ကမ်းနီးကတော့ တိုင်းဒေသကြီးထဲကို ထည့်သင့်တယ်ဗျ

0
477
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်

အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲတွင် တိုင်းလုံးကျွတ်အနိုင်ရခဲ့သည့်အပြင် မဲရရှိမှုရာခိုင်နှုန်းမှာ ယခင်ရွေးကောက်ပွဲထက် ပိုများခဲ့သည်။ မဲအနိုင်ရမှု မြင့်တက်လာခြင်းအပါအဝင် ၎င်း ဦးဆောင်သည့် လက်ရှိအစိုးရအပေါ် ကျေနပ်အားရမှု၊ မကြာမီဖွဲ့စည်းမည့် အစိုးရအသစ်၏ အခင်းအကျင်း၊ အစိုးရနှင့် လွှတ်တော် အပြန်အလှန်ထိန်းကျောင်းနိုင်မှု အခြေအနေများနှင့်ပတ်သက်၍ ပရိသတ်များသိရှိနိုင်စေရန် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို တနင်္သာအပတ်စဉ်က ဆက်သွယ် မေးမြန်းထားသည်။ ယင်းမေးမြန်းချက်များကို ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

တနင်္သာရီအပတ်စဉ်- အခုရွေးကောက်ပွဲမှာ NLDပါတီက မဲအနိုင်ရလဒ်က အရင်ရွေးကောက်ပွဲထက် ပိုများလာတာပေါ့ခင်ဗျား။ ရာခိုင်နှုန်းတွေ ပိုများလာတယ်။ ဘာဖြစ်လို့ ပိုများလာတယ်လို့ ယူဆလဲခင်ဗျား။

ဦးမြင့်မောင်- ကျွန်တော့်အမြင်ကတော့ နှစ်ချက်ပေါ့ခင်ဗျား။ တစ်ချက်ကတော့ တနင်္သာရီ တိုင်းက ၁၉၉၀ ကတည်းကလည်း ၁၀ မြို့နယ်စလုံး NLDကို အပြည့်အဝထောက်ခံတဲ့ တိုင်းဖြစ်တယ်ပေါ့နော်။ ဒီကြားထဲမှာ ၂၀၁၅ ရွေးကောက်ပွဲရှိ တယ်။ ပြီးရင် ၂၀၁၂ ကတော့ ကြားဖြတ်ရွေးကောက် ပွဲပေါ့။ အခု ၂၀၂၀ ရွေးကောက်ပွဲပေါ့။ ဒီရွေးကောက်ပွဲတွေမှာ အားလုံးကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြည့်အဝ သောင်ပြိုကမ်းပြိုနဲ့ ထောက်ခံတဲ့တိုင်းပေါ့နော်။ ရာနှုန်းပြည့်ထောက်ခံတဲ့တိုင်းဖြစ်တယ်ပေါ့။ အခု၂၀၂၀ ကလည်း ဒီ အစဉ်အလာကိုဆက်ပြီးတော့ ထိန်းသိမ်းပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အဝ ထောက်ခံတာပေါ့နော်။ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်တယ်၊ ယုံကြည်တယ် ပြီးရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယုံကြည်တယ်၊ အဲဒါက တစ်ခုပေါ့နော်။

နောက်တစ်ခုကတော့ ဒီ ၅ နှစ်တာကာလ အတောအတွင်းထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရရဲ့ ဆောင်ရွက်ချက်ပေါ့။ အဲဒီမှာ ကျွန်တော်မြင်တာက နှစ်ခုပေါ့။ တစ်ခုက ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ဆောင်ရွက်ချက်တွေပေါ့ နော်။ ပြီးရင် တိုင်းထဲမှာရှိတဲ့ ပြည်သူတစ်ဦးချင်းစီ ရဲ့ ဒီမိုကရေစီအရ သူတို့ရဲ့ Rights တွေပေါ့နော်။ ပိုပြီးတော့ ရဲရဲဝံ့ဝံ့နဲ့ ကျင့်သုံးရဲလာတယ် ပေါ့နော်။ ဥပမာ လွတ်လပ်စွာ ဝေဖန်ထောက်ပြတာတွေ၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကို ထောက်ခံလို့ရဲလာတွေပေါ့။ ဒီဟာတွေကလည်း တစ်ခုဖြစ်လိမ့်မယ်ပေါ့နော်။

