စားနပ်ရိက္ခာသည် နိုင်ငံ၏ ပင်မ အချုပ်အခြာ (၂)

0
523

စားနပ်ရိက္ခာအချုပ်အခြာ- Food sovereignty

ယခင်အပတ်မှ အဆက်

လွန်ခဲ့သော နှစ်ပေါင်း အစိတ်လောက်တွင် Food Sovereignty ဟူသော အတွေးအခေါ်မှာ ကမ္ဘာတစ်လွှားရှိ တောင်သူလယ်သမားအသင်းအဖွဲ့များ ကြားတွင် လူသိများလာခဲ့ပါသည်။ ထို အတွေးအခေါ်ကို အပြည်ပြည်ဆိုင်ရာ လယ်သမားလှုပ်ရှားမှု တစ်ခုဖြစ်သော the La Via Campesina က ၁၉၉၇ တွင် မိတ်ဆက်ခဲ့ပါသည်။ အချုပ်အခြာ သဖွယ်စီမံပိုင်ခွင့်ဟု ဆိုရာတွင် နိုင်ငံ တိုင်းသည် မိမိတို့၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကဏ္ဍများကို ကောင်းစွာ ကာကွယ်နိုင်သည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ရပါမည်။ ထိုသို့ မိမိတို့မူဝါဒကို ခိုင်မာအောင် ချမှတ် အကောင်အထည်ဖော်ချိန်တွင် အခြား နိုင်ငံများထဲသို့ မိမိတို့မလိုသော ရိက္ခာများကို ပေးပို့စုပုံကာ ဖြစ်လာသော ဆိုးကျိုးအတွက် တာဝန်မခံသည့် အပြုအမူမျိုးကိုလည်း လက်လွတ်စပယ်ပြုခြင်းမျိုး မရှိရပါ။

နိုင်ငံရပ်ခြားမှ လုပ်ငန်းများက အမြတ်အစွန်းအတွက်ကြောင့်လည်းကောင်း၊ နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် လည်းကောင်း ဈေးပေါပေါဖြင့် သွန်ချသလို ရောင်းလာသော ကုန်စည်များကြောင့် မိမိတို့ တောင်သူများ အကျိုးယုတ်ရမည့်အရေးကို အမြဲတမ်းထည့် သွင်းစဉ်းစားပြီး စီမံနိုင်ကြရမည်ဖြစ်သည်။ ဌာနေပြည်သူတို့၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ထုတ်လုပ်မှုမျိုး၊ စားသောက်မှုပုံစံမျိုးရ စေပြီး စားနပ်ရိက္ခာ အရည်အသွေးပြည့်ဝမှုကို ပိုမို အလေးထားရမည်။ မြေယာမဲ့ ပြည်သူများ၊ တောင်သူလယ်လုပ်များ၊ ပြည်တွင်းမွေးမြူရေးလုပ်ငန်းငယ်က လေးများကို အလုပ်အကိုင် အဆင်ပြေအောင် မြေယာ၊ရေ၊ မျိုးစေ့ အစရှိသည့် တို့အပြင် လိုအပ်သော ကုန်ထုတ်လုပ်မှု သွင်းအားစုများနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို ပေးနိုင်ကြမှသာ နိုင်ငံတစ်နိုင်ငံသည် ရေရှည်မိမိတို့ စားနပ်ရိက္ခာကို မိမိတို့ စီမံပိုင်ခွင့်ရရှိ နေပါမည်။ ထိုမျှမကသေးဘဲ ကုန်သွယ် ရေးမူဝါဒများကိုသာ ကွက်၍ စဉ်းစားခြင်း မဟုတ်ဘဲ စားနပ်ရိက္ခာကို အချုပ် အခြာသဖွယ်စီမံပိုင်ခွင့်မူဝါဒများ၊ ရေရှည်တည်တံ့ စိမ်းလန်းရေး မူဝါဒများ ကိုလည်း ဦးစားပေးကဏ္ဍတွင် ထည့်သွင်း စဉ်းစားရမည်ဟုဆိုထားသည်။ လိုရင်း ကို ဆိုရလျှင် Food sovereignty ၏ အခြေခံသဘောတရား ၇ ချက်တွင်

