အသွင် မပြောင်းသွားသည့် တောင်ပိုင်းသားတို့၏ သံပြိုင်တေး

အသွင် မပြောင်းသွားသည့် တောင်ပိုင်းသားတို့၏ သံပြိုင်တေး
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တနင်္သာရီတိုင်း၏ ရွေးကောက်ပွဲအား ဆန်းစစ်ကြည့်ခြင်း

၂၀၂၀ ရွေးကောက်ပွဲရလဒ် ဂဏန်း ငြိမ်ပါပြီ..။ ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၁၅ နည်းတူ တနင်္သာရီတိုင်းတွင်းရှိ မဲဆန္ဒနယ် ၄၃ နေရာစလုံးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ မဲအပြတ် အသတ်ဖြင့် အနိုင်ရသွား၏။

တိုင်းရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ မှလည်း ပြည့်ပြည့်စုံစုံ ကြေညာခဲ့ပြီးပါပြီ။ ထိုကြေညာချက်များသည် တိုင်းတွင်းပြိုင်ပွဲဝင် ကိုယ်စားလှယ်လောင်းတို့ နှင့် ပါတီအသီးသီးအတွက် မှတ်ကျောက် ဖြစ်သကဲ့သို့ တိုင်းသူတိုင်းသားတို့၏ ပြည်သူ့ဆန္ဒပြန်တမ်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။

၂၀၂၀ ရွေးကောက်ပွဲသည် ၂၀၁၅ ရွေးကောက်ပွဲထက် ရင်ခုန်လှုပ်ခတ် ဖွယ် ကောင်းခဲ့သည်။ ရွေးကောက်ပွဲ အကြိုကာလတွင် ပါတီများ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို လူထုကလည်း မိမိ အားပေးသည့်ပါတီကို ထောက်ခံမှု ပြသကြရာတွင် ၂၀၁၅ ထက် ပိုတက်ကြွခဲ့ ကြသည်။

ကိုဗစ်လှိုင်း ပြင်းပြင်းရှရှ ရိုက်ခတ် နေသည့်ကာလ ဖြစ်နေသည့်တိုင် လူထုက ရွေးကောက်ပွဲ အကြိုကာလတွင်ရော ရွေးကောက်ပွဲကာလတွင်ပါ တစ်တပ်တစ်အား ပူပေါင်းပါဝင်ခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲနေ့အခင်းအကျင်းအချို့၊ ရွေးကောက်ပွဲပြီးရလဒ် တို့၏ ထူးခြားချက်များ၊ မှတ်သားဖွယ်၊ ရင်ခုန်လှုပ် ဖွယ် ကိန်းဂဏန်းများကို ၂၀၁၅ ရွေး ကောက်ပွဲနှင့် ယှဉ်နှိုင်းတင်ပြပါမည်။

ပြိုင်ဆိုင်မှုပြင်းထန်သည့် ရွေးကောက်ပွဲ အကြိုကာလ
တနင်္သာရီတိုင်း၌ ပါတီ ၁၄ ခုမှ ကိုယ်စား လှယ်လောင်း ၂၈၆ ဦး၊ တစ်သီးပုဂ္ဂလ ငါးဦး စုစုပေါင်း ၂၇၃ ဦးက ၂၀၂၀ ရွေး ကောက်ပွဲဝင်ပြိုင်ရန် ကိုယ်စားလှယ် လောင်းလျှောက်လွှာတင်ခဲ့ကြသည်။

၎င်းထဲမှ လေးဦးက ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းသဖြင့် ၂၆၉ ဦးက ကိုယ်စားလှယ်လောင်းများအဖြစ် ကြေညာခံရသည်။

ပါတီအများစုမှာ တိုင်းတွင်း အခြေစိုက်မဟုတ် ကြသော်လည်း ဝင်ပြိုင်သူအများစုမှာ ဒေသခံများ ဖြစ်ကြသည်။ တစ်သီးပုဂ္ဂလ ဝင်ပြိုင်သူထဲတွင် ဒေါက်တာညိုညိုသင်းကဲ့သို့သော နိုင်ငံတွင်း နာမည်ရ ရန်ကုန်သူ နိုင်ငံရေးသမားပင် ပါဝင်လာသည်ကို တွေ့ရသည်။

