လမ်းလွှဲမှမောင်းပါ

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ရုပ်ကို စိတ်ကဆောင်တယ်။ စိတ်ထောင်းတော့ ကိုယ်ကြေဆိုသလိုပါပဲ စိတ်နွမ်းရင် လူပါပန်းတော့တယ်။ စိတ်သန်မှ လူကစွမ်းတယ်မဟုတ်လား။ စိတ်ပျို ကိုယ်နုဆိုတာလည်း ရှိသေး။ ဆိုတော့ စိတ်နဲ့ရုပ်ဟာ တိုက်ရိုက်အချိုးကျတယ်လို့ ဆိုနိုင်လိမ့်မယ်။

မနက်စောစောအိပ်ရာထချိန် စိတ်လန်းနေဖို့လိုတယ်။ ဒါမှ တစ်နေ့တာ ခရီးကို ဖြတ်သန်းရ အဆင်ပြေမယ်။ မနက်ကတည်းက စိမ်းချမ်းမြေ့မှုမရလျှင် တစ်နေကုန် အပေါက်အလမ်းမတည့်တော့။ ဒါကြောင့်ပဲထင်တယ်၊ မြန်မာ လူမျိုးအများစုက တရားဓမ္မနဲ့ နိုးထဖို့ ကြိုးစားကြတယ်။ ချစ်စရာ ဓလေ့တစ်ခု ပါပဲ။

လူ့ဘဝဆိုတာက အမြဲတမ်း အဆီအငေါ်တည့်နေတာမျိုးတော့ မဟုတ်။ အိမ်မှာအဆင်ပြေပေမဲ့ အလုပ်မှာ အဆင်ပြေချင်မှပြေမယ်။ တစ်ခါတစ်ခါ အလုပ်မှာ အဆင်ပြေပေမဲ့ အိမ်မှာ အဆင်ပြေချင်မှ ပြေမယ်။ တစ်ခါတစ်ခါကြပြန်တော့ နှစ်နေရာစလုံးမှာ အဆင်မပြေဖြစ် တတ်ပြန်သေးတယ်။ အဲဒီလိုမျိုး ဖြစ်ခဲ့ရင် စိတ်ပန်းလူပန်း ဖြစ်ရတော့တယ်။

ရုပ်မှာ ဒဏ်ရာရသလို စိတ်မှာလည်း ဒဏ်ရာရတယ်။ ရုပ်ဒဏ်ရာက ကုဖို့လွယ်တယ်။ စိတ်ဒဏ်ရာက ကုဖို့ မလွယ်။ ရုပ်ဒဏ်ရာက အတွင်းဒဏ်ရာ မဟုတ်လျှင် သိလွယ်၊ မြင်လွယ်၊ ကုရ လွယ်တယ်။ စိတ်ဒဏ်ရာကျတော့ မြင်ဖို့ မလွယ်သလို၊ ကုသဖို့လည်း မလွယ်ဘူး။ နောက်ပြီးတော့ စိတ်ဝန်ပိတာလည်း ရှိသေးတယ်။ ရုပ်ဝန်ပိတာက ပစ်ချ လိုက်လို့ရတယ်။ စိတ်ဝန်ပိတာက ပစ်ချ လို့မရ။ စိတ်ဝန်ပိတာက လူကို တစ်ဖြည်းဖြည်းချင်း လောင်မြိုက်စေတယ်။

ဘဝမှာ ကိုယ်ထင်မှတ်မထားတာတွေ ဖြစ်လာတဲ့အခါ စိတ်ဖိစီးမှုဖြစ်တော့တယ်။ စိတ်မွန်းကျပ်မှုကို ဖြစ်စေတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ လူက အလိုလိုနေရင်း ဒေါသထွက်နေတော့တယ်။ ပေါက်ကွဲလွယ်လာတယ်။ ထစ်ခနဲရှိ လက်ပါချင်တယ်။ အဲဒီအချိန်မျိုးမှာ စိတ်လိုလက်ရ ပေါက်ကွဲချင်မိတယ်။ အော်ပစ်လိုက်တာမျိုး၊ တစ်ခုခုကို ပစ်ပေါက်လိုက်တာမျိုး လုပ်ချင်စိတ် တဖွားဖွားပေါ်နေတတ်တယ်။ ဒေါသ စိတ်ကို ချွန်းနဲ့မအုပ်နိုင်လျှင် အရာရာဟာ လက်လွန်ခြေလွန်ဖြစ်ကုန်တော့တယ်။