၁။ ကျန်းမာသော၊ ယဉ်ကျေးမှုနှင့် လျော်ညီသော စားနပ်ရိက္ခာကိုရနိုင်စေရန် လူအတွက် စားနပ်ရိက္ခာကို အဓိကထားခြင်း (ကောင်းသောအစားအစာ မှန်သမျှကို နိုင်ငံခြားပို့ပြီး ချမ်းသာသူ များကို လုပ်ပိုင်ခွင့်ပေးလျှက် ဌာနေ ဆင်းရဲသားများက အစားအသောက်ချို့ တဲ့နေခြင်း၊ နောက်ဆက်တွဲ ကျန်းမာရေးချို့တဲ့ခြင်းများ ဖြစ်လာလျှင် နိုင်ငံအတွက် ရေရှည်တွင် မထူးသောကြောင့် ဖြစ်သည်။)

၂။ စားနပ်ရိက္ခာထုတ်လုပ်သော တောင်သူကလေးများကို အလေးထားခြင်း၊ ကော်ပိုရိတ်နှင့် အစိုးရက အသေးစားတောင်သူများအပေါ် အနိုင်မကျင့်ရာရောက်သည့် လုပ်ရပ်မျိုးကိုရှောင်ကြဉ်ခြင်း။

၃။ ပြည်တွင်းဖြစ်ကို အားပေးခြင်း၊ အတားအဆီးမရှိ လွတ်လပ်သော ကုန်သွယ်ရေးမှာ ဖွံ့ဖြိုးပြီးနိုင်ငံများကိုသာ အကျိုးအမြတ်များစေပြီး အဆင်သင့် မဖြစ်သော နိုင်ငံအတွက် အန္တရာယ်များ ရှိသောကြောင့် မိမိတို့ဌာနေလုပ်ငန်းများကို ကြိုတင်မြော်မြင်ကာကွယ်ခြင်း။

၄။ စားနပ်ရိက္ခာနှင့် ပတ်သက်သော လွတ်လပ်ခွင့် အချုပ်အခြာပိုင်ခွင့်မှာ ဘုံနယ်မြေများ တည်ရှိခြင်းနှင့် များစွာ သက်ဆိုင်နေသောကြောင့် အများဆိုင် ဘုံဆိုင်မြေများ မပျောက်ကွယ်အောင် ထိန်းသိမ်းခြင်း။ (စားကျက်တို့ မပျက်ခြင်း၊ ရေနှင့်မျိုးစေ့များကို ထိန်းနိုင်ခြင်း၊ ကျွဲနွားများနှင့် ငါးအပါအဝင် သဘာဝ သယံဇာတများ ရေရှည်တည်တံ့ခြင်း။ ထိုအများပိုင်စနစ်၏ အထောက်အပံ့ကို မရတော့လျှင် ရိက္ခာဆိုင်ရာလွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်ပါသည်။)

၅။ ဌာနေရပ်ရွာက ဝမ်း“လှ”ခြင်းက ပထမ၊ နိုင်ငံခြားကုန်သွယ်မှုက ဒုတိယ စဉ်းစားခြင်း။

၆။ နည်းပညာက လူ၏လုပ်အားကို အစားထိုးဝင်ရောက်လာခြင်းကြောင့် ပြည်သူတို့၏ ရိက္ခာ ထုတ်လုပ်ပိုင်ခွင့်နှင့် လယ်သမားများအပါအဝင်စားသောက် ကုန် ထုတ်လုပ်သူ အသိုက်အမြုံကို မပျက်စီးစေခြင်း။