ပါတီလေးခုက တိုင်းလုံးကျွတ် ဝင်ပြိုင်ကြသည်။ ၎င်းတို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး)ပါတီ၊ ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ(UBP) နှင့် နှင်းဆီပါတီ (ခေါ်)ညီညွတ်သော ဒီမိုကရက်တစ် ပါတီ(UDP) တို့ ဖြစ်သည်။

၂၀၁၅ တွင် ပါတီ ၁၂ ခုမှ ကိုယ်စားလှယ်လောင်း ၁၈၁ ဦး ဝင်ပြိုင်ခဲ့ရာ ၂၀၂၀ တွင် ကိုယ်စားလှယ်လောင်း ၈၈ ဦး တိုးလာခဲ့ခြင်း ဖြစ်သည်။

မဲဆွယ်ကာလတွင် ပါတီအသီးသီး က နည်းလမ်းအသွယ်သွယ်ဖြင့် မဲဆွယ်နေစဉ်အတွင်း နှင်းဆီပါတီကို ဖျက်သိမ်းလိုက်ရာ ၎င်းပါတီ၏ ကိုယ်စားလှယ်လောင်း ၄၃ ယောက် ရွေးကောက်ပွဲမှ နုတ်ထွက်လိုက်ရသည်။

သို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းရှိ မဲဆန္ဒနယ် ၄၃ ခု အတွက် ကိုယ်စားလှယ်လောင်း ၂၂၆ ဦးဖြင့် ယှဉ်ပြိုင်ခဲ့ ကြသည်။

ထူးခဲ့သည့် ကြိုတင်မဲပေးစနစ်
ကြိုတင်မဲပေးခြင်းအတွက် ဥပဒေနည်းဥပဒေများရှိသော်လည်း ကိုဗစ် ကာလဖြစ်သည့်အတွက် ဗဟိုရွေးကောက်ပွဲကော်မရှင်က သီးခြားလုပ်ငန်းလမ်း ညွှန်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ကာ ကြိုတင်မဲပေးခွင့်ရကြရန် ဖြေလျော့ မှုအချို့ ပြုလုပ်ခဲ့ကြသည်။

ထို လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို မကျေညက်သော ရပ်/ကျေး ကော်မရှင်အဖွဲ့ဝင်များကို မိမိတို့ ထင်မြင်သလို အဓိပ္ပာယ်ဖွင့် ဆိုကာ ကြိုတင်မဲကောက်ယူကြသဖြင့် တိုင်းအတွင်း ရပ်ကွက်/ကျေးရွာအသီးအသီးတွင် “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” ဆိုသကဲ့သို့ ဖြစ်ခဲ့သည်။ လောင်းလုံးမြို့နယ်တွင်ဆိုပါက ကြိုတင်မဲကိစ္စ ကိုယ်စားလှယ်လောင်းနှင့် ကော်မရှင် အငြင်းပွားရာမှ ခရိုင်အဆင့် ထိရောက်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ဘက်မှ တောင်းပန်ခဲ့ရသည်။

ဗုံးလန့် ရွေးကောက်ပွဲ
ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလိုတွင် ဗုံးထောင်ဖောက်ခွဲမှုနှင့် ဆက်စပ်လူငယ်တစ်ဦးအား ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဖမ်းဆီးမှုကလည်း လူထုကြား ပွက်လောရိုက်ခဲ့ပြီး ရွေးကောက်ပွဲနေ့နှင့် ဗုံးကိစ္စ လူထုကြား အပြောများခဲ့သေးသည်။

