ကော့သောင်း လျှပ်စစ်လုပ်ခွင့်ရကုမ္ပဏီ ရွေးချယ်ပြီးဟုဆို

0
183
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့နယ် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးကုမ္ပဏီကို တိုင်း အစိုးရအဖွဲ့အစည်းအဝေးတွင် ရွေးချယ်ခဲ့ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောကြားသည်။

ပြီးခဲ့သည့်အပတ်က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့အစည်းအဝေး(ကက်ဘိနက်)တွင် လုပ်ခွင့်ရကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ သို့သော် မည်သည့်ကုမ္ပဏီအား ရွေးချယ်လိုက်သည်ဆိုသည်ကိုမူ ဝန်ကြီးက ထုတ်ဖော် ပြောဆိုခြင်း မပြုပေ။

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ် လုပ်ဖြန့်ဖြူးရေးတင်ဒါဖွင့်ရာတွင် ကုမ္ပဏီသုံးခု၏ လျှပ်စစ်တစ်ယူနစ် အဆိုပြုဈေးနှုန်းများမှာ တူညီနေသည်။

အဆိုပါ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးတင်ဒါအတွက် ကုမ္ပဏီ(Profile) နှင့် Technical (နည်းပညာပိုင်း) အတွက် အမှတ်ပေး ယှဉ်ပြိုင်သည့် တင်ဒါဖွင့် ဖောက်ခြင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဈေးနှုန်းအဆိုပြုခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ သည်။

တင်ဒါကို ကုမ္ပဏီ ခြောက်ခုက ဝင်ရောက်ယှဉ်ပြိုင်ရာ ကုမ္ပဏီ သုံးခုသာ တင်ဒါအောင်မှတ်ရရှိခဲ့သည်။

လက်ရှိ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် KDDPC ကုမ္ပဏီ၊ ဖိုးသီးချို ကုမ္ပဏီနှင့် Siam Energy Seven ကုမ္ပဏီ တို့ဖြစ်သည်။

အဆိုပါ ကုမ္ပဏီသုံးခု၏ လျှပ်စစ် တစ်ယူနစ်ဈေးနှုန်း အဆိုပြုချိန်တွင် KDDPC
ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၃၈ ဒသမ ဝ၈ ကျပ်၊ ဖိုးသီးချိုကုမ္ပဏီနှင့် Siam Energy Seven ကုမ္ပဏီတို့က ၂၃၈ ကျပ်စီ အသီးသီး အဆိုပြုခဲ့ကြသည်။

အဆိုပါကုမ္ပဏီသုံးခုစလုံးက ဒီဇယ်လောင်စာ အသုံးပြုပြီး လျှပ်စစ်ထုတ် မည်ဖြစ်ပြီး အထက်ပါအဆိုပြုဈေးနှုန်းမှာ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း စရိတ်တို့ပါဝင်ပြီး သုံးစွဲသူလက်ဝယ်အရောက် ဈေးနှုန်းဖြစ်သည်။

“ကက်ဘိနက်က စာမထွက်သေးတော့ ကျွန်တော်အခုတော့ ပြောလို့ မရသေးဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဒီဇင်ဘာလ ၂ ရက်နေ့က ပြောသည်။

ပထမအကြိမ်တင်ဒါကို ယခုနှစ် ဇွန်လဆန်းက ဖွင့်ဖောက်စစ်ဆေးခဲ့သော်လည်း တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီများက Technical Proposal (နည်းပညာအဆိုပြုလွှာ) မအောင်မြင်ကြသည့်အတွက် တင်ဒါကို ပယ်ဖျက်ခဲ့ သည်။

ထိုစဉ်ကလည်း တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ လျှပ်စစ်ကုမ္ပဏီ ခြောက်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေးလုပ်ငန်းကို ပါချန်ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် (KDDPC) က လုပ်ကိုင်နေသည်။

ကိုဇော်