၇။ သဘာဝကို ထပ်မံပျက်စီးစေသော နည်းလမ်းများ မသုံးရခြင်း။ (စွမ်းအင် အလွန်အကျွံ သုံးသောစနစ်၊ ကာဗွန်ပိုထုတ်သောစနစ်၊ လူအများ မှီခိုနေရသော သဘာဝကို ပျက်စီးစေ သောစနစ်ကို ရပ်တန့်ချိန်တန်ပြီဖြစ်သည်။)

စားနပ်ရိက္ခာအချုပ်အခြာက အရေးကြီးကြောင်း မြင်သာစေသည့် နမူနာဖြစ်ရပ်
ဘင်္ဂလားအငတ်ဘေး

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၃ ခုနှစ်တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလား အငတ်ဘေးသည် လူပေါင်း ၃ သန်းနီးပါး၏ အသက်ကို ခြွေယူခဲ့သည်။ ဘင်္ဂလားအငတ်ဘေးကို ပြန်ပြောင်း လေ့လာခဲ့ကြသော သိပ္ပံရှင်များက ထိုအငတ်ဘေးမှာ အစိုးရမူဝါဒများ ချို့ယွင်းချက်ကြောင့် ဖြစ်ရသော စိုက်ပျိုးရေးကဏ္ဍ အကျပ်အတည်းတစ်ခုဟု သက်သေထူခဲ့ကြသည်။ ထိုအစိုးရ မူဝါဒများအတွက် တာဝန်အရှိဆုံးသူမှာ ဒုတိယကမ္ဘာစစ်ကို တိုက်လက်စဖြစ်နေ သည့် အိန္ဒိယကို အုပ်ချုပ်နေသော ဗြိတိန် အစိုးရနှင့် ထိုအစိုးရ၏ ဝန်ကြီးချုပ် ချာချီဟူ၍ မှတ်တမ်းများက ပြန်ပြောင်း ပြောပြကြပါသည် (Mukerjee 2014)။

အိန္ဒိယတွင်ဖြစ်သော အငတ်ဘေး၊ လယ်ယာထွက်ကုန် မလုံလောက်မှုအတွက် အဘယ့်ကြောင့် အင်္ဂလိပ်အစိုးရကို လက်ညှိုးထိုးစရာဖြစ်ရသနည်း။ ယခင် ကမူ ထိုအငတ်ဘေး၏ အကြောင်းရင်းမှာ ရာသီဥတု မမှန်သောကြောင့် မိုးခေါင်သောကြောင့်ဟူ၍ လက်ညှိုးထိုးခဲ့ကြခြင်း များရှိသည်။ သို့ရာတွင် သိပ္ပံပညာရှင်များသည် ၁၈၇၃မှာ ၁၉၄၃ အတွင်း ခြောက်ကြိမ်မျှ ဖြစ်ပွားခဲ့သော အိန္ဒိယ အငတ်ဘေးတိုင်း မြေကြီး၏ စိုထိုင်းဆ၊ မိုးရေချိန်နှင့် အပူချိန်တို့ကို တိုင်းတာ ခဲ့ရာ နောက်ဆုံးဖြစ်ခဲ့သော ၁၉၄၃ ဘင်္ဂလားအငတ်ဘေးမှာ ရာသီဥတုကြောင့်ဖြစ်သော အငတ်ဘေးမဟုတ်ဟူသော အဖြေထွက်လာခဲ့သည်။ ကိုလိုနီ အုပ်ချုပ်ရေးအောက်သို့ ရောက်ရှိခဲ့ရသော အိန္ဒိယနှင့် မြန်မာကဲ့သို့သောနိုင်ငံများမှ လယ်သမားများ၊ အောက်ခြေကုန်သည်များမှာ ဗြိတိသျှတို့၏ ဈေးကွက် စီးပွားရေး ပထမနှင့် ပြည်ပပို့ကုန်တိုးမြှင့် ရေးမူများ၏ အကျိုးဆက်ကို ခံစားကြ ရသည်။ ထိုအငတ်ဘေးမဖြစ်မီနှစ်များတွင် အိန္ဒိယသည် ဗြိတိသျှတို့ အုပ်ချုပ်မှုအောက်တွင် ကိုယ်မင်းကိုယ့်ချင်း မဟုတ်သောကြောင့် မိမိတိုင်းပြည်၏ ကံကြမ္မာအလုံးစုံကို မဆုံးဖြတ်နိုင်ပါ။ ဗြိတိသျှအစိုးရက ချမှတ်ခဲ့သော ဗြိတိန်၏ အကျိုးစီးပွားကို စောင်းပေးသည့် စိုက်ပျိုးရေးမူဝါဒများကို အကောင်အထည် ဖော်ပေးခဲ့ကြရာ တကယ်အငတ် ဘေးကြုံလာသောအခါ အိန္ဒိယအစိုးရမှာ ပြည်သူကိုမကယ်နိုင်ချေ။

