ပျော်အောင်နေကြမည်

0
802
editorial

မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့ ပျော်ရွင် အကောင်းမြင်နေဖို့ လိုသည်။ ယခုအခါ နှစ်ပတ်လည်နေပြီဖြစ်သော ကိုဗစ်ကမ္ဘာ့ကပ်ဘေးသည် လူအများ၏ စိတ်ကျေနပ်ပျော်ရွင်မှုကို နုတ်ယူသွားသည်။ မျှော်လင့်ချက် အနာဂတ်များကို နုတ်ယူသွားသည်။

စည်းကမ်းကန့်သတ်ချက်များနှင့် နေထိုင်ရခြင်း၊ ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ကျင့်ကြံနေထိုင်ရခြင်း၊ ချစ်သူခင်သူများနှင့် မတွေ့ရခြင်းတို့ကြောင့် ပိုမိုမွန်းကျပ်သော အနေအထားများနှင့် ကြုံနိုင်ပါသည်။

သို့သော် အကျဉ်းထောင်ကျနေသူများသည်ပင် နေတတ်ပါက ပျော်ရွှင်စရာ ဖြစ်နေရာ ဘဝတွင် ပျော်ရွှင်အောင်နေနည်းမှာ အမှန်တကယ် အသုံးလိုသော နည်းဖြစ်သည်။

ယုံကြည်မှု၊ ဘာသာတရား အမျိုးမျိုးအလိုက် ပျော်ရွှင်အောင်နေနည်း၊ လမ်းညွှန်၊ ဆုံးမချက်များ ရှိပေလိမ့်မည်။

အချို့သိပ္ပံပညာရှင်များပြောသော ကိုဗစ်ကာလ ပျော်ရွှင်အောင် နေနည်းတွေ အနက်အချို့ကတော့ ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးကို ယခင်ထက် ပိုမို ဂရုစိုက်ခြင်း၊ တရားထိုင်ခြင်း၊ ပုံမှန် အိပ်ချိန် ထချိန်ကို ဂရုတစိုက် ကျင့်ကြံ ခြင်း၊ လူကိုယ်တိုင် မတွေ့ရသည့်တိုင် အခြားသူများနှင့် တစ်နည်းနည်းဖြင့် ပြောဆို ဆက်ဆံနေခြင်း၊ နေအိမ် အိပ်ခန်းများကို ကောင်းမွန်စွာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ထားရှိခြင်း၊ အချို့သော နေရာများကို ကိုယ်တိုင်သွားခွင့်မရ သည့်တိုင် သဘာဝတရားကို ချစ်မြတ်နိုးစိတ် မွေးမြူခံစားခြင်း၊ ကျေးဇူးတင် ထိုက်သူများကို မတွန့်မဆုတ် ကျေးဇူးတင်စကား ဆိုခြင်းတို့ ဖြစ်သည်။

အထက်ပါ အလေ့အကျင့်တို့မှာ မြန်မာစကားတွင် ထင်ရှားသည့် စကား အချို့ဖြစ်သော ပျော်ပျော်နေသေခဲ၊ ဖြစ်သမျှအကြောင်း အကောင်းဟူသည့် အယူအဆများအတိုင်း ပေါ့ပါးစွာ နေထိုင်လိုက်ခြင်းထက် ပိုမိုလေးနက်စွာ မွေးမြူကျင့်ကြံရန် ဖြစ်ပါသည်။

စိတ်ညစ်ညူးစရာများ အကြား အလိုက်အလျားသင့်မနေဘဲ ကိုဗစ်ကာလ အကြပ်အတည်းများကို အခွင့်ကောင်းယူ၍ အနာဂတ်အတွက် အလေ့အကျင့် ကောင်းများကို မွေးမြူနိုင်ရေး ဆုတောင်းလိုက်ပါသည်။

အယ်ဒီတာ (ဒီဇင်ဘာ ၄၊ ၂၀၂၀)