးကြည့်နေမိပြီးမှ ဘေးပတ်ဝန်းကျင်ကို ပြန်သတိထားမိတော့တယ်။ အိမ်ဝန်းကျင်တစ်ဝိုက်မှာ ပေါက်နေတဲ့ သစ်ပင်၊ ပန်းပင်တွေပေါ်ကို ပက်ဖျန်းထားတဲ့ လရောင်လေးက ကြည်လင်ချမ်းမြမှု ကို ခံစားသက်ဝင်စေပြန်ပါတယ်။

သစ်ရွက်တွေပေါ်က တဖျတ်ဖျတ်နဲ့ လဲ့လဲ့လေးဖြစ်နေတဲ့ လရောင်ကို ငေးနေချိန်မှာပဲ ဆောင်းလေက ဖြန်းကနဲ တစ်ချက်ဝေ့လိုက်တော့ စိမ့်ကနဲ ဖြစ်သွားတယ်။ ဒီနေရာ၊ ဒီဝန်းကျင်မှာ သန့်ရှင်း လတ်ဆတ်တဲ့လေကို ရှူခွင့်ရနေတာတွေ၊ စိမ်းစိုစိုသစ်ရိပ်တွေကြားမှာ လမ်းလျှောက်ခွင့်ရနေတာတွေက ကျွန်မ အတွက်တော့ အထူးဆုလာဘ်တစ် ပါးပါပဲ။

လရောင်ပက်ဖျန်းထားတဲ့ ပန်းချီကားထဲမှာ စီးမျောနစ်မြုပ်ရင်း “လသာနေတာကို မြင်ရတဲ့အချိန်ဆို စိတ်ညစ်စိတ်ရှုပ်စရာတွေဘယ်လိုရှိရှိ အဲဒါကို ခဏမေ့ထားပြီး လရောင်အောက်မှာ စိတ်ဟာ အေးချမ်းသွားတာပါပဲ” လို့ အမြဲပြောတတ်တဲ့ ကျွန်မအချစ်ဆုံးသူငယ်ချင်းကို သတိရသွားပြီး ပြုံးလိုက်မိတယ်။ ဟုတ်တာပေါ့။ လသာတာကို မကြိုက်တဲ့သူ ဒီကမ္ဘာမှာ ရှိလောက်မယ်မထင်ဘူး။ ဒါ့အပြင် လေကောင်းလေသန့်ရတဲ့ နေရာ၊ သန့်ရှင်းအေးချမ်းတဲ့နေရာကို လည်း လူတိုင်းနှစ်သက်ကြလိမ့်မယ် ထင်ပါတယ်။

ကျွန်မက တောသူပီပီ တောရိပ် တောင်ရိပ်ကို သိပ်တွယ်တာလှတဲ့သူမို့ စိတ်နှလုံးကြည်လင်ချမ်းမြဖို့အတွက် သဘာဝပတ်ဝန်းကျင် ကောင်းမွန် သန့်ရှင်းမှုက သိပ်ကိုအရေးကြီးတယ်လို့ ယုံကြည်ထားသူတစ်ယောက်ပါ။ သန့်ရှင်းကောင်းမွန်တဲ့ မြေ၊ ရေ၊ လေ ရှိမှာသာ ကျန်းမာတဲ့ သဘာဝပတ်ဝန်းကျင်လို့ ပြောလို့ရမယ်ထင်ပါတယ်။ အဲဒီလို ကျန်းမာတဲ့ သဘာဝပတ်ဝန်းကျင်မှာ နေထိုင်ကြီးပြင်းခွင့်ရခဲ့သူတစ်ယောက်အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးတန်ဖိုးထားတာ သိပ်တော့ မဆန်းလှပါဘူး။

လသာတာကို ဘယ်အချိန်တွေ့ တွေ့ ကလေးဘဝတုန်းက ကြုံခဲ့ရတဲ့ အမှတ်တရနှစ်ခုကို အမြဲတမ်းပြန်လည် လွမ်းဆွတ်မိစေတယ်။ အဲဒီညတွေဟာ လပြည့်ည ဟုတ်လား မဟုတ်လားလည်း ကျွန်မမမှတ်မိတော့။ ဆောင်းရာသီဆိုတာကိုပဲ မှတ်မိပြီး ဘယ်လလည်းဆိုတာလည်း မသိပါ။ ကျွန်မမျက်စိထဲမှာ မြင်ယောင်နေတာကတော့ လရောင်အောက်မှာ ကျွန်မသိပ်ကို ပျော်ခဲ့ရတယ်ဆိုတာ ပါပဲ။