အိုင်ယာလန်တွင်အာလူးကို ခေတ်စားအောင် ဖန်တီးခဲ့သကဲ့သို့ပင် အိန္ဒိယ အား မူလက ဆန်ကို အဓိကထားစားသော နိုင်ငံအဖြစ်မှ ဂျုံကို ဥရောပဈေးကွက်သို့ တင်ပို့နိင်ရေး အဓိကအားပြုသော နိုင်ငံဖြစ်လာအောင် ပထမပိုင်းတွင် တဖြည်းဖြည်း မောင်းသွင်းခဲ့ကြသည်မှာလည်း ဗြိတိသျှတို့၏ နိုင်ငံရေးမူဝါဒများ နှင့် ဈေးကွက်မူဝါဒများပင်ဖြစ်သည်။ ထို့ပြင် ထိုအငတ်ဘေးမတိုင်မီ ရာစုနှစ် တစ်ခုလုံးတွင် ဗြိတိသျှအစိုးရ၏ အထောက်အပံ့ကိုရသော ကုန်သည်တို့သည် အိန္ဒိယ မှ ဆန်စိုက်ခဲ့သော မြေများကို စက်မှု ကုန်ကြမ်းများစိုက်စေခဲ့ပြီး ဥရောပစက် ရုံတို့၏ လိုအပ်ချက်ကို ဖြည့်စွက်စေခဲ့သည်။ အိန္ဒိယက လိုအပ်သောဆန်ကိုကား မြန်မာပြည်မှ တင်သွင်းခဲ့သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံက ဂျပန်လက်အောက် ကျရောက်ပြီး မူလအခြေအနေများ ပျက်စီးချိန်တွင် အိန္ဒိယသည် အငတ်ဘေးနှင့် ရင်ဆိုင်ရတော့သည်။ ဈေးကွက်၏ သဘောကို ဝင်မစွက်ဟူသော သဘောတရားကြောင့်ပင်လျှင် အိန္ဒိယက ရိက္ခာ လိုအပ်နေချိန်တွင် အိန္ဒိယမှ အခြား ဗြိတိသျှပိုင်နယ်များသို့ ထွက်ခွာနေသော ဆန်သင်္ဘောများကို တားဆီးခွင့်မရှိပေ။ ထို့ပြင် ဗြိတိသျှနန်းရင်းဝန်ချာချီသည် အရှေ့အလယ်ပိုင်းတွင် ဗြိတိသျှတို့ စစ်ပြီးချိန်ကို မျှော်၍ အသင့်ရောင်းချနိုင်ရန် စုဆောင်းထားသည့် ရိက္ခာဂိုထောင် များရှိသော်လည်း အိန္ဒိယအတွက် မျှပြီး ပြန်ပို့မပေးခဲ့ချေ။ အိန္ဒိယရှိ အရာရှိများသည် ချာချီထံ အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသော်လည်း ရိက္ခာပို့မည့် သင်္ဘော မရှိဟူသော အဖြေကိုသာရခဲ့သည်။ ထို့ကြောင့်ပင် ထိုဘင်္ဂလား အငတ်ဘေးကြီးကို ချာချီ၏ ဟိုလိုကော့စ် (အစုလိုက်အပြုံလိုက် အငတ်ဘေးကျစေခြင်း)ဟု ခေါ်ဝေါ်ခဲ့ကြသည်။