အဓိကပြန်ချုပ်ရမယ်ဆိုရင်တော့ တနင်္သာရီတိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချစ်ခင် ယုံကြည်တဲ့စိတ်နဲ့ ရာနှုန်းပြည့်ထောက်ခံတယ်လို့မြင်တယ်။ နောက်တစ်ခုက ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ သူတို့ အသိအမှတ်ပြုတယ်ပေါ့ဗျာ။ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်းတို့တံတားတို့ ပြီးရင် လျှပ်စစ်မီးဆိုရင်လည်း မဟာ ဓာတ်အားလိုင်းမရ သေးပေမယ့်လည်း လိုင်းသွယ်တန်းရေးနဲ့ပတ်သက် ပြီးတော့ အကျိုးခံစားခွင့်ရတဲ့ ပမာဏကိုကြည့် မယ်ဆိုရင် အရင်ကထက် ရွာပေါင်းလေးရာကျော်လောက် မီးပေးလာနိုင်တယ်ပေါ့နော်။ အရင်က မီးစက်လေးတွေနဲ့ ဈေးကြီးကြီးနဲ့ ဝယ်ပြီးသုံးနေရာကနေ မြို့မှာသုံးတဲ့နှုန်းနဲ့ သုံးခွင့်ရလာတယ်ပေါ့။

နောက်တစ်ခုကတော့ တိုင်းထဲမှာရှိတဲ့ပြည်သူတွေက အရင်ကထက်စာရင် ဒီမိုကရေစီရဲ့ အခွင့် အရေးတွေကို သိလာတယ်။ ပိုပြီးတော့ ရဲရဲ တင်းတင်းနဲ့ ခံစားရဲလာတယ်ပေါ့နော်။ ဒါကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံရတဲ့ မဲပေးရတဲ့ အကြောင်းအရင်းတစ်ခုဆိုပြီး ကျွန်တော့် အနေနဲ့ သုံးသပ်တယ်ပေါ့။

တနင်္သာရီအပတ်စဉ်- နောက်တစ်ခုက လာမယ့် အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးချုပ်အဖြစ်နဲ့ ထပ်ပြီး တာဝန်ပေးမယ်ဆိုရင် ဆက်ပြီးတာဝန်ယူဖို့ အနေအထားရှိလားခင်ဗျား။

ဦးမြင့်မောင်- ကျွန်တော်တို့မှာကတော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆိုတဲ့ ခံယူ ချက်နဲ့ သွားတယ်။ တာဝန်ဆိုတဲ့ဟာက အမျိုးမျိုး ရှိတာပေါ့နော်။ ကျွန်တော်ကလည်း အကျပ်အတည်း ကာလကတည်းကနေပြီးတော့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ထဲမှာ ထဲထဲဝင်ဝင်နဲ့ လုပ်လာတယ်ပေါ့နော်။ ဘာပဲပြောပြော အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေက မရောက် သေးဘူးပေါ့။ ဒီရည်မှန်းချက်ကို ရောက်အောင်တော့ ကျရာနေရာပေါ့ဗျာ။ တာဝန်ဆိုတဲ့ဟာက ကျွန်တော့်မှာ တာဝန်ပဲရှိတာပေါ့ဗျာ။ ကျွန်တော်တို့လည်း ဒီလိုပဲခံယူတယ်။ ကျရာနေရာကနေ တာဝန်ကျေကျေနဲ့ တာဝန်ယူပြီးတော့ လုပ်ဆောင်သွား မယ်လို့ ကိုယ့်ဟာကို ခံယူထားတယ်ပေါ့။

တနင်္သာရီအပတ်စဉ်- လက်ရှိဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့အပေါ်မှာရော အားရ ကျေနပ်မှုရှိရဲ့လားခင်ဗျား။

