ဘုံပျောက်၊ ဗိုက်မှောက်နေရတဲ့ ကိုဗစ်ကာလ ဇာတ်သမားများ

0
427
ကိုဗစ်ကာလ ဇာတ်သမားများ

ကိုဗစ်ကာလထဲမှာ ထားဝယ်မြို့ နယ်သဘင်အစည်းအရုံးဟာ ဒုက္ခသည် ကယ်ဆယ်ရေးစခန်းတစ်ခုလားလို့ တောင် ထင်စရာဖြစ်ပါတယ်။

အစည်းအရုံးရဲ့ ခြံဝင်းထဲ စဝင်ဝင်ချင်းမှာ ရုံးရဲ့ဝရန်တာမှာ ကလေးပုခက်လွှဲနေတဲ့ အသက် ၉၀ ကျော်အဖွားတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ အဲဒီ နေရာက လူတစ်ယောက်ကျောတစ်ခင်းစာလောက်သာ ကျယ်တာပါ။ မေးကြည့်တော့ လူနှစ်ယောက်အိပ်တဲ့နေရာတဲ့။

သူ့နဲ့မျက်နှာချင်းဆိုင်မြေကြီးပေါ်မှာတော့ ဇာတ်ပွဲသုံး သံသေတ္တာတွေ၊ မီးဖိုချောင်သုံး အိုးခွက်တွေက အမြင့် ငါးပေလောက်ရှိတဲ့ သဘင်းအစည်းအရုံးရဲ့ ခြံစည်ရိုးထက်တောင်မြင့်နေပါသေးတယ်။ အဲဒီနေရာမှာက သူတို့ရဲ့မီးဖိုချောင်။ အဲဒီဘေးမှာက အမျိုးသားတစ်ဦးက တဗွမ်းဗွမ်းနဲ့ ရေချိုးနေပါတယ်။

သဘင်အစည်းအရုံးအဆောက်အဦးရဲ့ ဘေးဘယ်ညာနှစ်ဘက်စလုံးမှာရှိတဲ့ လူနေလို့ရတဲ့နေရာတွေဖြစ်တဲ့ ဝရန်တာ၊ ပစ္စည်းထားခန်းတွေမှာ ဖြစ်သလို နေနေကြတဲ့ ကလေးလူကြီး တစ်ဆယ် ကျော်လောက်ကို တွေ့ရပါတယ်။ အမိုးနဲ့ အခင်းကလွဲပြီး အကာမရှိပါဘူး။

“အခုဆိုရင် လေတိုက်လည်းနေ။ မိုးလင်း ငါးနာရီထိုးတာနဲ့ နေကြီးက ထိုး။ နေ့ခင်းကျတော့လည်း ခြင်ကကိုက်လို့ မအိပ်ရ။ သြော်…” လို့ ကလေး ပုခက်ကိုလွှဲရင်း ဒေါ်သိင်္ဂီရွှေက ညည်းတွားလိုက်ပါတယ်။

သူဟာ အသက် ၉၀ ကျော်အရွယ်ရှိ ပါပြီ။ တစ်ချိန်က မြန်မာပြည်အလယ်ပိုင်းမှာ ထင်ရှားတဲ့ ဇာတ်မင်းသမီးဟောင်း တစ်ဦးဖြစ်ပါတယ်။ သားဖြစ်သူနဲ့အတူ ထားဝယ်ကို ဇာတ်ကဖို့ရောက်လာခဲ့တာ နှစ် ၂၀ လောက်ရှိနေပါပြီ။

လွန်ခဲ့တဲ့ငါးနှစ်လောက်က ထားဝယ်မြို့နယ် တောင်သုံးလုံးရွာမှာ ဇာတ်ကရင်း တိမ်းပါးသွားတဲ့ မင်းသားလှိုင်ဘွားဆိုတာ ဒေါ်သိင်္ဂီရွှေရဲ့ သားငယ်ပါ။ အခု သူ့မှာ အသက် ၇၀ ဝန်းကျင် သမီးနှစ် ယောက်ကျန်ပါသေးတယ်။ အဲဒီသမီး နှစ်ယောက်က ဇာတ်ထဲမှာဆိုရင် ကြမ်းမယ်၊ ရမ်းမယ်ဆိုတဲ့အခန်းတွေမှာ သရုပ်ဆောင်ကြပြီး နောက်ခံသီချင်းတွေကိုလည်း ဆိုကြသူတွေဖြစ်ပါတယ်။