ရွေးကောက်ပွဲနေ့၊ ကိုဗစ်နှင့် ဗုံးကို မေ့
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် တိုင်းသူတိုင်းသားတို့က နံနက် စောစော မဲရုံမဖွင့်ခင်တွင်ပင် မဲရုံရှေ့ တိုးဝှေ့တန်းစီ နေရာယူကြသည်။

မဲရုံမှူးနှင့် တာဝန်ရှိသူတို့က မဲရုံပရိဝုဏ်အတွင်း ၆ ပေကွာ နေရာသတ်မှတ်ထားခြင်းအပါအဝင် ကိုဗစ် ကာကွယ်ရေးအစီအမံများ တတ်စွမ်း သမျှလုပ်ဆောင်ထားကြသော်လည်း မဲရုံပြင်ပတွင် လူတန်းကြီးက တိုးထပ်နေသည်အထိ ၂၀၁၅ နှင့်မခြား စိတ်အားထက်သန်စွာ မဲပေးခဲ့ကြသည်။

ရွေးကောက်ပွဲရလဒ်အား တနင်္သာရီ တိုင်းဒေသကြီး ရွေးကောက်ပွဲကျင်းပ ရေးကော်ရှင်အဖွဲ့ခွဲ၏ ကြေညာချက်ကို ကိုးကားကာ ဆန်းစစ်တင်ပြပါမည်။

မဲဆန္ဒရှင် ၃ ပုံ ၁ ပုံ ခန့် မဲပေးခွင့် ဆုံးရှုံး
၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း၌ မဲပေးခွင့်ရှိသူစုစုပေါင်း ၁၂ သိန်း ခန့်(၁၁၉၁၈၉၀ ဦး) ရှိခဲ့ရာ ရှစ်သိန်း နီးပါး(၇၉၂၇၂၅ ဦး)သာ မဲပေးခဲ့သည်ကို တွေ့ရသည်။ ၃ ပုံ ၂ ပုံသာ မဲပေး ခဲ့ခြင်းဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၆၆ ဒသမ ၅ ဖြစ်သည်။

မဲပေးသူအများဆုံးမှာ ပင်လယ်ကျွန်းများဖြင့် စုဖွဲ့ထားသည့် ကျွန်းစုမြို့နယ် ဖြစ်နေသည်ကို ထူးခြားစွာ တွေ့ရသည်။ ၇၇ ဒသမ ၂ ရာခိုင်နှုန်း မဲပေးခဲ့ရာ မဲဆန္ဒရှင် ၁၀ဝ၀ တွင် ၇၇၂ ဦး မဲပေးခဲ့သည်။

မဲပေးသူ အနည်းဆုံးမြို့နယ်မှာ ကော့သောင်းဖြစ်ပြီး ၅၇ ဒသမ ၅ ရာခိုင်နှုန်း(လူ ၁၀ဝ၀ တွင် ၅၇၅ ဦးနှုန်း) သာ မဲပေးခဲ့သည်။

မဲပေးသူ နည်းခြင်းမှာ ကိုဗစ် ကာလအတွင်း တိုင်းသူတိုင်းသားများ ပြည်တွင်း၊ပြည်ပတွင် ပိတ်မိနေခြင်း၊ ရေလုပ်သားများ ပင်လယ်အတွင်း ရောက်ရှိနေကြခြင်းကြောင့် ဖြစ်နိုင်ပါသည်။

၂၀၁၅ ထက်တော့ သာခဲ့သည်
၂၀၁၅ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း၌ မဲပေးခွင့်ရှိသူစုစုပေါင်း ၁၀ သိန်းဝန်းကျင် (၉၈၅၀ဝ၈ ဦး)တွင်လည်း ၆၁၈၇၇၂ ဦးသာ မဲပေး နိုင်ခဲ့၏။ မဲဆန္ဒရှင် ၅ ပုံ ၂ ပုံ ခန့် မဲပေးခွင့် ဆုံးရှုံး ခဲ့သည်။ ၆၃ ရာခိုင်နှုန်းသာ မဲပေးခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် လောင်းလုံးနှင့် သရက်ချောင်း မြို့နယ်တွင် စာရင်းရှိ မဲဆန္ဒရှင်၏ ထက်ဝက်ကျော်ကျော်သာ မဲပေးနိုင်ခဲ့သည်။