ဦးမြင့်မောင်- အားရကျေနပ်တယ်ဆိုတာ မျိုးကလည်း နှစ်ခုရှိတာပေါ့။ တစ်ခုကတော့ ပြည်သူကနေပြီးတော့ ဆုံးဖြတ်ဖို့ လိုတာပေါ့နော်။ အခုကတော့ ဘယ်လိုပဲပြောပြောပေါ့။ ကျွန်တော် တို့ကို ပြည်သူက အားရကျေနပ်ချင်မှလည်း ကျေနပ်မယ်။ သို့သော်လည်း ဆက်ပြီးတော့ တာဝန်ပေးဖို့လိုအပ်သေးတယ်ဆိုတဲ့ ယူဆချက် တွေနဲ့ ကျွန်တော်တို့ကိုဆက်ပြီးတော့ တာဝန်ပေး လိုက်တယ်ပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပေါ့နော်။ နောက်ထပ်တက်မယ့် အစိုးရကတော့ လူပုဂ္ဂိုလ်အရ အပြောင်းအလဲ ရှိကောင်းလည်းရှိနိုင်တယ်ပေါ့နော်။ သို့သော်လည်းပဲ NLDအစိုးရ ပဲဖြစ်မှာပေါ့။ ရာနှုန်းပြည့်နိုင်ထားတဲ့အတွက်။

အားရကျေနပ်ခြင်းရှိ၏ မရှိ၏ ဆိုတာကတော့ ပြည်သူကလည်း ဘာပဲပြောပြော အတိုင်း အတာတစ်ခုအထိ အားရကျေနပ်လို့ ဆက်ပြီး တာဝန်ပေးလိုက်တယ်လို့ ယူဆရမှာပေါ့။ အားလုံးတော့ Complete (အပြည့်အစုံ) မဖြစ်နိုင်ဘူးပေါ့။ ဒါကတစ်ခုပေါ့။ ကျွန်တော့်ရဲ့ Personal (ပုဂ္ဂိုလ်ရေး) အရဆိုရင်တော့ ကိုယ့်ဟာကိုလည်း လိုအပ် ချက်တွေရှိသေးတယ် ဆိုတဲ့ဟာကို နားလည်တယ်။ နားလည်တယ်ဆိုတဲ့ဟာမှာလည်း အသွင်ကူးပြောင်းရေးကာလဖြစ်တယ်။ ပြီးရင်အသွင်ကူး ပြောင်းရေးကာလမှာ ကြုံရလေ့ရှိတဲ့ အခက်အခဲ တွေပေါ့နော်။ ဒါတွေလည်းရှိတာပေါ့။ ဒီအခက်အခဲတွေနဲ့ ကိုယ့်ကိုကိုယ် အားမရတာလည်း ရှိတယ်ပေါ့။ ဥပမာ ကိုယ့်ရဲ့ Personal အရ အားနည်း တာတွေလည်းရှိမှာပေါ့နော်။ ဒီတော့ လိုအပ်ချက် ကတော့ ရှိပါလိမ့်မယ်။ သို့သော်လည်းပဲ အချုပ်အားဖြင့်ကတော့ ကျွန်တော်တို့ ကိုယ်စွမ်းဉာဏ် စွမ်းရှိသလောက်ကတော့ လုပ်တယ်ဆိုတဲ့ဟာ အပေါ်မှာကတော့ ကျွန်တော်တို့ပြောနိုင်တယ်။ ဒီအပေါ်မှာတော့ ကျေနပ်မှုရှိတယ်ပေါ့။

တနင်္သာရီအပတ်စဉ်- ဆိုတော့ ဒီလိုအခင်းအကျင်းမှာ လက်ရှိအနိုင်ရကိုယ်စားလှယ်လောင်းတွေနဲ့ ဖွဲ့မယ့်အစိုးရပေါ့။ အဲဒီအစိုးရက လက်ရှိ အစိုးရထက် ပိုကောင်းအောင် ဘာတွေလုပ်သင့် တယ်လို့ထင်လဲ။

