တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

0
248
တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

ကိုယ်စားလှယ်အသစ်များနှင့် လွှတ်တော်အသစ်

မြန်မာနိုင်ငံမှာ အခြေခံဥပဒေအရ လွှတ်တော်တွေရဲ့သက်တမ်းကို ငါးနှစ် သတ်မှတ်ထားပါတယ်။

လက်ရှိလွှတ်တော်တွေရဲ့သက်တမ်းဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး သုံးလ ဝန်းကျင်အကြာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်မှာ သက်တမ်းငါးနှစ် ပြည့်မြောက်မှာပါ။

တစ်ဖက်မှာလည်း လွှတ်တော်အသစ်ရဲ့ ပထမဆုံး အစည်းအဝေးကို ရွေးကောက်ပွဲကျင်းပတဲ့နေ့ကနေ ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူကျင်းပဖို့ ဥပဒေ ပြဋ္ဌာန်းချက်ရှိပါတယ်။ ဆိုတော့ လွှတ်တော်အသစ်ရဲ့ ပထမဆုံးအစည်းအဝေးဟာ နောက်အကျဆုံး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မတိုင်ခင်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဗဟိုအဆင့် လွှတ်တော်ကြီး သုံးရပ်(ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်)နဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဒေသဆိုင်ရာ လွှတ်တော်တွေ ရှိကြပါတယ်။ အဲဒီမှာ အရင်ဆုံးခေါ်ယူရမယ့် လွှတ်တော်အစည်းအဝေးကတော့ ပြည်သူ့လွှတ်တော်အစည်းအဝေးဖြစ်ပါ တယ်။

ဒါကြောင့် အခုရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ အဲဒီကာလတွေထဲမှာ တရားဝင်ကတိသစ္စာပြုပြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် စတင်တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေ အရတော့ လွှတ်တော်အစည်းအဝေးကျင်းမယ့်ရက်ကို ၂၁ ရက် ကြိုတင်ပြီး ကိုယ်စားလှယ်တွေဆီကို အကြောင်းကြားပေးမှာဖြစ်ပါတယ်။ အဲဒီလို အကြောင်းကြားတာကိုတော့ လက်ရှိလွှတ်တော်အဟောင်းရဲ့ ဥက္ကဋ္ဌတွေကနေ ဆောင်ရွက်မှာပါ။

ကိုယ်စားလှယ်အသစ်များ လွှတ်တော်တက်ခြင်း
လွှတ်တော်ပထမဆုံးအစည်းအဝေးကို ရောက်လာမယ့် အခုရွေးကောက်ခံထားရတဲ့ကိုယ်စားလှယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပေးထားတဲ့ အသိအမှတ်ပြုလွှာနဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လွှတ်တော်ကိုယ်စား လှယ်စိစစ်ရေးကော်မတီကိုလည်း လက်ရှိလွှတ်တော် အဟောင်းရဲ့ ဥက္ကဋ္ဌတွေက ဦးစီးပြီး သင့်တော်တဲ့ နိုင်ငံသားတွေနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုခြင်း
လွှတ်တော်အသစ်ရဲ့ ပထမဆုံးကျင်းပတဲ့ အစည်းအဝေးမှာ အခုရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကတိသစ္စာ မပြုခင်မှာ လုပ်ရမယ့်လုပ်ငန်းစဉ်တွေ ရှိနေပါသေးတယ်။

သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အစည်းအဝေးပထမဆုံးနေ့မှာ ကိုယ့်လွှတ်တော်ရဲ့ သဘာပတိကို ကိုယ်စားလှယ်တွေထဲကနေပဲ ရွေးကောက်တင်မြှောက်ရမှာဖြစ်ပါတယ်။ သဘာပတိဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ သဘာပတိအဖြစ်လည်းကောင်း လွှတ်တော်ရှေ့မှောက်မှာ ကတိသစ္စာပြု လက်မှတ်ရေးထိုးရပါမယ်။

ပြီးတော့မှသာ ကျန်တဲ့ကိုယ်စားလှယ်တွေက သဘာပတိရှေ့မှောက်မှာ ကတိသစ္စာပြု၊ လက်မှတ် ရေးထိုးရမှာဖြစ်ပါတယ်။

တကယ်လို့ ပထမဆုံးကျင်းပတဲ့အစည်းအဝေးကို တက်ရောက်နိုင်တဲ့သူတွေကတော့ သူတို့ လွှတ်တော်စတက်တဲ့နေ့ကျမှသာ ဥက္ကဋ္ဌရဲ့ရှေ့မှောက်မှာ ကတိသစ္စာပြု လက်မှတ်ရေးထိုးရမှာပါ။

လွှတ်တော်ဥက္ကဋ္ဌများ တင်မြှောက်ခြင်း
လွှတ်တော်တွေရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကို လွှတ်တော်ကိုယ်စားလှယ်တွေထဲကနေပဲ ပြန်လည် ရွေးချယ်တင်မြှောက်ရတာ ဖြစ်ပါတယ်။ အဲဒီလိုရွေးကောက်တင်မြှောက်တာကို စောစောကတင်မြှောက်ထားတဲ့ သဘာပတိတွေကပဲ ဦးစီးပြီး လုပ်ဆောင်ရတာပါ။

ဥက္ကဋ္ဌတွေကို ရွေးချယ်ပြီးရင်တော့ သဘာပတိရဲ့လုပ်ငန်းတာဝန်ဟာလည်း ပြီးဆုံးသွားမှာဖြစ်ပြီး သူတို့တွေဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ရပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ရဲ့ ဥက္ကဋ္ဌတွေဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ နာယက၊ ဒုတိယဥက္ကဋ္ဌတွေဟာ ဒုတိယနာယက တာဝန်တွေကိုလည်း ထမ်းဆောင်ကြရမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ဒုတိယနာယကတာဝန်တွေကို ပထမဆုံးကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကနေ လပေါင်း ၃၀(နှစ်ခွဲ) ကြာတဲ့အထိ ပထမကာလမှာ အမျိုးသား လွှတ်တော်ရဲ့ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေက ထမ်းဆောင်မှာ ဖြစ်ပြီး ဒုတိယ လပေါင်း ၃၀(နှစ်နှစ်ခွဲ)ကာလမှာ တော့ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေက တာဝန်ယူမှာ ဖြစ်ပါတယ်။