နောင်တွင် ဘင်္ဂလား အငတ်ဘေးကဲ့သို့ လူဖန်တီးသော ဟိုလိုကော့စ်ဟု လက်ညှိုးထိုးစရာ မရှိတော့သော်လည်း အိန္ဒိယနိင်ငံသည် ၂၀ ရာစုအတွင်း ဒုတိယအကြိမ် အငတ်ဘေးကို ရှောင်လွှဲ နိုင်ရန် အစိမ်းရောင် တော်လှန်ရေး အမည်ရခဲ့သည့် ရိက္ခာထုတ်လုပ်ရေး မူဝါဒသစ်များကို အသုံးပြုခဲ့ရသည်။ စစ်အေးအတွင်း ရန်သူ ဆိုဗီယက်ဘက်သို့ နိုင်ငံများစွာပါ မသွားစေရေး-သြဇာ ခံနယ်မြေ ထိန်းသိမ်းရေး မဟာဗျူဟာအရ အမေရိကန် ပြည်ထောင်စုက လိုလိုလားလားပေးခဲ့သော နည်းပညာ အကူအညီများဖြင့် (အမှန်စင်စစ် ဓါတ်မြေသြဇာနှင့် ရေကို အဆများစွာတိုး သုံးရ သောနည်းပညာဖြင့်) အထွက်တိုးအောင် ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်း ဆယ်စုနှစ် နှစ်ခုမျှ အိန္ဒိယလယ်များ စပ်မျိုးဖြင့် အထွက်တိုးခဲ့သော်လည်း နောက်ပိုင်းတွင် စိုက်စရိတ်ပိုကြီးလာသဖြင့် လယ်သမားများ အကြွေးနှင့် ကြုံရခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ကင်ဆာ ဖြစ်နှုန်းတိုးလာခြင်း၊ ဒေသမျိုးများစွာ ပျောက်သွားခြင်းတို့ကို ကြုံခဲ့ရသည် (Perkins 1997)။ အစိုးရစိုက်ခိုင်းသော မျိုးစေ့ကို စိုက်ရသောစနစ် အလျင်အမြန် ဖွံ့ဖြိုးလာပြီးနောက် ဌာနေမျိုးစေ့ဆုံးရှုံးမှုမှာ ကြီးမားလှရာ ထိုကာလများ မတိုင်မီတွင် အိန္ဒိယ၌ စပါးတစ်မျိုးတည်းပင်လျှင် အမျိုးပေါင်း ၁,၁၀ဝ,ဝ၀ဝ ရှိခဲ့ဖူးသော်လည်း ယနေ့အခါတွင် စပါး မျိုးခြောက်ထောင်ခန့်သာ ကျန်ရှိတော့ သည်။

ထိုအဖြစ်အပျက် နှစ်ခုစလုံးကို ပြန်ကြည့်လျှင် သက်ဆိုင်ရာဌာနေလယ် သမားတို့ထံတွင် မိမိတို့၏ မျိုးစေ့နှင့် ပတ်သက်ပြီး ထိန်းသိမ်းထားနိုင်ခွင့်၊ မိမိတို့ရိက္ခာကို မိမိတို့ စိတ်ကြိုက်ရွေး ချယ်ခွင့်မရှိအောင် အမြတ်ကို ဦးစားပေးသော စနစ်က ချုပ်နှောင်ထားသော အခြေအနေကို တွေ့မြင်ကြရမည်ဖြစ်သည်။

ဒေါက်တာနွဲ့ကေခိုင်