ဦးမြင့်မောင်- ကျွန်တော်တို့မှာကတော့ ဒါက ရှင်းရှင်းလေးပဲခင်ဗျား။ အဓိကကတော့ ကျွန်တော်တို့မှာ လိုအပ်ချက် တစ်နည်းအားဖြင့် စိန်ခေါ်မှုပေါ့။ စိန်ခေါ်မှုကတော့ နံပါတ် ၁ ကတော့ ကျွန်တော်တို့ဒေသဟာ အဓိက အခြေခံ အဆောက်အဦအပိုင်းတွေ မပြည့်စုံသေးဘူး။ မပြီးသေးဘူးပေါ့နော်။ ဥပမာ ကျွန်တော့်မဲဆန္ဒ နယ်မြေဆိုရင်လည်း ဖွံ့ဖြိုးတိုးတက်မှု အရမ်းနှေးတယ်။ အဲဒီဘက်မှာဆိုရင် တစ်ဘက်နိုင်ငံနဲ့ယှဉ်ပြီး တော့ရှိတဲ့ မဲဆန္ဒနယ်မြေဖြစ်တယ်။ ဖွံ့ဖြိုးတိုး တက်မှုဆိုရင်လည်း ဟိုဘက်ကမ်းနဲ့ ယှဉ်လိုက်မယ်ဆိုရင်တအားနိမ့်ကျနေတယ်ပေါ့။ မြင်နေရ တယ်ဆိုတော့ နိမ့်ကျမှုက ပိုပြီးတော့ သိသိသာသာ ဖြစ်နေတယ်ပေါ့။ ဒါကတစ်ခုပေါ့နော်။ အဓိက အချုပ်အားဖြင့်ဆိုရင် အခြေခံအဆောက်အဦပိုင်းတွေ ကျွန်တော်တို့မှာ လိုသေးတယ်။ အခြေခံ အဆောက်အဦပိုင်းတွေ ပြည့်စုံမှ ကျန်တဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ ပညာရေးတို့ ကျန်းမာရေးတို့က တောက်လျှောက်တိုးတက်မှာ။ ဒီတော့ လိုအပ်နေတာတွေကို ဖြည့်ဖို့လိုသေးတယ်ပေါ့နော်။ ဒါကလည်း ဘတ်ဂျက်အရ ဆက်ပြီးလုပ် ဆောင်ရမယ့်ကိစ္စတွေဖြစ်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ စီးပွားရေးပေါ့။ စီးပွားရေးဆိုတာကလည်း တစ်ချို့ဟာလေးတွေကတော့ ကြိုးစားရမယ့်ဟာတွေရှိတယ်ပေါ့။ ဥပမာ ရေလုပ်ငန်းပေါ့။

ရေလုပ်ငန်းနဲ့ ပတ်သက်လာရင်ကျွန်တော်တို့ရဲ့ အနေအထားတွေက ကုန်ကြမ်းရောင်းတဲ့ အဆင့်ကနေ မကျော်သေးဘူး။ နောက်တစ်ခုက စိုက်ပျိုးရေးနဲ့ ပတ်သက်လာရင်လည်း ကုန်ကြမ်း ရောင်းတဲ့အဆင့်ကနေ မကျော်သေးဘူး။ ရော်ဘာ တွေဆိုရင် (ဧက) သုံး လေးသိန်းစိုက်ထားတာပဲ။ ဒါပေမယ့် ရော်ဘာနဲ့ဆက်စပ်တဲ့ကုန်ချောတွေက အကုန်လုံးဝယ်သုံးနေရတယ်။ ထိုနည်းလည်းကောင်းပဲ ရေလုပ်ငန်းကနေထွက်တဲ့ဟာတွေလည်း အကြမ်းလောက်ပဲရောင်းနိုင်တယ်။ ဒီဟာနဲ့ ဆက်စပ်တဲ့ အကုန်လုံးက ဝယ်သုံးနေရတယ်။ အဓိကကတော့ တန်ဖိုးမြင့်ထုတ်ကုန်ပေါ့။ ဒီဟာတွေကတော့ ကျွန်တော်တို့မှာ မရှိသေးဘူးပေါ့။