၂၀၂၀ တွင် တနင်္သာရီတိုင်းသားတို့က ကိုဗစ်နှင့် ဗုံးအန္တရာယ်ကို အန်တုကာ ရွေးကောက်ပွဲတာဝန်ကို ကျေပွန်ခဲ့ကြသည်။

အထက်ပါ စာရင်းသည် မဲရုံအတွင်း ပထမဆုံး မဲပေးသည့် ပြည်သူ့ လွှတ်တော်မဲပေးသူ အရေအတွက်ကို အခြေခံခြင်း ဖြစ်ပါသည်။

ပြည်သူ့လွှတ်တော်တစ်ခုတည်းသာ မဲပေးပြီး ကျန်အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ကို မဲမပေးဘဲ ထွက်ခွာသွားသူ ၂၀ဝ၀ ကျော်ရှိနေသည်ကိုလည်း မဲပေးသူကိန်း ဂဏန်းများက ဖော်ပြနေသည်။

မည်သို့ဆိုစေ ကိုဗစ်ရောဂါကြား၊ ဗုံး၏ ခြိမ်းခြောက်မှုနှင့် မဲမပေးရေး လှုံ့ဆော်မှုတွေကြားမှ မဲဆန္ဒရှင် ၃ ပုံ ၁ ပုံ မဲလာပေးခဲ့သည့် တိုင်းသူတိုင်းသား များ၏ နိုင်ငံရေးစိတ်ပါဝင်စားမှုကို အသိအမှတ်ပြုရမည် ဖြစ်ပါသည်။

ပယ်မဲ နည်းလာ
တိုင်းအတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုး ဝန်ကြီးနေရာ စသည့် မဲဆန္ဒနယ် အားလုံး အတွက် စုစုပေါင်း ဆန္ဒမဲပြား ၂၄ သိန်း ကျော်(၂၄၂၆၄၄၄) ထုတ်ပေးခဲ့သည်။

၎င်းဆန္ဒမဲပြား ၂၄ သိန်းကျော်ထဲမှ မဲပြား ၈ သောင်းကျော်(၈၀၃၄၆) ပယ်မဲ ဖြစ်ခဲ့သည်။ ၃ ဒသမ ၃ ရာနှုန်း ပယ်မဲဖြစ်ခဲ့သည်။ မဲပြား ၁၀ဝ၀ တွင် ၃၃ ပြား နှုန်း ဖြစ်သည်။

ပယ်မဲရာနှုန်း အများဆုံးမှာ ရေဖြူမြို့နယ် ဖြစ်ကာ ၇ ဒသမ ၂၆ ရာခိုင်နှုန်း ရှိခဲ့သည်။ မဲပြား တစ်ရာတွင် ၇ ပြားကျော် ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲထက်စာလျှင် ပယ်မဲ ထက်ဝက် နည်းခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပယ်မဲ ၇ ဒသမ ၃၈ ရာခိုင်နှုန်း ရှိခဲ့သည်။ မဲပြား ၁၀ဝ၀ တွင် ၇၄ မဲ အပယ်ခံခဲ့ရခြင်း ဖြစ်သည်။

ရေဖြူမြို့နယ်မှာ ၂၀၁၅ တွင်လည်း ၁၄ ရာခိုင်နှုန်းဝန်းကျင်ဖြင့် ပယ်မဲရာနှုန်း အများဆုံး ဖြစ်ခဲ့သည်။ ၂၀၂၀ တွင် ၇ ရာခိုင်နှုန်းကျော်ကျော်သာ ရှိခဲ့ပြီး ပယ်မဲ ထက်ဝက် ကျဆင်းခဲ့သည်။