သူကတော့ ဇာတ်နောက်လိုက်ပြီး သမီးနှစ်ယောက်ရဲ့ ဝေယျာဝစ္စကိုလုပ်၊ တစ်ခါတလေ အပြင်က ဧယဉ်ကျူးတာ တွေခေါ်ရင် လိုက်ဆိုဖြစ်နေပါသေး တယ်။

သားငယ်သက်ရှိထင်ရှားရှိစဉ်ကလို ပြေပြေလည်လည်မဟုတ်ပေမဲ့ သမီးနှစ်ယောက်ရဲ့ လုပ်အားနဲ့ စားလောက်၊ သောက်လောက်ရုံလေး နေနိုင်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါမမွှေခင်အထိ ပေါ့လေ။

ကိုဗစ်ရောဂါဖြစ်ပြီးနောက်ပိုင်းမှာ အစိုးရက ဇာတ်သဘင်တွေကခွင့်ကို တားမြစ်လိုက်ပါတယ်။ အဲဒီနောက်ပိုင်း ဇာတ်သဘင်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်ပြီး စားရေး၊ နေရေး အခက်အခဲတွေ့လာကြရပါတယ်။

အဲဒီလို အခက်တွေ့ကြတဲ့သူတွေ ထဲမှာမှ အိမ်ခန်းငှားနေရတဲ့သူတွေက ပိုပြီးအခက်အခဲဖြစ်ကြရပါတယ်။ တချို့ဆိုရင် အိမ်ခန်းလစာမပေးနိုင်တော့လို့ အိမ်ပေါ်ကမောင်းချခံလိုက်ရတဲ့သူတွေရှိပါတယ်။

ဒေါ်သိင်္ဂီရွှေအပါအဝင် ထားဝယ်မြို့နယ် သဘင်အစည်းအရုံးဝင်းထဲမှာ လာခိုလှုံနေကြတဲ့ဇာတ်သမားတွေဟာ အိမ်ပေါ်ကနေ မောင်းချခံလိုက်ရတဲ့သူတွေဖြစ်ပါတယ်။ ဒေါ်သိင်္ဂီရွှေ မိသားစုဆိုရင် ည ၁၁ နာရီလောက်မှာ မောင်းချ ခံလိုက်ရပြီး ရောက်လာကြတာ ဖြစ်ပါတယ်။

“တချို့အိမ်ရှင်တွေက ကိုဗစ်-၁၉ ဖြစ်တဲ့အချိန်မှာ အိမ်လခတွေဘာတွေ လျှော့ပေးနေတဲ့အချိန်မှာ သူတို့တစ်တွေက အတိအကျ တစ်သိန်းဆို တစ်သိန်း အခုပေး၊ မပေးနိုင်ရင်ဆင်း။ တစ်လတောင်မှ အစွန်းမခံကြဘူး” လို့ အိမ်ပေါ် ကနေမောင်းချခံရသူ နောက်တစ်ဦးဖြစ်တဲ့ ဒေါ်ဝါဝါကဆိုပါတယ်။

ဒေါ်ဝါဝါရဲ့ အမျိုးသားက ရွှေတံဆိပ်ဆုရှင် မင်းသားဟောင်းတစ်ဦးဖြစ်ပါတယ်။ ဇာတ်မကတော့တဲ့နောက်ပိုင်း ဇာတ်ပွဲကန်ထရိုက်လုပ်နေတဲ့သူတစ်ဦးဖြစ်ပါတယ်။

အခုနောက်ပိုင်းတော့ ဟင်းသီး၊ ဟင်းရွက်တွေကို ဝယ်ရောင်းလုပ်နေပါတယ်။ သုံးဘီးတစ်စီးကို နေ့တွက်နဲ့ငှားပြီး နယ်လှည့်ရောင်းနေတာ ဖြစ်ပါတယ်။ အဲဒီအလုပ်က သူမကျွမ်းကျင်တာကြောင့် ဝယ်ထားတဲ့ဟင်းသီး၊ ဟင်းရွက်တွေ ပုပ်သွားလို့ ငွေတစ်သိန်းကျော် စိုက်လျော်လိုက်ရပါသေးတယ်လို့ ဆိုပါတယ်။ စားဖို့မရှိ၊ လျော်ဖို့ရှိဆိုတဲ့ စကားပုံအတိုင်းပေါ့။