ဒီမှာ ငါးလေလံဈေးတွေ ဆက်ပြီးအကောင်အထည်ဖော်ဖို့လိုတယ်။ ပြီးရင် အခုလတ်တလော ဖြစ်နေတဲ့ ပြဿနာက ရေလုပ်ငန်းပြဿနာတွေပေါ့။ လှေအရွယ်အစားသတ်မှတ်တာတွေပေါ့ ကမ်းနီးကမ်းဝေး အပါအဝင်ပေါ့လေ။ ကျွန်တော်တို့မှာ အားလုံးက တိုင်းဒေသကြီးရဲ့လုပ်ပိုင်ခွင့်က မရှိဘူး ဒီလိုဖြစ်နေတာ။ ရေချိုငါးမွေးမြူရေးတစ်ခု ပဲရှိတယ်။ ရေချိုငါးမွေးမြူရေးကလည်း ကျွန်တော် တို့မှာ ထဲထဲဝင်ဝင်လုပ်နေတာမရှိဘူး။ အဓိကကတော့ ဘယ်လိုပဲပြောပြော ဗဟိုချုပ်ကိုင်မှုဖြေ လျော့တဲ့ဟာပေါ့နော်။ ကမ်းနီးနဲ့ ကမ်းဝေးနှစ်ခုထဲမှာ ကျွန်တော်တို့ ကမ်းနီးကတော့ တိုင်းဒေသကြီးထဲကို ထည့်သင့်တယ်ဗျ။

ဥပဒေပိုင်းဆိုင်ရာအရ စီမံခန့်ခွဲရေးအရ ဥပဒေတွေ ကမ်းနီးထဲကို ထည့်သင့်တယ်။ ထည့်လိုက်ပြီးပြီ ဆိုရင်တော့ တော်တော်များများ မြေပြင်အခြေအနေနဲ့အညီ စီမံတဲ့ဟာမျိုးတွေ ပေါ်ပေါက်လာနိုင်တယ်ပေါ့နော်။ ကမ်းနီးကို ထည့်သွင်းမယ်ဆိုရင်တော့ ဒီဟာတွေကို ဆက်ပြီးတော့ လုပ်ဖို့လိုတာပေါ့။ ဒါကတော့ ဥပဒေပိုင်းဆိုင်ရာကတော့ ပြည်ထောင်စုကနေ စရမှာပေါ့။ ဥပဒေပြုတဲ့ဘက်ကနေပြီးတော့ ပြင်ရမယ်။ ပြီးရင်တိုင်းဒေသကြီးမှာထပ်ပြီးတော့ ပြည်ထောင်စုဥပဒေနဲ့မဆန့်ကျင်ဘဲနဲ့ ပြဋ္ဌာန်းရမယ့်ဟာတို့ ဒီဟာကနေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ စီမံခန့်ခွဲရမယ့်ဟာမျိုးဖြစ်လာပြီ ဆိုရင်တော့ ကျွန်တော်တို့တိုင်းက အများကြီးတက်ပြေးလာ နိုင်တယ်ပေါ့။ ဒီဟာက တစ်ခုပေါ့နော်။

ကျန်တဲ့ဟာကတော့ လျှပ်စစ်မီးပေါ့။ လျှပ်စစ်မီးကတော့ NEP (National Electrification Project) က အမျိုးသား လျှပ်စစ်စီမံကိန်းရည်မှန်းချက်အရ ဆိုရင် ထားဝယ်ကတော့ ရောက်သွားမယ်။ ထားဝယ်က ၂၀၂၁-၂၀၂၂ မှာ ရောက်မယ် ဆိုပြီး ပထမရည်မှန်းထားတယ်။ သို့သော်လည်းပဲ အခုက ကိုဗစ်ဝင်ခံလိုက်တော့ ဓာတ်အားခွဲရုံတွေ ဆောက်ဖို့ကိစ္စတွေ ဓာတ်အားလိုင်းသွယ်တန်းဖို့ကိစ္စတွေမှာ နှောင့်နှေးကြန့်ကြာကုန်တာပေါ့။ ဒါပေမယ့် ဘယ်လိုပဲပြောပြော ရောက်လာဖို့ အလားအလာကတော့ ရှိနေပြီပေါ့နော် ထားဝယ်ကတော့။

