ကော့သောင်းပင်လယ်ပြင်မှ ကျောက်ငါးများ စားသုံးရန်မသင့်ဟုဆို

0
358

ပင်လယ်ရေတွင် ပြဒါးပါဝင်မှုရှိ သင့်နှုန်းထက် ပိုနေသဖြင့် ကော့သောင်း ပင်လယ်ပြင်တွင် ပေါလောပေါ်နေသည့် ကျောက်ငါးများကို စားသုံးရန်မသင့်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ပြည်သူ့ကျန်းမာရေးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီလိုငါးတွေကို မစားသုံးတာက အကောင်းဆုံးပဲ” ဟု တာဝန်ရှိသူက ပြောသည်။

ကော့သောင်းပင်လယ်တွင်ပေါ်နေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ပေးပို့ထား

ကော့သောင်းခရိုင် ပင်လယ်ပြင်တွင် ပေါလောပေါ်နေသည့် ကျောက်ငါးများကို ရန်ကုန် ငါးလုပ်ငန်းဦးစီးဌာန ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီး အဖြေစောင့်ဆိုင်းနေဆဲဖြစ်သည်ဟု တိုင်းငါးလုပ်ငန်းဦးစီးဌာနထံမှ ညွှန်ကြား ရေးမှူး ဦးသံချောင်းက ပြောသည်။

ပင်လယ်တွင်း ပေါလောပေါ်နေ သည့် ကျောက်ငါးနှစ်ကောင်နှင့် ပင်လယ်ရေနမူနာကို ငါးလုပ်ငန်းပညာဌာန၊ ရန်ကုန်တက္ကသိုလ်နှင့် ငါးလုပ်ငန်းဦးစီး ဌာနတို့ရှိ ဓာတ်ခွဲခန်းများသို့ နိုဝင်ဘာ ပထမအပတ်က ပေးပို့စစ်ဆေးခဲ့ပြီးဖြစ်သည်။

ယင်းဌာနသုံးခု၏ ဓာတ်ခွဲအဖြေအရ ပင်လယ်ရေတွင် မာကျူရီ-ပြဒါး(Merucry) ပါဝင်မှုမှာ ရှိသင့်သည့် နှုန်းထက်မြင့်နေသည်ကို တွေ့ရှိရသည် ဟု ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

ကော့သောင်းခရိုင်တွင်းရှိ ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ လငန်း ကျွန်း၊ ပုလဲကျွန်းနှင့် ပါချန်မြစ်များအထိ ပင်လယ်ရေပြင်တွင် ကျောက်ငါးများ ရှင်လျှက်အနေအထားဖြင့် ရေတွင် ပေါလောပေါ်နေသည်မှာ နှစ်လနီးပါး ခန့်ရှိပြီဖြစ်သည်။

ကော့သောင်းပင်လယ်ပြင်မှ ကျောက်ငါးများ

ပင်လယ်တွင်း မျောပါနေသည့် ကျောက်ငါးများကို တွေ့ရှိသည့် ဒေသခံ ရွာသားများနှင့် ရေလုပ်သားများက ဆယ်ယူရောင်းချပြီး ချက်ပြုတ်စား သောက်ခြင်းများကို ပြုလုပ်နေကြသည်။

ပင်လယ်တွင်း မျောကာရေတွင် ပေါ်နေသည့် ကျောက်ငါးတစ်ကောင်လျှင် တစ်ကီလိုခန့်မှ ကီလို ၁၀ဝ ကျော်အထိ အရွယ်များပါဝင်ပြီး တစ်ကီလိုလျှင် ထိုင်းဘတ် ၈၀ ဝန်းကျင်မှ ဘတ် ၁၅၀ အထိရသည်ဟု ဒေသခံရွာသားများနှင့် ရေလုပ်သားအချို့က ဆိုသည်။

၂၀၁၆ ခုနှစ် မတ်လက တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် နေထိုင် သည့် ကျေးရွာအချို့မှ ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ် (၁၈ နှစ်မှ ၄၄ နှစ် အတွင်း) အမျိုးသမီးများထံမှ ဆံပင် နမူနာများကို ကောက်ယူ၍ သုတေသနပြုဓာတ်ခွဲစမ်းသပ်လေ့လာခဲ့ရာ အမျိုးသမီး ၃၀ ဦးအနက် ၂၈ ဦးတွင် ပြဒါးဓာတ်ပါဝင်မှု ၁ စစာ ထက်များနေသည်ကို တွေ့ရှိခဲ့ရသည်။

ပြဒါးပဏာမ ၁ ppm ထက်ကျော်လွန်ပါက ဦးနှောက်ထိခိုက်ခြင်း၊ အသိဉာဏ်ပျောက်ခြင်း၊ ကျောက်ကပ် နှင့် နှလုံးသွေးကြောများပျက်စီးခြင်း၊ မိခင်တစ်ဦး၏ ခန္ဓာကိုယ်မှ ပြဒါးဓာတ်သည် ကိုယ်ဝန်ဆောင်ကာလတွင် သန္ဓေသား ထံသို့ ကူးပြောင်းနိုင်ပြီး သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။

ကော့သောင်းပင်လယ်ပြင်မှ ကျောက်ငါးများ

ကျောက်မီးသွေးစက်ရုံများ၊ ရွှေတူး ဖော်ရေးလုပ်ငန်းများ၊ ရေနံဓာတုစက်မှု လုပ်ငန်းများမှာ ပြဒါးဆိပ်သင့်မှုဖြစ်စေသည့် အဓိကအကြောင်းရင်းများဖြစ် သည်။

မိုးမြင့်