အချိန်တော့ပေးရတယ်လို့။ နည်းနည်းတော့ စိတ်ရှည်ဖို့တော့ လိုတာပေါ့

0
620

ကာလရှည်ကြာ ရပ်နားထားခဲ့သော ထားဝယ် စီမံကိန်းတွင် ဂျပန်ပါဝင်လာမည်ဖြစ်ကြောင်း မြန်မာအစိုးရက ထုတ်ပြန်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော် ကြာသည့်တိုင် မြေပြင်တွင် ရုပ်လုံးပေါ်မလာသေးသော ထားဝယ်စီမံကိန်းမှာ ပါဝင်ပတ်သက်နေသည့် နိုင်ငံတို့၏ ပြည်တွင်းနိုင်ငံရေး၊ နိုင်ငံအချင်းချင်းအကြား ပထဝီနိုင်ငံရေးတို့အကြား မြေစာပင်ဖြစ်ကာ ရပ်တန့်နေသည်။ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရတို့ပူးပေါင်း လုပ်ကိုင်သော စီမံကိန်းဖြစ်သဖြင့် ဂျပန်အစိုးရက ပါဝင်မည်ဆိုပါက မည်သို့ ရှေ့ဆက်ဖြစ်နိုင်သည်၊ ဂျပန်က မည်သို့ ပါဝင်လာနိုင်သည်ဆိုသည်ကို ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင်ထူးနိုင်ထံ အကြီးတန်း သတင်းထောက် ကိုဇော်က ဆက်သွယ် မေးမြန်းထားပါသည်။

TNTY- အခုရက်ပိုင်းအတွင်းမှာ သတင်းဌာန တွေကလည်း တက်နေတာတွေ့တာပေါ့ခင်ဗျာ။ ဂျပန်ဝင်ပြီး G to G လုပ်မယ် ဆိုပြီးတော့ ဂျပန် အစိုးရရဲ့ ကမ်းလှမ်းချက်ကို မြန်မာအစိုးရက လက်ခံလိုက်တယ်ပေါ့ခင်ဗျား။ ဆိုတော့ အဲဒီမှာ ဂျပန်က ဘယ်လိုပုံစံနဲ့ ဝင်မှာလဲပေါ့ခင်ဗျား။ သူ့ရဲ့ အခန်းကဏ္ဍက ဘာဖြစ်လာမလဲပေါ့ခင်ဗျား။

DrTHN- အရင်တုန်းက ထိုင်းနဲ့စခဲ့တဲ့ဇာတ် လမ်းပေါ့နော်။ ၂၀၁၅ လောက်မှာ ထိုင်းကုမ္ပဏီ (အီတာလျံ-ထိုင်း ကုမ္ပဏီ) ကို ရှေ့ပိုင်းမှာ တာဝန်ပေးခဲ့ပြီးလုပ်ခဲ့တဲ့ အခါမှာ အဆင်မပြေဘူးလေ။ နောက်ပိုင်းကျတော့ ဒီကုမ္ပဏီကို ဒီအတိုင်းပြောနေလို့မရဘူး။ အစိုးရချင်းပူးပေါင်း ပြီးမှ လုပ်သင့်တာတွေ လုပ်ကြမှဖြစ်မယ်ဆိုပြီးတော့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရက ပေါင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး ကော်မတီတွေဖွဲ့လိုက် တယ်။ ဖွဲ့ပြီးတော့ ကိုယ့်ဘက်က လိုတဲ့ဟာရှိလို့ ရှိရင်လည်း ကျွန်တော်တို့ဘက်ကဖြည့်ဆည်း၊ သူတို့ကလည်း သူတို့ဘက်က Investor တွေလာအောင်၊ သူတို့ဘက်ကလည်း ITD (အီတာလျံထိုင်း ကုမ္ပဏီ) တို့ဟာလိုမျိုးတွေကို တွန်းအားပေးဖို့ပေါ့ နော်။ ညှိနှိုင်းဆောင်ရွက်ကြမယ်ဆိုပြီးတော့ အဖွဲ့အစည်းတွေနဲ့ လုပ်လိုက်တာရှိတယ်။