ပယ်မဲ အနည်းဆုံးမြို့နယ်မှာ ထားဝယ်ဖြစ်ပြီး ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်တွင် ၂ ဒသမ ၄၄ ရာနှုန်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဝ ဒသမ ၃၀ ရာနှုန်း၊ တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ် ၁ တွင် ဝ ဒသမ ၉၉ ရာနှုန်း၊ တိုင်းဒေသ ကြီးလွှတ်တော် မဲဆန္ဒနယ် ၂ တွင် ၁ ဒသမ ၂၉ ရာနှုန်း သာ ပယ်မဲ ဖြစ်ခဲ့သည်။

ကိုယ်စားလှယ်လောင်း ၁၄၂ ဦး အာမခံငွေ ပြန်မရ
လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲဝင်ခွင့် အာမခံ ငွေကျပ်သုံးသိန်းစီ တင်သွင်းထားရသူ များ ဖြစ်၏။ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၃၈ (ခ) အရ ရွေးကောက်တင် မြှောက်ခံရလျှင်သော်လည်းကောင်း၊ အရွေးမခံရသော်လည်း ခိုင်လုံမဲ ၈ ပုံ ၁ ပုံ နှင့်အထက် (ခိုင်လုံမဲ ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျော်) ရရှိခဲ့လျှင်သော် လည်းကောင်း ယင်းအာမခံငွေ ပြန်ရ မည်ဖြစ်၏။

(“ခိုင်လုံမဲ” ဆိုသည်မှာ မဲဆန္ဒနယ် တစ်ခုအတွက် ဆန္ဒမဲပေးသူတို့၏ စုစု ပေါင်းမဲပြားထဲမှ ပယ်မဲများကို နှုတ်ပြီးသည့် မဲစုစုပေါင်းကို ဆိုလိုသည်) တိုင်းတွင်း၌ တစ်သီးပုဂ္ဂလ ငါးဦး အပါအဝင် ပါတီပေါင်း ၁၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းစုစုပေါင်း ၂၂၆ ဦး ဝင်ရောက် အရွေးချယ် ခံခဲ့ရာ အနိုင်ရ ကိုယ်စားလှယ်လောင်း ၄၃ ဦး အပါအဝင် ကိုယ်စားလှယ်လောင်း ၈၄ ဦးသာ ခိုင်လုံမဲ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကျော် မဲရရှိခဲ့ ကြသည်။

ယင်း ၈၄ ဦးတွင် အနိုင်ရ NLDမှ ၄၃ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃၉ ဦး၊ မွန်ညီညွတ်ရေးပါတီမှ တစ်ဦး၊ ကရင် ပြည်သူ့ပါတီမှ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ဖြစ်ကြသည်။ ယင်းတို့သာ အာမခံငွေ ပြန်ရကြလိမ့်မည်။

ကျန်သော တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းများအပါအဝင် ပါတီ အသီးသီးမှ ကိုယ်စားလှယ် လောင်း ၁၄၂ ဦးတို့၏ ရလဒ်မှာ ခိုင်လုံမဲ၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်း မရခဲ့ကြပါ။

သို့ကြောင့် ၎င်းကိုယ်စားလှယ်လောင်း ၁၄၂ ဦးမှာ ရွေးနည်းပုဒ်မ ၃၈(ဂ)အရ ယင်းတို့၏ ရွေးကောက်ပွဲ ဝင်ခွင့် အာမခံငွေများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည် ဖြစ်သည်။

NLD အပြတ်အသတ်နိုင်
၂၀၂၀ ရွေးကောက်ပွဲတွင် NLDသည် ပြိုင်ဘက်နှင့် ရာခိုင်နှုန်း အပြတ်အသတ် ကွာဟအနိုင်ရခဲ့သည်။

အမြင့်ဆုံးအနေဖြင့် လောင်းလုံးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၈၇ ဒသမ ၁၁ ရာနှုန်းထိ မဲရရှိခဲ့ပြီး ဒုတိယရသော ကြံ့ခိုင်ရေးကို ၁၁ ဒသမ ၈၁ ရာနှုန်းသာ ရစေခဲ့သည်အထိ မဲ ဖြတ်ထားနိုင်ခဲ့သည်။