ထိုနည်းလည်းကောင်းပဲ နည်းနည်းတော့ နောက်ကျမှာပေါ့။ ဒီကနေ တစ်ဆင့်မှ မြိတ်၊ ကော့သောင်းပေါ့။ ဒီတော့ လျှပ်စစ်ကတော့ ထားဝယ်ကိုအရင် ရောက်လာမယ်။ ပြီးရင်မြိတ်ပေါ့။ အဓိကကတော့ လျှပ်စစ်ရှိမှာလည်း ရင်းနှီးမြှုပ်နှံသူတွေ လာမှာပေါ့နော်။ လာတဲ့အချိန်မှသာ ပိုပြီးတော့ ကိုယ့်ဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါလာမယ်။ ထုတ်လုပ်မှုကဏ္ဍတွေ တိုးတက် လာမယ်။ ပြီးရင်တစ်ဦးချင်းဝင်ငွေတွေ မြင့်လာမှာပေါ့။ ဒါတွေကတော့ဆက်ပြီးတော့ လုပ်ရမယ့် ဟာတွေပေါ့။ ဒါတွေက နောက်အစိုးရ လုပ်ရမယ့် အနေအထားတွေဖြစ်တယ်။

တနင်္သာရီအပတ်စဉ်- လက်ရှိမှာ အစိုးရနဲ့ လွှတ်တော်က ပါတီတစ်ခုတည်းဖြစ်နေတဲ့အပေါ် မှာ အပြန်အလှန်ထိန်းကျောင်းမှု အားနည်းတယ်ဆို ပြီးတော့ ပြောဆိုဝေဖန်အချို့ရှိတာပေါ့ခင်ဗျား။ ဒီအပေါ်မှာကျတော့ရော ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲခင်ဗျား။

ဦးမြင့်မောင်- ဒီငါးနှစ်သက်တမ်းမှာ သိရသလောက်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့အလုပ်ကို သူတို့ပီပီပြင်ပြင် လုပ်ဆောင်သွားတယ်လို့မြင်တယ်။ တစ်ပါတီတည်းမို့လို့ ဖြစ်ကတတ်ဆန်းပေါ့ ပေါ့ပေါ့တန်တန် လုပ်တာမျိုးတော့ သိပ်မတွေ့ရဘူး။ ကျွန်တော်ဆိုရင် အစကတည်းကနေ ဝန်ကြီး တာဝန်တွေယူခဲ့တယ်။ ပြီးရင် အခုကတော့ ဝန်ကြီးချုပ်ပေါ့နော်။ ကျွန်တော်ဝန်ကြီး တာဝန်ယူစဉ်ကာလတုန်းကလည်း မေးလိုက်တဲ့မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ အများကြီးကြိုးစားပြီး ဖြေရတာတွေ အကောင်အထည်ဖော်ရတာတွေ ရှိတယ်။