အဲလိုလုပ်နေရင်းနဲ့ပဲ အခု ITD က အခြေ အနေမကောင်းဘူးလေဗျာ ပြောရရင်။ အဲတော့ အခက်အခဲတွေဖြစ်နေတော့ ITD ကို ကျွန်တော်တို့ အများကြီးမျှော်လင့်လို့မရတော့ဘူး။ မျှော်လင့်လို့ မရတော့ဘူးဆိုတော့ ထိုင်းအစိုးရအနေနဲ့ကလည်း သူ့ဘက်မှာကလည်း အခက်အခဲတွေက အများ ကြီးပဲ။ အဲတော့ တစ်နိုင်ငံတည်းနဲ့ ပေါင်းလုပ်တာ ထက်စာရင် နှစ်နိုင်ငံ သုံးနိုင်ငံနဲ့ ပေါင်းလုပ်နိုင်ရင် ပိုပြီးတော့ကောင်းတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံကိုလည်း စိတ်ဝင်စားတယ်။ ရှေ့မှာလည်းပဲ သီလဝါတို့ပေါ့နော်။ အခြားသောစီမံကိန်း တွေကိုလည်းပဲ လုပ်ခဲ့တဲ့ ဂျပန်လည်းရှိနေတော့ ဂျပန်ပါဝင်နိုင်ရင် ပိုကောင်းမယ်ဆိုပြီးတော့ အရင်ကတည်းကလည်းပဲ သူတို့နဲ့ဆွေးနွေးခဲ့တာတွေရှိတယ်။

ဝင်ပြီးတော့ ပါဝင်ချင်ပါတယ်ဆိုပြီးတော့ ပြောခဲ့ပေမဲ့ တကယ့်တကယ်တော့ သူက အဖွဲ့အစည်းအဆင့်လို့ခေါ်တာပေါ့နော်။ Organization Level လို့ခေါ်ရမှာပေါ့။ JICA တို့ ဘာတို့ပေါ့။ သူ့အဖွဲ့အစည်းတွေအဆင့်ကနေပြီးတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်။ အစိုးရအနေနဲ့ တိုက် ရိုက်ပူးပေါင်းဆောင်ရွက်မှုမျိုးမရှိခဲ့ဘူး။ မရှိခဲ့ဘဲနဲ့ နောက်ပိုင်းမှာ JICA ကနေပြီး ဇုန်နဲ့ပတ်သက်လို့ လေ့လာမှုတွေလုပ်ပေးတယ်။ ဆန်းစစ်မှုတွေလုပ် ပေးတယ်။ အကြံဉာဏ်လေးတွေကိုဆွေးနွေးပေးတယ် ပေါ့နော်။ ဒီပုံစံမျိုးနဲ့ Technical Assistance လို့ ခေါ်တာပေါ့နော်။ဒါမျိုးလေးတွေနဲ့ ကျွန်တော်တို့ လုပ်လာခဲ့တယ်။ လုပ်လာခဲ့တဲ့အချိန်မှာ လုပ်လာတဲ့ရလဒ်တွေအပေါ်မှာလည်းပဲ သူတို့တွေ အနေနဲ့ကလည်း မြင်လာတယ်ပေါ့လေ။

ထားဝယ်နဲ့ပတ်သက်လို့ ရှေ့အလားအလာ တွေကောင်းတာတို့၊ ထားဝယ်ရဲ့ အရေးပါပုံတို့၊ နောက် အစိုးရရဲ့ သွားနေတဲ့လမ်းကြောင်းတွေ အပေါ်မှာလည်း သူတို့အနေနဲ့ ရှုမြင်သုံးသပ်ချက် တွေအပေါ်မှာမူတည်ပြီးတော့ သူတို့က ဒီထက်ပို ပြီး အဆင့်မြင့်ပြီးတော့ ပူးပေါင်းပါဝင်မှုကို အဆင့် မြှင့်ဖို့ဆိုတဲ့ပုံစံမျိုးကို သူတို့ဘက်ကလည်း စဉ်းစားလာတယ်။ ဒါကြောင့်မို့လို့ အခုအဆင့်မှာတော့ ထိုင်းနဲ့ မြန်မာဖွဲ့စည်းထားတဲ့ နိုင်ငံ G to Gအဆင့် ကော်မတီတွေမှာ ပါဝင်ဖို့ သူတို့ဘက်က ကမ်းလှမ်းလာတယ်။