မဲဆန္ဒနယ်အများစုတွင် ၇၀ ရာခိုင်နှုန်းနှင့် အထက်တွင် ရှိခဲ့ပြီး ကရင် တိုင်းရင်းသားလူ မျိုးတစ်ခုသာ ရာခိုင်နှုန်းအနည်းဆုံး(၅၆ ဒသမ ၇၈ ရာနှုန်း) ရခဲ့သည်။

ကြံ့ခိုင်ရေး ဒုတိယလိုက်ဆဲ
အနိုင်ရ NLD ရမဲနှင့် အပြတ်အသတ် ကွာဟခဲ့သော်လည်း တိုင်းတွင်းမဲဆန္ဒနယ် ၄၃ နယ်ရှိသည့်အနက် ၄၁ နေရာတွင် ကြံ့ခိုင်ရေးပါတီက ဒုတိယမဲ အများဆုံး ရရှိပါသည်။ အများဆုံး ရမဲရာနှုန်းမှာ ဘုတ်ပြင်းမြို့နယ်ဖြစ်ပြီး ၂၇ ဒသမ ၇၅ ရာနှုန်းအထိ ရရှိခဲ့သည်။

၂၁၀၅ တွင် မဲဆန္ဒနယ်အားလုံး ကြံ့ခိုင်ရေးပါတီ ဒုတိယ လိုက်ခဲ့သည်။ ယခု ၂၀၂၀ ၌ ရေဖြူ မဲဆန္ဒနယ် ၂ နှင့် ကရင်တိုင်းရင်းသားနေရာတို့တွင် မွန်ညီညွတ်ရေး ပါတီနှင့် ကရင်ပြည်သူ့ ပါတီတို့က ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ နေရာကို ဝင်လုသွားပါသည်။

တပ်မဲ နေမြဲ
မထူးခြားသည်မှာ တိုင်းတွင်းရှိ တပ်နယ်မဲရုံ များ၏ ရလဒ်ဖြစ်ပါသည်။ ၂၀၂၀ တွင် ၂၀၁၅ ကဲ့သို့ပင် မဲရုံတိုင်းတွင် ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရခဲ့၏။ တချို့တပ်နယ်မဲရုံများတွင် အခြားပါတီအားလုံး ဘဲဥ မကွဲ။

တိုင်းတွင်းဖြစ်ပါတီ ရှုံးချက်နာဆဲ
ထားဝယ်တိုင်းရင်းသားများပါတီသည် ၂၀၁၅ ခုနှစ်က မဲဆန္ဒနယ် (ပြည်ထောင်စုအဆင့်ပါ) ၁၄ နေရာ ဝင်ပြိုင်ခဲ့သော်လည်း ၂၀၂၀ တွင် တိုင်းဒေသကြီးအဆင့်တွင်သာ ရှစ်နေရာ ဝင်ပြိုင်ခဲ့သည်။

၎င်းပါတီ၏ မဲဆွယ်ပုံစံမှာ ပြည်ထောင်စုတွင် အစိုးရဖွဲ့နိုင်သည့်ပါတီကို မဲပေးပြီး တိုင်းအဆင့်တွင် ဒေသခံပါတီ ဖြစ်သည့် မိမိတို့ပါတီကို မဲပေးကြရန် ဖြစ်သည်။ “မဲ ၃ ပြားတွင် ၁ ပြား ပေး” ခြင်းဖြစ်သည်။

မဲဆွယ်ရာတွင် ၎င်းပါတီဝင်များ သာမက ဒေသအရေး၊ လူမျိုးအရေး တက်ကြွစိတ်ပါဝင်စားသူ အချို့ကပါ မဲဆွယ်ပေးခဲ့သဖြင့် မဲဆွယ်ကာလအတွင်း ထားဝယ်ဒေသတွင်း အပြန်အလှန် ငြင်းခုံမှုများဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် လှုပ်ခတ်ခဲ့ပါသေးသည်။

