တနင်္သာရီတိုင်း မိုးရေချိန် စံချိန်တင်လျော့နည်း- မိုးခေါင် ရေရှားဘေး ဆီသို့

0
203
Dawei Watch, Dawei News, Dawei News Media

မိုးများသည့် တနင်္သာရီတိုင်းသည် ယခုနှစ်တွင် မိုးရေချိန်နှင့် မိုးရွာရက်မှာ စံချိန်တင်လျော့နည်းနေသည်ကို တိုင်းမိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန မှတ်တမ်းအရ သိရသည်။

အထက်ပါဌာန၏ စာရင်းအရ တနင်္သာရီတိုင်း၏ ပျန်းမျှမိုးရေချိန်မှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လက်မ ၁၈၀ မှ ၂၂၄ ဝန်းကျင်အတွင်းရှိပြီး ယင်းကာလများအတွင်း တစ်နှစ်လျှင် မိုးရွာရက်မှာ ၁၅၀ နှင့် ၁၆၀ ရက်အကြားတွင်ရှိနေသည်။

၂၀၂၀ ပြည့်နှစ်စမှ မိုးရာသီကုန်ဆုံး ပြီးချိန်သည့် နိုဝင်ဘာလ ၁၂ ရက်အထိ ပျန်းမျှမိုးရေချိန်မှာ ၁၄၅ လက်မသာရှိခဲ့ သည်။ မိုးရွာရက်မှာ ၁၃၅ ရက်သာရှိခဲ့ သည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း မိုးရွာနိုင်ချေရှိသေးသော်လည်း ယခင်နှစ်များတွင် ရှိခဲ့သည့် ပုံမှန်မိုးရေချိန်ကို မမီနိုင်တော့ကြောင့် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ခန့်မှန်းပြောဆိုသည်။

ယခုနှစ် တနင်္သာရီတိုင်း၏ မိုးရွာ သွန်းမှုပုံစံမှာလည်း သိသိသာသာ ပြောင်းလဲနေကြောင်း ၎င်းက ပြောသည်။

ယခုနှစ် မုတ်သုံဝင်ကတည်းက ယခင်နှစ်များနှင့်မတူ မိုးအားနည်းခဲ့ပြီး မုတ်သုံဆုတ်ချိန်တွင်လည်း မူမှန်ခြင်းမရှိဘဲ မိုးများနေသည်ကို ထူးထူးခြားခြား တွေ့ရကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

“မိုးကောင်းပါတယ်ဆိုတဲ့ တနင်္သာရီတိုင်းဟာ နိုရာမုန်တိုင်းအရှိန်ကြောင့်သာ တကယ့်အောင်ရေလေးကို ဖမ်းယူရသွား ခဲ့တာ။ ဒီနှစ်ထဲမှာဆို မိုးအရမ်းရွာတဲ့ ရက်ဆိုတာ မရှိသလောက်ပဲ” ဟု ၎င်းက ဆိုသည်။

ယခင်က တနင်္သာရီတိုင်းသည် တစ်ရက်တည်း မိုးရေချိန်လက်မနှစ် ဆယ်အထိ ရွာသွန်းခဲ့သည့် နေ့များရှိခဲ့သော်လည်း ယခုနှစ်တွင်မှု တစ်ရက်မျှ မရှိခဲ့သည့်အပြင် မိုးတွင်းကာလတလျှောက်လုံး ပုံမှန်မိုးရေချိန်အောက်တွင်သာ ရွာသွန်းခဲ့ကြောင်း ၎င်းကပြောသည်။

မိုးရာသီတွင် ဖြစ်လေ့ရှိသည့် မိုးကြိုးပစ်ခြင်း စသောလက္ခဏာများလည်း နည်းလာကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

ယင်းအချက်များမှာ ယခင်နှစ်များနှင့်မတူ မိုးရာသီတွင် ပြောင်းလဲလာသော လက္ခဏာများဖြစ်သည်။

ယင်းကဲ့သို့ မိုးရေချိန်လက်မ လျော့နည်းလာခြင်းကြောင့် တိုင်းအတွင်း နွေရာသီတွင် ရေရှားပါးမှုမှာ ယခင်နှစ်များထက် ပိုဆိုးလာနိုင်ဖွယ်လည်းရှိနေသည်။ ထို့အပြင် တိုင်းအတွင်း အဝီစီတွင်းများတူးကာ မြေအောက်ရေထုတ်ယူသုံးစွဲမှုမှာလည်း တစ်နှစ်ထက်ပိုများ လာနေသည်။

တနင်္သာရီတိုင်း၏ မိုးရေချိန်မှာ လွန်ခဲ့သော ဆယ်နှစ်နှင့်နှိုင်းယှဉ်ပါက သိသိသာသာလျော့နည်းလာနေပြီဖြစ်သည်။ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသော စာရင်းအရ ၂၀၁၁ ခုနှစ် ဝန်းကျင် တနင်္သာရီတိုင်း၏ တစ်နှစ် အပျှန်းမျှ မိုးရေချိန်မှာ လက်မ ၂၀ဝ အထက် တွင်ရှိနေသည်။

တစ်ဖက်တွင် မိုးရေချိန်လျော့နည်းလာပြီး တစ်ဖက်တွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုမှ ပိုများလာနေသည်။ ယင်းအတွက်ကြောင့် နောက်ပိုင်းတွင် ရေချိုရှားပါးမှုနှင့် ရင်ဆိုင်လာရမည်ဖြစ် ကြောင်း သတိပေးပြောကြားသည်။

ပြီးခဲ့သည့် နွေရာသီက ရေရှားပါးသည့်ရွာများကို ရေလှူရန်၊ ရောင်းချရန် တွင်းရေကိုထုတ်ယူစဉ် ထုတ်ယူသည့် ရေတွင်း အနီးဝန်းကျင်တွင် ရေခမ်းသွားခဲ့မှု လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဖြစ်ပေါ်ခဲ့သေးသည်။

တနင်္သာရီတိုင်းသည် အမြင်အားဖြင့် သစ်တောဖုံးလွှမ်းမှုများသည့် ဒေသ တစ်ခု၊ ရော်ဘာကဲ့သို့သော အစားထိုး သစ်ပင်များ ရှိနေခြင်းကြောင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်မရှိနိုင်ဟု ယူဆစရာရှိသော်လည်း လက်တွေ့တွင်မူ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် ဖြစ်ပေါ်နေပြီဖြစ် ကြောင်း ဦးကျော်မိုးခိုင်က ဆိုသည်။

“ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ရဲ့ ရိုက်ခတ်မှုကလည်း တော်တော်လေးကို ရိုက်ခတ်မှုများနေပြီ” ဟု ဦးကျော် မိုးခိုင်က ဆိုသည်။

ကျော်သူစိုး