ဆိုတော့ ကျွန်တော်တို့ဘက်ကတော့ ဒါဟာ အရင်ကတည်းကလည်းပဲ ပါဝင်စေချင်တာဖြစ်တဲ့အတွက် သူတို့ရဲ့ ကမ်းလှမ်းမှုကိုတော့ ကျွန်တော် တို့အနေနဲ့က ကြိုဆိုတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အခုအသေးစိတ်ပေါ့လေ၊ ဒီလိုမျိုးပါဝင်လာခြင်း အားဖြင့် ဘယ်လိုတွေရှေ့ဆက်ပြီးဆောင်ရွက်ကြမယ်။ ဘယ်သူက ဘယ်အပိုင်းကိုတာဝန်ယူမယ် ဘယ်လိုပုံစံနဲ့ ဆောင်ရွက်ကြမယ်ဆိုတာမျိုးတွေကတော့ ကျွန်တော်တို့အနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်သွားကြမယ်။

ဒါက ချက်ချင်းလက်ငင်းလည်းဖြစ်နိုင်တဲ့ကိစ္စ တော့မဟုတ်ဘူး။ ဘာကြောင့်လဲဆို ဒါကြီးက အကြီးကြီး၊ အကြာကြီးလုပ်ရမယ့်ကိစ္စ။ စလုပ်တဲ့ အချိန်မှာ သေသေချာချာလုပ်နိုင်ရင် ရေရှည် အတွက်ကောင်းမယ်။ စလုပ်တဲ့အချိန်မှာ လောလော ဖြစ်သွားလို့ နောက်ပိုင်းကျမှပြင်ရရင် ပိုကြာတယ် ဆိုတဲ့ ပုံစံပေါ့နော်။ ဂျပန်ရဲ့စတိုင် အချိန်ကာလ အတောအတွင်းတစ်ခုမှာ အစိုးရချင်း သေချာ တိုက်ရိုက်ဆွေးနွေးလို့ရတဲ့ ပုံစံတစ်မျိုးကို ပေါ့နော်၊ ကျွန်တော်တို့ဖော်ဆောင်နိုင်ခဲ့တယ်လို့ပဲ ပြောလို့ရမယ်။ သို့သော် ဆက်ပြီးဆွေးနွေးရမယ့်အချက် တွေတော့ အများကြီးရှိပါသေးတယ်။

TNTY- ကော်မတီမှာပါပြီးပြီပေါ့နော်။ သူတို့အနေနဲ့ တကယ်ပဲ ထဲထဲဝင်ဝင်လုပ်မယ် ဆိုရင်တော့ ထိုင်းနဲ့ မြန်မာနဲ့ G to G ချုပ်ထားသလိုပဲ သူလည်းပြန်ချုပ်ရမှာမဟုတ်လားခင်ဗျား။

DrTHN- တချို့တော့ သဘောတူညီချက်တွေက ပြန်ပြီးတော့ညှိနှိုင်းယူရမှာပေါ့လေ။ ညှိနှိုင်းယူ ရမယ်ဆိုတဲ့ပုံစံက အခုချိန်ထိ ကျွန်တော်တို့ရဲ့ ပုံစံက ဘယ်သူက အကောင်အထည်ဖော်မှာတုန်းဆိုတဲ့ ကိစ္စရပ်တွေပါ အများကြီးဆွေးနွေးရမှာပေါ့။ ခုထက်ထိအောင် ကျွန်တော်တို့ရဲ့ ပင်မစီမံကိန်း ကြီးက ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာရှိမှ မရှိတာ။

