မြိတ်တွင် နေ့တိုင်းနီးပါး ကိုဗစ်ပိုးတွေ့

0
168
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ နေ့တိုင်းနီးပါးတွေ့ရှိလာနေပြီး တစ်နေ့လျှင် ကိုဗစ်ပိုးတွေ့လူနာ အနည်း ဆုံးတစ်ဦးမှ အများဆုံး ၁၉ ဦးအထိ ရှိနေကြောင်း မြိတ်ပြည်သူ့ဆေးရုံကြီး၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် ဖော်ပြထားသည့် အချက်အလက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့ မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ နေ့စဉ် ကိုဗစ်ပိုးတွေ့ရှိခဲ့ရာ စုစုပေါင်း ၇၂ ဦးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတို့အနက် ကလွင်ကျေးရွာအုပ်စု တောရရပ် ရှိ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်း ကွာရန်တင်းစင်တာမှာ ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးရွာရှိ တပ်နယ်ဈေးတွင် ကြက်သား ရောင်းသူ အမျိုးသမီးတစ်ဦးတွင် ကိုဗစ် ပိုးတွေ့ရှိသဖြင့် ဈေးအားယာယီပိတ်ခဲ့ပြီး ဆက်စပ်သူတို့အား ကွာရန်တင်းစခန်းဝင်ရောက်စေခြင်းနှင့် အချို့ကို နေအိမ်တွင်နေရန် သတ်မှတ်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ချက်အရ ဒီဇင်ဘာ လ ၃ ရက်နေ့အထိ မြိတ်တွင် ကိုဗစ်ပိုး တွေ့သူ ၂၂၉ ဦး၊ ဆေးဝါးကုသဆဲ ၅၈ ဦးနှင့် သက်သာပျောက်ကင်းသူ ၁၆၉ ဦးနှင့် သေဆုံးသူ နှစ်ဦးရှိသည်။

ယင်းထုတ်ပြန်ချက် စာရင်းအရ မြိတ်တွင် ကိုဗစ်ပိုးတွေ့ရှိသူဦးရေ အများ ဆုံးဖြစ်ပြီး ထားဝယ်မြို့မှ ၁၂၈ ဦးနှင့် ကော့သောင်းမြို့တွင် ၃၈ ဦးရှိကြောင်း သိရသည်။

ကိုဗစ်ပိုးတွေ့သူများလာနေသည့်အတွက် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ ထွက်ပါက နှာခေါင်းစည်းတပ်ကြရန်၊ လူစုလူဝေး မလုပ်ကြရန်၊ Social Distancing နေကြရန်နှင့် ဖျား၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့် အနံ့ပျောက်သံသယ ရှိပါက မြိတ်ဆေးရုံနှင့် ဖျားနာကုသမှု ဆေးခန်းတို့တွင် လာရောက်ပြသကြ နိုင်ကြောင်း မြိတ်ဆေးရုံကြီးထံမှ သိရသည်။

မြင့်မိုရ်(မြိတ်)