စပါးမျိုး ပြောင်းစိုက်ပြီးနောက် နှစ်ဆခန့်အထွက်တိုးဟုဆို

0
207
Dawei Watch, Dawei News, Dawei News Media

ပုံမှန်စိုက်နေကျ မျိုးစပါးများကို မစိုက်တော့ဘဲ မျိုးအသစ်ကို ပြောင်းလဲ စိုက်ပျိုးခဲ့ရာတွင် နှစ်ဆခန့်အထွက် တိုးလာသည်ဟု မြိတ်ဒေသခံ စပါးစိုက် တောင်သူများကပြောသည်။

မြိတ်ဒေသအတွင်း မိရိုးဖလာ မျိုးစပါးများဖြစ်သည့် ဧည့်မထ၊ ပေါ်လာကဲနှင့် ပုံမှန်မျိုးစပါးများစိုက်ပျိုးနေရာမှ ယခုနှစ်မိုးရာသီတွင် ဆင်းသုခ၊ မနော သုခ၊ ဆင်းရွှေလီ၊ ပေါ်ဆန်း၊ တောင်ပျံ စသည့်မျိုးစပါးများ ပြောင်းလဲစိုက်ပျိုး လိုက်သည့်အတွက် အထွက်နှုန်းမှာ နှစ်ဆဝန်းကျင်ဖြစ်လာကြောင်း ၎င်းတို့က ပြောသည်။

ယခင်က တစ်ဧကလျှင် စပါးတင်း ၄၀ မှ ၅၀ ဝန်းကျင်သာ ထွက်ရှိခဲ့ရာမှ ယခုတွင် တင်း ၇၀ မှ ၈၀ ဝန်းကျင် ထွက်ရှိလာကြောင်း မြိတ်မြို့၊ ကျွဲကူး ကျေးရွာမှ အသက် ၅၀ အရွယ် ဒေါ်အေးမူ က ပြောသည်။

အဆိုပါမျိုးစပါးမျိုးများကို ဆန်စက်လုပ်ငန်းရှင်လည်းဖြစ်၊ ဆန်စက် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌလည်းဖြစ်သည့် ဦးမောင်ထွေးက ဧရာဝတီ၊ ပဲခူး၊နေပြည်တော်၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ စသည့်ဒေသများမှ ပြီးခဲ့သည့် သုံးနှစ်ခန့်ကတည်းက မှာယူစမ်းသပ် စိုက်ပျိုးကြည့်ခဲ့ရာ အောင်မြင်သည့်အတွက် ယခုနှစ်တွင် မျိုးစပါးတင်းရေ ငါးထောင်မှာယူ၍ တောင်သူများအား ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

မျိုးစပါးများကို အဆိုပါဆန်စက် လုပ်ငန်းရှင်ထံမှ အကြွေးဖြင့် ဝယ်ယူရပြီး စပါးပေါ်သည့်အချိန်မှ ပြန်ပေးရသည် ဟု ဒေါ်အေးမူ ကဆိုသည်။

“မျိုးစပါးရော စိုက်စရိတ်ပါ လိုအပ်ရင် သူကထုတ်ချေးပေးတယ်။ အတိုး တစ်ပြားမှ မယူတော့ ဒီမှာပဲလာရောင်း ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က ယခုလိုစပါးထွက် ရာသီတွင် တစ်နေ့လျှင် စပါးတင်းရေ ငါးထောင်ခန့်သာ လာရောက်ရောင်းချမှု ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ တစ်နေ့ စပါးတင်းရေ တစ်သောင်းခန့်ကို ဝယ်ယူနေရကြောင်း စပါးမျိုးသစ်များ ဖြန့်ဖြူးခဲ့သူ အိုကေဆန်စက်ပိုင်ရှင် ဦးမောင်ထွေး က ပြောသည်။

“စပါးအထွက်တိုးလာတာက တစ်ပိုင်းပေါ့။ နောက်တစ်ခုက အရင်ကလို လက်နဲ့ မရိတ်ဘဲ စက်နဲ့ရိတ်၊ စက်နဲ့ ခြွေလိုက်တော့ ခုလိုမြန်မြန်ဆန်ဆန် ရောင်းချလာနိုင်တာလည်း ပါတာပေါ့” ဟု ၎င်းက မှတ်ချက်ပေးသည်။

ယင်းသို့စမ်းသပ်လုပ်ဆောင်ရာတွင် မြိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အကြံအÓဏ်နှင့် အကူအညီများ ရယူခဲ့သည်ဟု ဆိုသည်။

တောင်သူများ မျိုးပြောင်းစိုက်လာခြင်းကြောင့် ယခုနှစ်တွင် ယခင်ထက် အထွက်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားကြောင်း မြိတ်မြို့နယ်လယ်ယာနှင့် စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဦးဝင်းမြတ်စိုးကပြောသည်။

မြိတ်မြို့နယ်အတွင်း မိုးစပါး စိုက်ပျိုးသည့်တောင်သူ သုံးထောင်ကျော်နှင့် မိုးစပါးစိုက်သည့် လယ်ဧက လေးသောင်းကျော်ရှိကြောင်း အထက်ပါဌာန မှသိရသည်။