Initial Phase မှာပဲ ITD က လုပ်မယ်ဆို တာရှိပေမဲ့ ပင်မစီမံကိန်းကြီးကျလို့ရှိရင် သုံးနိုင်ငံ အစိုးရတွေကနေ ပူးပေါင်းပြီးသွားရင် ဘယ်လိုပုံစံနဲ့ ဘယ်သူတွေနဲ့ ဘယ်အခြေအနေမှာ အကောင်အထည်ဖော်ရင်ကောင်းမလဲဆိုတာတွေကို သေချာ အစိုးရချင်းဆွေးနွေးပြီးမှ ကျေကျေလည်လည် ဆွေးနွေးပြီးမှ လုပ်ငန်းလုပ်မှာဆိုတော့ အရင်ထက်စာရင် ပိုပြီးအားကောင်းသွားတာပေါ့နော်။

TNTY- အခုလိုမျိုးစီးပွားရေးအခြေအနေမှာ သူ(ဂျပန်) က သီလဝါလည်းလုပ်နေတယ်ဆိုတော့လေ ထားဝယ်အထူးစီးပွားရေးဇုန်မှာ တကယ်ရော သူဝင်လာပြီး လုပ်ဖြစ်ဖို့ အနေအထားကရော ဘယ်လိုအနေအထားရှိမလဲခင်ဗျား။ လုပ်ဖြစ်မှာ လားပေါ့နော်။

DrTHN- ထားဝယ်နဲ့ သီလဝါနဲ့တော့ နှိုင်းယှဉ်လို့ခက်တဲ့ အနေအထားမျိုးပေါ့ဗျာ။ ပန်းသီးနဲ့ သစ်တော်သီးနဲ့ ဘယ်ဟာပိုကောင်းတုန်းလို့ ပြောရမလိုပေါ့။ သီလဝါမှာလည်း သူ့ရဲ့ အားသာချက်တွေရှိသလို ထားဝယ်ကျရင်လည်းပဲ သီလဝါမှာမရှိတဲ့ အားသာချက်မျိုးတွေ ရှိတယ်။ မတူဘူးပေါ့။ အဲတော့ စိတ်ဝင်စားမှုကလည်း မတူဘူး။ ဒါသူတို့အနေနဲ့ သီလဝါမှာလုပ်နေလို့ ထားဝယ်ကို နောက်မှလုပ်မယ်ဆိုတာမျိုးလည်း လုပ်လို့ရချင်မှရမယ်ပေါ့။ ဒါက သူတို့ရဲ့ဆွေးနွေးမှု စဉ်းစားမှုအပိုင်းပေါ့။

သို့သော် ထားဝယ်ဇုန်ရဲ့ ဖွံ့ဖြိုးမှုအတွက်ကတော့ ဒေသခံတွေအတွက်လည်း အရမ်းလိုနေပြီ။ တိုင်းဒေသကြီးအတွက်လည်း အရမ်းလိုနေပြီ။ ကျွန်တော်တို့ အစိုးရအတွက်ကော အကုန်လုံးအတွက်က ဒါက မြန်မြန်ဖွံ့ဖြိုးဖို့က အရမ်းလိုနေပြီ။ ဒါကြောင့်မို့ ဘယ်သူပဲဖြစ်ဖြစ် ပူးပေါင်းမယ်ဆိုရင် အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ဆိုတာမျိုးကိုပဲ အမီလိုက်ပြီး တွန်းအားပေးသွားမှာပဲ။

TNTY- ဆိုတော့လေ သူ့ရဲ့ ကမ်းလှမ်းချက် ကို မြန်မာအစိုးရက လက်ခံလိုက်ပြီပေါ့နော်။ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုရော ဘယ်အချိန် လောက်မှာ စဖို့ မျှော်မှန်းထားလဲခင်ဗျား။