အခုကိုဗစ်ကာလမှာ စိတ်ဖိစီးမှုများ လွန်းတော့ မြင်မြင်သမျှ စိတ်တိုင်းမကျ ဖြစ်နေတာက များတယ်။ သူများကိုတော့ မဟုတ်။ ကိုယ့်မိသားစုနဲ့ကိုယ် ဖြစ်နေ တာ။ အထူးသဖြင့် အပြင်မထွက်ရတဲ့အခါ၊ အိမ်တွင်းမှာ နေရတာများလာတဲ့ အခါ စိတ်ကအလိုလိုနေရင်း မွန်းကျပ်နေတော့တယ်။ ယောကျာ်းတွေက ပိုဆိုးမယ်ထင်တယ်။ အမြဲတမ်း လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနေတဲ့သူ တွေ အိမ်တွင်းမှာ အကျဉ်းချခံထားရ သလိုဖြစ်နေတော့ အရာရာကို အလိုမကျ ဖြစ်နေတော့တယ်။ အိမ်သားတွေ ချွတ်ယွင်းချက်တစ်ခုခုရှိတာနဲ့ အော်ချင် ဟောက်ချင်နေတော့တယ်။ ဆိုတော့ ကိုဗစ်ကာလမှာ မိသားစုဝင်တွေဟာ တကျက်ကျက်ဖြစ်နေမယ့် အချိန်ပိုများနေနိုင်တယ်။ ငွေရေးကြေးရေး အဆင်မပြေရင်တော့ ပိုလို့သာဆိုးတော့တယ်။

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စတိုရီလေး တစ်ခုကို အမှတ်ရနေပါတယ်။ လုပ်ငန်းခွင်က အဆင်မပြေမှုတွေကို အိမ်ကိုသယ် မလာဖို့ပါ။ လုပ်ငန်းခွင်ထဲမှာ အဆင်မပြေတာသည် မိသားစုနဲ့မဆိုင်။ ဆိုတော့ အလုပ်ထဲက အဆင်မပြေမှုတွေကို အိမ်ခြံတံခါးဝမှာ ချိတ်ခဲ့ပြီးမှ အိမ်ထဲကို ဝင်ကြရပါမယ်။ အလုပ်နဲ့မိသားစုကို ခွဲထားဖို့ လိုပါတယ်။ အိမ်က အဆင်မပြေမှုတွေကိုလည်း လုပ်ငန်းခွင်ထဲကို သယ်သွားလို့မရပါဘူး။ ကျွန်တော်တို့တစ်တွေ အလုပ်နဲ့အိမ်ကို ခွဲခြားထားဖို့ လိုပါလိမ့်မယ်။

ဒါပေမဲ့ အခုလို ကိုဗစ်ကာလမှာ Work from Home လုပ်နေကြရတဲ့သူ တွေ ရှိနေမှာပါ။ ဆိုတော့ အလုပ်နဲ့ အိမ်ဟာ ခွဲမရတော့ဘူးဖြစ်လာတယ်။ အဲဒီအချိန် မျိုးမှာ အလုပ်ကိစ္စမှာ အဆင်မပြေဖြစ် လာတဲ့အခါ စိတ်အလိုမကျမှုတွေဟာ အိမ်သူအိမ်သားတွေအပေါ်ကူးစက်ဖို့ အလွန်လွယ်ကူနေတော့တယ်။ ဒါကို ကျွန်တော်တို့ ဘယ်လို ရှောင်လွှဲကြမလဲ။ မိသားစုနဲ့တည့်တည့်တိုးမယ့်လမ်းကိုမရွေးပဲ လမ်းလွှဲရှာပြီး သွားဖို့ စဉ်းစားရပါမယ်။