လွှတ်တော်ကလည်း လွှတ်တော်ရဲ့ လုပ်ငန်းနဲ့အညီ ထိထိရောက်ရောက်လုပ်တာကို မြင်ရတယ်။ မြင်ရတော့ အခုဘယ်လိုပဲပြောပြောပေါ့ဗျာ။ အခုဆိုရင် တစ်ဖက်နဲ့တစ်ဘက် တစ်ပါတီတည်းမို့ ညှာပြီးသွားမယ်ဆိုရင် ကျွန်တော်တို့ တနင်္သာရီတိုင်းထဲမှာ ဒီလောက်အထိ ကြီးကြီးမားမားပြဿနာဖြစ်စရာ အကြောင်းမရှိဘူးလေ။ မညှာလို့သာ ဒီလိုပြဿနာမျိုးတွေ ဖြစ်သွားတာကိုး။ တကယ့် မတူတဲ့ပါတီတွေနဲ့ ဖွဲ့ထားတဲ့ လွှတ်တော်ထက်ကိုပဲ အလွန့်အလွန်ဖြစ် သွားတယ်ပေါ့နော်။ ထိန်းကျောင်းမှုတွေက လွတ်ပြီးတော့ ဖြစ်သွားတာပေါ့။ ဒီတော့ တစ်ပါတီတည်းကြောင့် တစ်ယောက်နဲ့တစ်ယောက် ညှာပြီးတော့လုပ်တယ်ဆိုတဲ့ ပုံစံမျိုးတော့ သိပ်မတွေ့ ရဘူးပေါ့။ အခု ငါးနှစ်တာ လွှတ်တော်ဖြတ်သန်းလာခဲ့တဲ့အပေါ်မှာ ကျွန်တော်တွေ့ရသလောက်ပေါ့နော်။

တနင်္သာရီအပတ်စဉ်- တနင်္သာရီတိုင်းထဲမှာ လျှပ်စစ်တို့ သယံဇာတတို့ ငါးဖမ်းလုပ်ငန်းတို့ ခုနက ဝန်ကြီးချုပ်ပြောသွားတဲ့ အထဲမှာလည်း ပါတာပေါ့နော်။ ဒီလိုပြဿနာတွေရှိတယ်ဆိုပြီး ပြောနေကြတာလည်းရှိတာပေါ့။ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီး အခုလာမယ့်အစိုးရအဖွဲ့မှာ ဦးမြင့်မောင်အနေနဲ့ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ရသည်ဖြစ်စေ မထမ်းဆောင်ရသည်ဖြစ်စေ ဘယ်လို ကိုင်တွယ်သင့်လဲပေါ့ခင်ဗျား။

ဦးမြင့်မောင်- ကျွန်တော်က ဝန်ကြီးချုပ်မဖြစ်ရင်တောင် လွှတ်တော်ကိုယ်စားလှယ်တော့ ဖြစ်နေဦးမှာပေါ့နော်။ ဆိုတော့ လွှတ်တော်ထဲမှာတော့ ကျွန်တော်ရှိနေမယ်ပေါ့။ အကောင်းဆုံးအနေနဲ့က ကျွန်တော်အခုအရှေ့မှာလုပ်သွားတဲ့ အတွေ့အကြုံတွေအရ တာဝန်ဆက်ပြီး ယူခွင့်မရဘူးဆိုတော့ ဒီလိုပဲ အကြံပြုရမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လွှတ်တော်ကိုယ်စား လှယ်တာဝန်ကျေအောင် ကျွန်တော်ထမ်းမယ်။ တစ်ဖက်မှာကလည်း NLD က တက်မယ့် အစိုးရအဖွဲ့ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် အကြံပြုတဲ့ဟာ မျိုးတွေပေါ့ဗျာ။ ဒါကလက်ခံမယ်ဆိုရင် ဒါတွေကတော့ ဆက်လုပ်ဆောင်သွားမှာပေါ့။

အဓိကကတော့ ပြည်သူကလည်း မြင်တယ်။ ကျွန်တော်တို့ကလည်း မြင်တယ်ပေါ့။ ကျွန်တော်တို့တိုင်းရဲ့ လိုအပ်ချက် ကျွန်တော်တို့တိုင်းက ဆက်ပြီးတော့ လုပ်ရမယ့်ဟာ ဒါတွေကတော့ ကျွန်တော်တို့လည်းမြင်တယ်ပေါ့။ ဒါကိုတော့ ကျွန်တော်တို့တိုင်းရဲ့ ဦးစားပေးကဏ္ဍတွေကတော့ အားသွန်ခွန်စိုက်နဲ့ ဆက်ပြီးတော့ လုပ်နိုင်အောင်တော့ ဝိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာ ပေါ့နော်။