ရလဒ် ထွက်လာသောအခါ တိုင်းတွင်း မဲဆန္ဒနယ် ရှစ်ခုတွင် တစ်ခုချင်းအလိုက် အနည်ဆုံး ၁၇၈ မဲမှ အများဆုံး ၁၂၇၁ မဲ ကြားတွင်သာ ရရှိခဲ့ပါသည်။ တစ်သီးပုဂ္ဂလများလည်း အလား တူ…။

ခွက်ခွက်လန် ရှုံးသူများ
ခိုင်လုံမဲ၏ ၁ ရာခိုင်နှုန်းအောက်ကျခဲ့သည့် ကိုယ်စားလှယ်လောင်း ၄၄ ဦးထိ ရှိခဲ့သည်။

ထိုကိုယ်စားလှယ်လောင်းများထဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဥက္ကဋ္ဌဖြစ်သည့် ပြည်သူ့ပါတီသည် တနင်္သာရီတိုင်းတွင် ၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ၎င်း ၈ နေရာစလုံး ခိုင်လုံမဲအားလုံး၏ ၁ ရာနှုန်း အောက်တွင်သာ ရှိခဲ့သည်။

ဆိုလိုသည်မှာ မဲဆန္ဒရှင် ၁၀ဝ ဦးတွင် ၁ ဦး နှုန်းပင် ပြည်သူ့ပါတီကို မဲမပေးခဲ့ပါ။
ကော့သောင်းတွင် ဝင်ပြိုင်သည့် ပြည်ထောင်စု အလုပ်သမားလယ်သမား အင်အားစုပါတီမှ ကိုယ်စားလှယ်လောင်း အားလုံးနှင့် ထားဝယ်တိုင်းရင်းသား များပါတီမှ ကိုယ်စားလှယ်လောင်း နှစ်ဦးသည်လည်း ခိုင်လုံမဲ၏ ၁ ရာခိုင်နှုန်း အောက်သာ မဲရခဲ့ကြသည်။

အချုပ်အားဖြင့်…
တိုင်းတွင်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် အနိုင်ရပါတီ NLDအတွက် ၂၀၁၅ ကဲ့သို့ သမိုင်းဝင် ရာနှုန်းပြည့် အောင်ပွဲတစ်ရပ် ဖြစ်ခဲ့ပြီး ရှုံးနိမ့်သူတို့ အတွက်မူ အကျနာလွန်းသော ပြိုင်ပွဲ တစ်ခုဖြစ်ခဲ့၏။

ယင်းရလဒ်မှတစ်ဆင့် တိုင်းသူ တိုင်းသားတို့၏ ရိုးရှင်းသော နိုင်ငံရေး ရေချိန်ကိုတွေ့ရ၏။ တစ်စိတ်တစ်ဝမ်း တည်းသော ဆန္ဒကိုမြင်နိုင်၏။ ညီညာ စုရုံးမှုကို ထင်ရှားစေခဲ့၏။

၂၀၁၅ ရွေးကောက်ပွဲက တနင်္သာရီ တိုင်းသူ တိုင်းသားတို့၏ ပြတ်သားသော ထောက်ခံအားပေးမှုကို ပြသခဲ့လေပြီ…။ ငါးနှစ်တာ ပေါင်းဖက်ဖူးသော အစိုးရကို နောက်ငါးနှစ်အတွက် ယုံကြည် မျှော်လင့်ချက် အသီးသီးဖြင့် ထပ်မံရွေးချယ် လိုက်ပြန်လေပြီ။

လွယ်လွယ်အသွင် မပြောင်းတတ်မှုကို ပြသခဲ့၏။ အနိုင်ရပါတီအနေဖြင့် ယင်း ယုံကြည်မျှော်လင့်ထောက်ခံမှုနှင့် ထိုက်တန်သော တာဝန်ခံ၊ တာဝန်သိမှုဖြင့် ပြန် လည်တုံ့ပြန်ရန်သာလိုပါတော့သည်။