ကျွန်မအသက် ငါးနှစ်အရွယ်လောက်မှာ ထင်ပါတယ်။ အိမ်ရှေ့က သစ်ပင်ရိပ်အောက်မှာ အစ်ကို အစ်မဝမ်း ကွဲတွေနဲ့ ရွှေစွန်ညိုတမ်းဆော့ကြတဲ့ ည။ သစ်ပင်ကြီးက လှည်းဘီးလောက်ကြီးတော့ သစ်ရွက်ကြားက ဖြာကျနေတဲ့ လရောင်အောက်မှာ ပြေးပြေးလွှားလွှား ဆော့နေလိုက်ကြတာ။ မောရပမ်းရမှန်း မသိ။ တစ်ဒါဇင်လောက်ရှိတဲ့ မောင်နှမတွေထဲမှာ ကျွန်မက အငယ်ဆုံး။ အိပ်ချိန် ရောက်လို့ လူကြီးတွေခေါ်မှ လူစုမခွဲချင် ခွဲချင်နဲ့ ခွဲပြီး အိမ်ပြန်ကြတော့တယ်။

အဲဒီညကတော့ သစ်ပင်ရိပ်အောက်က ကွက်ကျားလရောင်နဲ့ အမှတ်တရညပေါ့။
နောက်တစ်ခုက လယ်ကွင်းပြင်ကြီးထဲ ထိန်ထိန်သာနေတဲ့ လရောင်အောက် က အမှတ်တရ ည။ ကျွန်မအသက်ဆယ် နှစ်လောက် ရှိပြီပေါ့။ စပါးရိတ်ချိန်မို့ အစ်မဝမ်းကွဲတစ်ယောက်ရဲ့ လယ်မှာ ညအိပ်လိုက်သွားတယ်။ ညဘက်ရောက်တော့ ကျွန်မတို့ကလေးတစ်သိုက် ကောက်ရိုးပုံကြီးတွေကြား တူတူပုန်း တမ်းဆော့လိုက်ကြတာ ညနက်တဲ့အထိပဲ။ ဆောင်းလေတဖြူးဖြူး တိုက်နေတဲ့ လယ်ကွင်းပြင်မှာ သာလိုက်တဲ့လ။ ဘာအတားအဆီးမှ မရှိဘဲ ကမ္ဘာမြေပေါ် ကို အားပါးတရ ထိတွေ့ခွင့်ရတဲ့ လရောင် ရဲ့အလှကို မြင်တွေ့ခွင့်ရခဲ့တဲ့ ညတစ်ညပေါ့။

ကျွန်မပြန်စဉ်းစားနေမိတယ်။ အဲဒီမထူးခြားတဲ့ ကလေးဘဝက လသာတဲ့ညနှစ်ညကို အခုအနှစ် ၃၀ နီးပါးကြာတဲ့အထိ လသာတာကို မြင်တိုင်း ကျွန်မ ဘာဖြစ်လို့ သတိရနေရတာပါလိမ့်လို့။ သဘာဝတရားရဲ့ လှပဆန်းကြယ်မှုတွေ နဲ့ ချစ်ခြင်းမေတ္တာတို့ ပေါင်းစပ်သွားတဲ့အခါ ဦးနှောက်ထဲမှာ သံမှိုနှက်သလို စွဲမြဲခိုင်မာတဲ့ သတိရတမ်းတစိတ်တွေကို ဖြစ်ပေါ်စေတယ် ထင်ပါတယ်။

အနှစ် ၃၀ ကြာပြီဖြစ်တဲ့ ဒီနေ့ခေတ်မှာ ကလေးတွေဟာ သဘာဝတရားနဲ့ နီးနီးကပ်ကပ် ထိတွေ့ခွင့်ရပါသေးရဲ့လား။ ကျေးလက်နေကလေးတွေအနေနဲ့ ထိတွေ့ခွင့် ရပေမဲ့ မြို့ပြနေကလေးတွေအတွက်တော့ ပုံပြင်လို ဖြစ်ကောင်းဖြစ် နေပါလိမ့်မယ်။ ယှဉ်ပြိုင်မှု အားကြီးလာ တဲ့ခေတ်မှာ ရုပ်ဝတ္ထုပစ္စည်းနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ အလေးဂရုပြုနေပြီး၊ သဘာဝတရားကို ချစ်မြတ်နိုးဖို့ မိဘ၊ ဆရာသမားတွေအနေနဲ့ ကလေးတွေကို လမ်းညွှန်ပြသတာမျိုးရော ရှိပါ ရဲ့လား။