တနင်္သာရီအပတ်စဉ်- မဲပေးလိုက်တဲ့ မဲဆန္ဒရှင် ပြည်သူတွေကိုရော ဘာပြောချင်တာမျိုးရှိလဲခင်ဗျား။

ဦးမြင့်မောင်- မဲဆန္ဒရှင်တွေနဲ့ ပတ်သက်ပြီးရင်တော့ ကျွန်တော်က အခုအောင်နိုင်ရေးကာလမှာ မဲဆန္ဒနယ် မြေထဲကို ဆင်းတယ်။ ဆင်းတဲ့အခါကျတော့ ကျွန်တော့်မှာကလည်း ပြဿနာက ဘယ်လိုဖြစ်နေလဲဆိုတော့ စပြီးတော့ အစိုးရဖွဲ့စဉ်ကာလ ကတည်းက ကျွန်တော်က အစိုးရအဖွဲ့ထဲကို ရောက်သွားတယ်။ ရောက်သွားတော့ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးလည်းဖြစ်တယ်ပေါ့။ ဖြစ်တဲ့အခါကျတော့ ကျန်တဲ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ မတူတဲ့ ခြားနားချက်က မဲဆန္ဒနယ်မြေကိုချည်းဆင်းပြီးတော့ အချိန်ကုန်မရတဲ့ အခက်အခဲတွေရှိတယ်ပေါ့နော်။ ကျန်တဲ့ကိုယ်စားလှယ်တွေကတော့ ကိုယ့်ရဲ့ လွှတ်တော်မဲဆန္ဒနယ်မြေကိုပဲ ကိုယ်စားပြုပြီး ပိုပြီးတော့ အချိန်ပေးနိုင်တယ်ပေါ့။ ကျွန်တော်တို့ မှာကတော့ ဒီလိုဟာတွေရှိတယ်ပေါ့။ ကိုယ့်နယ်မြေ ရဲ့ တာဝန်ကိုပဲကိုယ်ယူပြီး တော့လုပ်နေလို့မရဘူး။ ကျွန်တော်က တစ်တိုင်းလုံးနဲ့ တာဝန်ရှိတဲ့အခါကျတော့ အစိုးရလုပ်ငန်းတွေဘက်ကို လုပ်ရတာပိုပြီးတော့ အချိန်ပေးရတာတွေ အားထည့်ရတာတွေများတဲ့ အခါကျတော့ ကိုယ့်ရဲ့ မဲဆန္ဒနယ်မြေမှာတော့ လစ်ဟာမှုလေးတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အခု ဆင်းတဲ့အချိန်မှာ အချို့ကမေးတယ်။ ၂၀၁၅ တုန်းက ပေါ်လာပြီးတော့ အခုမှပဲ ထပ်ပြီးတစ်ခါပေါ်လာတော့တယ်ဆိုပြီး ကြည့်တဲ့သူလည်းရှိတာပေါ့။

ကိုယ်ကတော့ ရှင်းပြရတာပေါ့နော်။ တာဝန် လေးတွေခွဲဝေပြီးတော့ လုပ်ရတဲ့အပိုင်းတွေနဲ့။ သို့သော်လည်းပဲ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့် ရဲ့ မဲဆန္ဒနယ်မြေကို ကျန်တဲ့မဲဆန္ဒနယ်မြေကဲ့သို့ မကျန်ခဲ့အောင်တော့ အများကြီးလုပ်ပေးနိုင်ခဲ့တယ်ပေါ့။ အားလုံးပြည့်စုံတယ်လို့တော့ မဆိုလိုဘူးပေါ့နော်။ သို့သော်လည်းပဲ အတိုင်းအတာတစ်ခုအထိတော့ မကျန်ခဲ့အောင်တော့ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်အနေနဲ့ လုပ်ပေးနိုင်ခဲ့တဲ့အတွက် ထပ်ပြီးတော့လည်း တာဝန်ကျေအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှတော့ ဆက်ပြီးတော့ ကြိုးစားလုပ်ပေးမယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။