DrTHN- ကျွန်တော်တို့က ကော်မတီထဲမှာ လက်ခံတယ်ဆိုတာကလည်း သူ့ရဲ့ကမ်းလှမ်းမှုကို လက်ခံတာပေါ့နော်။ လက်ခံတယ် ဆိုတဲ့နေရာမှာ ဒီထဲမှာ ပါဝင်ဖို့တို့ ဘယ်အချိန်မှာ ဘာတွေဆက် လုပ်မလဲဆိုတာမျိုးတွေကျတော့ အစိုးရချင်းညှိ ရတော့မှာ။ အဲတော့မှကျွန်တော်တို့က လုပ်ငန်း ကော်မတီအစည်းအဝေးတွေမှာညှိ။ ညှိတယ်ဆို တာ ဒီလိုမျိုးဗျ။ အစိုးရဖြစ်သွားပြီ။ ပြောရလို့ရှိရင် အစိုးရဖြစ်သွားတဲ့အတွက် ပိုပြီးတော့ ခိုင်မာလာတယ်။ ပိုပြီးတော့ အားကောင်းလာတာမှန်ပေမဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းစဉ်တွေမှာကျတော့လည်းပဲ ပိုပြီးတော့စနစ်ကျပြီးတော့ အဆင့်တွေတော့ ပိုများလာတယ်။ ဒါလေးတွေတော့ သဘောပေါက်ပေးဖို့တော့ လိုတယ်ပေါ့။ ကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးပြီးတော့ စာချုပ်ချုပ်သလိုမျိုး ချက်ချင်းစာချုပ်ချုပ်၊ ချက်ချင်းပါ ချက်ချင်းလုပ်ဆိုတာမျိုးတော့ မြေပြင်မှာမြင်ရမှာမဟုတ်ဘူး။ တစ်ဆင့်ချင်းတစ်ဆင့်ချင်း တက်လာတဲ့သဘောပေါ့နော့။

အများကြီးတော့လည်းလေ၊ တနင်္သာရီတိုင်းကလူတွေမျှော်လင့်သလိုမျိုး ဂျပန်ဝင်လာပြီ။ နောက်နှစ်မှာ တွေ့ရတော့မှာလား၊ မြေပြင်ပေါ်မှာ ဆိုတာ။ တွေ့တော့တွေ့ရမှာပေါ့ တိုးတက်မှုဆိုတာလေ။ တိုးတက်မှုဆိုတာတော့ အမြဲတမ်းရှိနေမှာပဲ။ သို့သော် ချက်ချင်းကြီး ဝုန်းဆိုပြီးတော့ အဆောက် အအုံကြီးပေါ်လာတာမျိုးတို့၊ ဘာတို့တော့ မမြင်ရဘူးလေ။ ဘာဖြစ်လို့လဲဆို လမ်းဖောက်ဖို့လုပ်နေတာ ဘယ်လောက်ကြာပြီလဲ။ ချေးငွေလည်းယူဖို့ သဘောတူပြီးသား။ ချေးငွေထုတ်ချေးမယ့်လူလည်း ရှိပြီးသား။ ဒါကို ကျွန်တော်တို့ အဆင့်ဆင့် ဖြတ်သန်းရတယ်။ အခုဆိုရင် ကျွန်တော်တို့ Agreement တွေရပြီ။ မကြာခင်မှာ ကျွန်တော်တို့ စနိုင်တော့မယ်ဆိုတာမျိုးလေးတွေပေါ့နော်။ အချိန်တော့ပေးရတယ်ဗျ။

(လျှပ်စစ်) မီး ဆိုလည်း ဒီအတိုင်းပဲလေ။ မီးဆို ကျွန်တော်တို့လုပ်နေတယ်။ အခုချိန်ဆို အဆင့်ဆင့်ဖြတ်သန်းလာခဲ့ပြီ။ မီးရဖို့အတွက်လည်း တော်တော်လေးကို အနေအထားတစ်ခုကို ရောက်လာပြီ။ ၂၀၂၃ ပတ်ဝန်းကျင်လောက်ဆိုရင် မီးတို့၊ လမ်းတို့ ဒါလေးတွေ အဆင်သင့်ဖြစ်လာမယ်။ ဒါမျိုးပေါ့။ အချိန်တော့ပေးရတယ်လို့။ နည်းနည်းတော့ စိတ်ရှည်ဖို့တော့ လိုတာပေါ့။