တချို့ မိဘဆရာသမားတွေက ကလေးတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကြပါ၊ သဘာဝတရားကို ချစ်မြတ်နိုးကြပါလို့ တိုက်တွန်းနေ ကြတဲ့အသံကိုတော့ ကြားရပါတယ်။ ဒါပေမဲ့ တိုက်တွန်းရုံတိုက်တွန်းပြီး အဲဒီကလေးတွေ သဘာဝပတ်ဝန်းကျင်နဲ့ နီးနီးကပ်ကပ် ထိတွေ့ခွင့်ရအောင် ဖန်တီးပေးတာမျိုးတွေ ရှိရော ရှိပါရဲ့လား။

ကျောင်းနဲ့ ကျူရှင်၊ ကျူရှင်နဲ့ ကျောင်း မနေမနား ပြေးလွှားနေရတဲ့ ကလေးတွေ၊ ရောင်စုံအရုပ်တွေ၊ ကွန်ပျူတာဂိမ်းတွေနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကလေးတစ်ယောက်ဟာ သဘာဝပတ် ဝန်းကျင်ကိုချစ်တယ်ဆိုလာခဲ့ရင် သူ့ရဲ့ချစ်ပုံချစ်နည်းက ဘယ်လိုဖြစ်လာ လိမ့်မလဲ။ သဘာဝပတ်ဝန်းကျင်ကို သူ့ဘဝရဲ့ အလှအပဖျော်ဖြေရေးတစ်ခုလောက်ပဲ ချစ်နေမယ်ဆိုရင် သဘာဝတရားရဲ့ လေးနက်ပြည့်စုံမှုတွေကို အလေးထားတဲ့သူတစ်ယောက် ဖြစ်နိုင်ပါ့မလား။ သဘာဝဂေဟစနစ်ကောင်းမွန်ဖို့ အသက်နဲ့ထပ်တူ တန်ဖိုးထားထိန်းသိမ်း ရမယ်ဆိုတာ သိရောသိနိုင်ပါ့မလား။

အများစုကတော့ ခေတ်မီတိုးတက်တဲ့ နည်းပညာတွေ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေနောက်ကိုပဲ အမီလိုက်ဖို့ ကြိုးစားနေကြတာတွေ့ရပါတယ်။ သဘာဝတရားဟာ အရုပ်နဲ့ ရေးခြယ်ပြရုံ နဲ့ ပြည့်စုံတဲ့ အဓိပ္ပာယ်ကို ရှာဖွေတွေ့ ရှိမှာ မဟုတ်ပါဘူး။ သဘာဝဂေဟစနစ်ဟာ လူသားတွေ အသက်ဆက်ဖို့ အဓိက ရေသောက်မြစ်ဖြစ်ပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် လူသားတွေ အတိဒုက္ခရောက်ရပေါင်း များလှပါပြီ။

ဒီနေရာမှာ နည်းပညာတိုးတက်တာကို မကောင်းဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ဖက်တည်းမြင်တဲ့ အမြင်ဟာ မပြည့်စုံသလို အန္တရာယ်လည်း ဖြစ်စေပါတယ်။ နည်းပညာကို အသုံးချတဲ့နေရာမှာ သဘာဝဂေဟစနစ် မပျက်စီးအောင် ထိန်းသိမ်းဖို့ အရေးကြီးလှပါတယ်။

ကပ်ဘေးလွန် ကမ္ဘာရဲ့အလွမ်း ဇာတ်များ” စာအုပ်ထဲမှာ သဘာဝဘေး အန္တရာယ်နှင့် သယံဇာတ စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာမြင့်ဇော်က ဒီလိုဆို ထားပါတယ်။