ထိုင်းနိုင်ငံမှာတော့၊ တိတိကျကျ ပြောရရင် ဘန်ကောက်မှာ စိတ်ထွက် ပေါက်ရှာချင်သူတွေအတွက် နေရာလေး တစ်ခု စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ဘယ်လိုနေရာမျိုးလဲဆိုရင် စိတ်ထွက် ပေါက်ပေးနိုင်မယ့် မှန်ခန်းကြီးပါ။ ဒီနေ ရာမှာ စာဖတ်သူတို့အနေနဲ့ မှန်ခန်းကြီးထဲမှာ ဘယ်လိုစိတ်ထွက်ပေါက်ပေးမလဲ သိချင်စိတ်များနေကြမှာ သိနေပါတယ်။ မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ပြီး အော်မလား။ ငေါက်မလား။ မာန်မဲမလား တွေးချင်တွေးနေမှာပါ။ ဒါမှမဟုတ် ကိုယ်မကျေနပ်သူ တစ်ယောက်ယောက်ရဲ့ နာမည်ကို ရေရွတ်ပြီး ငါနဲ့ကလော် တုတ်မလား တွေးနေကြမှာပါ။

တကယ်ကတော့ စိတ်ထွက်ပေါက် ရှာချင်တဲ့သူတွေက မှန်ချပ်တွေကို အရာဝတ္ထုတစ်ခုခုနဲ့ ပစ်ပေါက်ပြီး ခွဲပစ်ရတာပါ။ မှန်ချပ်တွေကို ခွဲပစ်လိုက်ရရင် မွန်းကျပ်နေတဲ့စိတ်တွေ၊ ဖိစီးနေတဲ့စိတ်တွေ ပြေလျော့စေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒါက ငွေကုန်ကြေးကျ များပါတယ်။ ငွေမကုန်ဘဲနဲ့ စိတ်ထွက်ပေါက် ပေးနိုင်တဲ့ နောက်တစ်နည်းကို ထပ်ပြော ပြပါမယ်။ စိတ်ဝင်စားရင် လိုက်လုပ်ကြည့်ပါ။

ရုရှားနိုင်ငံက စုံတွဲတစ်တွဲ။ သူ့ အမျိုးသားက ရဲဝန်ထမ်း။ သူ့မိန်းမက အိမ်မှုကိစ္စနိုင်နင်းသူ။ သူတို့မှာ သားသမီး နှစ်ယောက်ရှိတယ်။ သင့်တင့်တဲ့ ဝင်ငွေ၊ သင့်လျော်တဲ့အလုပ်ရှိပြီး တစ်ဦး နဲ့တစ်ဦးချစ်ခင်ကြင်နာကြတဲ့ မိသားစု လေးပါ။ သူ့ယောကျာ်းကတော့ အိမ်နဲ့ ကီလိုမီတာ အနည်းငယ်ဝေးတဲ့ ရဲစခန်းမှာ သွားရောက်ပြီး အလုပ်လုပ်ရပါတယ်။

သူ့ယောကျာ်းဟာ တနင်္လာနေ့ အလုပ်မသွားခင် တစ်ပတ်တစ်ခါ တောထဲကို တစ်ယောက်တည်း ဝင်ဝင်သွားတတ် ပါတယ်။ ဒီလိုလုပ်လာတာကလည်း အတော်ကြပါပြီ။ အပတ်စဉ်မပျက်ပေါ့။ တစ်နေ့မှာတော့ သူ့မိန်းမက သူ့ ယောကျာ်း တောထဲမှာ ဘာသွားလုပ်လဲ သိချင်လာတယ်။ သူ့ယောကျာ်းကို မေးပြန်တော့လည်း သေသေချာချာ ပြန်မဖြေ။ ဒီတော့ သူမအနေနဲ့ သူ့ ယောကျာ်းအပေါ် သံသယစိတ် ဝင်လာတယ်။ သူငယ်ချင်းနဲ့ တိုင်ပင်ကြည့်တော့ ယောကျာ်းမသိအောင် နောက်ကနေ တိတ်တိတ်လေး လိုက်ချောင်းဖို့ အကြံပေးတယ်။