TNTY- လမ်းကိစ္စက လက်ရှိအနေအထားပေါ့နော်။ ဘယ်အခြေအနေလေး ရောက်နေပြီလဲ ခင်ဗျား။

DrTHN- အဲဒါလည်း ကျွန်တော်တို့တရားဝင် သတင်းထုတ်ပြန်မယ်။ မကြာခင်ပေါ့နော် ထုတ်မယ်။ ဒီလမ်းကို အဆင့်မြှင့်တင်မယ် ဆိုတဲ့အခါ မျိုးမှာ အရင်လိုမျိုးကြီး လုပ်လို့မရဘူးဗျ။ နည်းပညာပိုင်းအရလည်း လေ့လာဆန်းစစ်မှုတွေ ပြန် လုပ်ရတယ်။ သူ့ရဲ့ဟာက Local အဆင့်မဟုတ်ဘဲ နဲ့ တကယ့်နိုင်ငံတကာအဆင့်မီတဲ့လမ်းကြောင်း ဖြစ်ဖို့ဆိုတဲ့အတွက် အများကြီးနည်းပညာပိုင်းအရ ဆန်းစစ်ရတာရှိသလို အခုချိန်က ပိုပြီးတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတို့ လူမှုစီးပွား အကျိုးဆက်တို့ဆိုတာ အများကြီး ကြည့်ရတယ်။ အရင်လိုမျိုး လုပ်လိုက်၊ နောက် အကျိုးရှိတဲ့လူက အကျိုးရှိ၊ ခံရတဲ့လူခံ ဆိုတာမျိုးမဖြစ်ရအောင်ပေါ့နော်။ ထိခိုက်မှုနဲ့ သူ့ရဲ့အကျိုးခံစားခွင့်တွေက မျှတနေရမယ်ဆိုတာမျိုးကို အမြဲတမ်း ဂရုစိုက်ရတာဖြစ်တယ်။ ပိုပြီးအသေးစိတ်တယ်။ လေ့လာမှုက ပိုပြီးတော့ များပြားတယ် ကျယ်ပြန့်တယ်။ ဒါကြောင့်မို့လို့ အချိန်တွေယူခဲ့ရတယ်။ အခုတော့ ဒါတွေအကုန်လုံးက ဒီအဆင့်တွေကို ကျော်ဖြတ် ခဲ့ပြီလို့ ပြောလို့ရတာပေါ့နော်။ အဲတော့ မကြာခင် မှာ ကျွန်တော်တို့ချေးငွေနဲ့ ပတ်သက်တဲ့ စာချုပ် တွေချုပ်တာမျိုးတွေ၊ တင်ဒါခေါ်တာမျိုးတွေ ပြီးလို့ရှိရင် စတင်ပြီးတော့ လမ်းပေါ်မှာ ပေါ့နော် စပြီးတော့ တွေ့ရတော့မယ်။ Project ကို မြင်ရတာမျိုးတွေ မကြာခင်မှာပေါ့ စပြီးတော့မြင်ရမှာပါ။

TNTY- ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အခြားဖြည့်စွက်ပြော ချင်တာမျိုး ရှိသေးလားခင်ဗျား။

DrTHN- အခုလုပ်တယ်ဆိုတဲ့အပိုင်းမှာ ဂျပန်က အစိုးရချင်း ပူးပေါင်းပါဝင်ဆောင်ရွက်လာတယ်။ ဆောင်ရွက်လာပြီးလို့ရှိရင် ဒီမှာလည်း ကျွန်တော်တို့က ရင်းနှီးတည်ဆောက်သူဆိုတာမျိုးတွေကို ဖိတ်ခေါ်ရမယ်။ ပြီးလို့ရှိရင် ရင်းနှီးမြှုပ်နှံ သူတွေကို ကျွန်တော်တို့က ဖိတ်ခေါ်ရမယ်။ ဒီနိုင်ငံတွေနဲ့ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်တယ်ဆိုပေမဲ့ အခြားနိုင်ငံတွေနဲ့လည်း လက်တွဲဖြုတ်သွားတာမျိုး မဟုတ်ဘူးပေါ့လေ။ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီးတော့ ဆွေးနွေးဖိတ်ခေါ်သွားဦးမှာပဲ။