“ခေတ်သစ်ကမ္ဘာမှာ လူဟာ အခြေခံ အဆောက်အဦးကို မှီခိုနေကြတဲ့ မျိုးစိတ်ပါ။ ပြဿနာက လူဟာ ရုပ်ဝတ္ထုအခြေခံ အဆောက်အဦး တစ်ခုတည်းနဲ့ချည်း နေလို့ရတဲ့ သတ္တဝါမဟုတ်ဘူးဗျ။ သဘာဝကလည်း ကျုပ်တို့ကို ထောက်ပံ့နေတဲ့ ဂေဟအခြေခံအဆောက်အဦးပဲ။ ချစ်ခင်ကြည်ရွှင်ပြီး ကူညီတတ်တဲ့ ပြည်သူ့ အသိုက်အမြုံကလည်း လူမှုအခြေခံ အဆောက်အဦးပဲဗျ။ ဒီသုံးခုလုံး အဆင်ပြေမှ ကျုပ်တို့ ရပ်တည်နိုင်ကြမှာလေ။”

ကျွန်မတို့ဟာ စားဝတ်နေရေးအတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့လိုအပ်ပေမယ့် ပြင်ပ ရုပ်ဝတ္ထုပစ္စည်းတစ်ခုတည်းနဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ ဘဝကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာသန့်ရှင်းတဲ့ သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်တွေနဲ့ တစ်ဦး အပေါ်တစ်ဦးထားတဲ့ ချစ်ခြင်းမေတ္တာ တွေရှိမှသာ ကောင်းမွန်ပြည့်စုံတဲ့ ဘဝကိုရရှိပိုင်ဆိုင်သူလို့ သတ်မှတ်နိုင် ပါတယ်။

စာရေးဆရာ “ကိုတာ” ရေးသားထားတဲ့ “တစ်ပြည်လုံးပျော်ရွှင်ခြင်း အယူအဆ” ဆောင်းပါးထဲက စာပိုဒ်တစ်ပိုဒ် ကို နှစ်သက်လွန်းလို့ ပြန်လည်မျှဝေပါရစေ။

“တိုင်းပြည်တစ်ပြည်၏ တိုးတက် ခြင်းကို ဂျီဒီပီတိုးခြင်းနှင့် တိုင်းတာ လေ့ရှိရာ၊ တိုင်းပြည်တစ်ပြည်၏ အရည်အသွေး၌ ရုပ်ဝတ္ထုအတိုင်းအတာအပြင် ရပ်ရွာအသိုက်အဝန်း၊ ယဉ်ကျေးမှု၊ ဆက်ဆံရေး၊ နာမ်ပိုင်း စိတ်ပိုင်း နေထိုင်ရကောင်းခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ အညီအညွတ်ဖြစ်ခြင်း စသော အတိုင်းများကိုလည်း ထည့်သွင်းဖို့ သင့်သည်ဟု ယူဆလာကြသည်။” တဲ့။

ဒီစာပိုဒ်ကို သတိရမိတော့ ကျွန်မ ကိုယ့်ကိုကိုယ် ပြန်လည်မေးခွန်း ထုတ်နေမိတယ်။ ကျွန်မတကယ်ရော ပျော်ရွှင်နေပါရဲ့လား။ ပျော်ရွှင်ဖို့အတွက် ဘယ်အရာတွေကို လိုချင်တောင့်တနေပါသလဲ။ ဘဝမှာ မရှိမဖြစ် ရှိဖို့လိုတဲ့ လိုအပ်ချက်နဲ့ လိုချင်မှု လောဘကို ကျွန်မခွဲခြား နားလည်ပါရဲ့လား။

စိတ်ထဲမှာ ဖြေလိုက်တဲ့ အဖြေတချို့က ရိုးသားမှုရှိရဲ့လားလို့ ပြန်လည် ဆန်းစစ်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ် မညှာမတာ ဝေဖန်ရတဲ့အလုပ်ဟာ ဆေးခါးသောက်ရတာနဲ့ တူလှပါတယ်။ အဖြေကတော့ ဝိုးတိုးဝါးတား ဖြစ်နေဆဲပါပဲ။

လမင်းကြီးက ကူညီဖြေပေးလိုပေးငြား ကောင်းကင်မှာ ဝင့်ဝင့်ထည်ထည် တောက်ပနေတဲ့ လမင်းကြီးဆီကို ဘယ်နှ ကြိမ်မြောက်မှန်းမသိ မော့ကြည့်ရင်း အတွေးတွေက ကောင်းကင်ထက်မှာ လွင့်ဝဲနေတဲ့ တိမ်စိုင်တွေလိုပဲ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ရွက်လွှင့်သွားနေ ကြလေရဲ့။ ။

နီမာဦး (အံဒင်)