ဒီလိုနဲ့ပဲ တနင်္လာတစ်နေ့မှာ သူ့ယောကျာ်းမသိအောင် တိတ်တိတ် ကလေး နောက်ယောင်ခံပြီးလိုက်သွားတယ်။ သူ့ယောကျာ်းအနေနဲ့ တောထဲကို ဝင်သွားတာ တောကနက်သထက် နက်လာတယ်။ သူ့စိတ်ထဲမှာတော့ သစ်ပင် တစ်ပင်ပင်ရဲ့နောက်က အမျိုးသမီးတစ် ယောက်ယောက်ထွက်လာပြီး သူ့ယောကျာ်း ကို ပြေးလာဖက်မလား တွေးနေတယ်။ ဒါပေမဲ့ တောသာနက်လာတယ် ဘယ် မိန်းကလေးမှ ထွက်မလာ။

ဒီလိုနဲ့ တောတအားနက်တဲ့ နေရာ တစ်ခုအရောက်မှာတော့ သူ့ယောကျာ်းဟာ စူးစူးဝါးဝါးနဲ့ အသံကုန်အော်လိုက်တယ်။ သူ့ရင်ထဲဝမ်းဗိုက်ထဲက ရှိသမျှ အားကုန်ထုတ်ပြီး အော်လိုက်တယ်။ အဲဒီ လိုမျိုး ဆယ်ကြိမ်လောက် အော်ပြီးတဲ့ အချိန်မှာတော့ သူ့ယောကျာ်းက အော်တာကိုရပ်လိုက်တယ်။ အဲဒီမြင်ကွင်းကို မြင်ပြီးတဲ့နောက်မှာတော့ သူမဟာ သူ့ယောကျာ်းအတွက် အတော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ဒီလိုနဲ့ပဲ သူ့ယောကျာ်းမသိအောင် အိမ်ကိုခပ်မြန် မြန်ပြန်ခဲ့ပြီး ဟန်မပျက်နေလိုက်တယ်။

သူ့ယောကျာ်းအနေနဲ့ လုပ်ငန်းခွင်ထဲက အဆင်မပြေမှုတွေကို ထွက်ပေါက် ရှာတဲ့အနေနဲ့ တောနက်ကြီးရဲ့အလယ်ကို သွားပြီးတော့ အော်ဟစ်ပစ်လိုက်တယ်။ စိတ်ထွက်ပေါက် ပေးပစ်လိုက်တယ်။ မိသားစုကို မသိစေပဲနဲ့ပေါ့။ သူ့ အနေနဲ့ လမ်းလွှဲရှာပြီးမောင်းခဲ့တာပါ။ ငွေကုန်ကြေးကျမများသလို မိသားစုဝင်တွေလည်း ဘေးရန်မသင့်တော့ဘူးပေါ့။

ဆိုတော့ မိတ်ဆွေတို့တစ်တွေရဲ့ လမ်းလွှဲက ဘာများဖြစ်မလဲ။ ကျွန်တော် သိချင်မိတယ်။ ကျွန်တော့ရဲ့လမ်းလွှဲကတော့ စာရေးတယ်၊ စာဖတ်တယ်၊ သီချင်းနားထောင်တယ်။ ဒါပေမဲ့ တစ်ခါ တစ်ခါ လမ်းလွှဲကနေပြီးတော့ လမ်းမကြီးပေါ် ပြန်ပြန်ရောက်သွားတယ်။ ဆိုတော့ ထိပ်တိုက်တွေ့တယ်၊ ပွတ်တိုက်မှုဖြစ်တယ်။ နောက်ဆုံးတော့ ကိုယ်ပဲ ပေးဆပ်ရတယ်။

မိတ်ဆွေတို့ကိုတော့ လမ်းလွှဲကပဲ ဆက်မောင်းကြဖို့ တိုက်တွန်းလိုပါတယ်။ လမ်းမကြီးပေါ် ခဏခဏပြန် မတက်ကြပါနဲ့။

သန်းဇော်ဦး(ရလိုင်)