ဟင်းသီး၊ ဟင်းရွက်ရောင်းတဲ့ အလုပ်က ၁၀ ရက်လောက်ပဲရှိသေးတာပါ။ အဲဒီမတိုင်ခင်ကတော့ သူတို့လင်မယား ထမင်းမစားရတဲ့ရက်တွေတောင် ရှိခဲ့တယ်လို့ ရင်ဖွင့်ပါတယ်။

“ရေသောက်ပြီးတော့နေနေရတာ သုံးရက်လောက်ရှိတယ်” လို့ ဒေါ်ဝါဝါ က ဆိုပါတယ်။

အခုတော့ သူများထောက်ပံ့တဲ့ ဆန်နဲ့၊ ဟင်းသီးဟင်းရွက်ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ စားသောက်၊ ညဘက်ဆို သဘင်အစည်းအရုံးကအခန်းထဲမှာ ဝင်အိပ်၊ နေ့ဘက်ဆို ဝရန်တာမှာ။ အဲဒါဟာ ကိုဗစ်ကာလ သူတို့ရဲ့ နေ့စဉ်ဘဝ ဖြစ်နေပါတယ်။

မနှစ်က ထားဝယ်မှာ ဇာတ်အဖွဲ့ ရှစ်ဖွဲ့လောက်ရှိပါတယ်။ မိုးရာသီဇာတ် ခေါင်းခွဲတဲ့အချိန် တချို့က နေရပ်အသီးသီးကို ပြန်သွားကြပါတယ်။ ထားဝယ်မှာတော့ ဇာတ်သမားတွေအခေါ်အရ နယ်မြေခံဇာတ်သမား ၂၀ဝ ဝန်းကျင်လောက် ကျန်နေကြပါတယ်။

ကျန်နေတဲ့သူတွေကတော့ ရေခဲချောင်း ရောင်းတဲ့သူ၊ ပန်းရန်ဝင်လုပ်တဲ့သူ၊ ကုန်ထမ်းတဲ့သူ၊ ဆေးရုံ လူနာစောင့်လုပ်တဲ့သူ၊ အနှိပ်သည် စတဲ့ သူတို့မကျွမ်း ကျင်တဲ့ လုပ်ငန်းခွင်တွေမှာ ဝင်လုပ်နေ ကြပါတယ်။

ထားဝယ်မြို့နယ် သဘင်အစည်း အရုံးဥက္ကဋ္ဌလည်းဖြစ် ရွှေမင်းဇာတ်ပွဲ ပိုင်ရှင်လည်းဖြစ်တဲ့ ဦးတင်မောင်ရွှေ ကိုယ်တိုင် ကားတစ်စီးနဲ့ နယ်လှည့် သစ်သီးရောင်းနေရပါတယ်။ သူ့ရဲ့ သမီး(ရွှေမင်းဇာတ်ပွဲက ခေါင်းဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ နှင်းမင်းသမီး) ဆိုရင် အောင်ဘာလေထီနဲ့ အအေးဆိုင် ဖွင့်ပြီးရောင်းနေရပါတယ်။

ကိုဗစ်ကာလထဲမှာ အခြားစီးပွားရေးလုပ်ငန်းရှင်တွေနည်းတူ သဘင်လုပ်ငန်းတွေပါ ထိခိုက်ပေမဲ့ အစိုးရကဆောင်ရွက်တဲ့ ကိုဗစ်ကာလ စီးပွားရေးပြန်လည် ကုစားရေးအစီအစဉ်မှာ ဇာတ်သဘင် သမားတွေအတွက် မပါလာပါဘူး။

အဲဒီအပြင် အခြေခံလူတန်းစား ထောက်ပံ့မှုမှာလည်း ထားဝယ်က ဇာတ်သဘင်သမား အတော်များများ မရကြဘူးလို့ ဦးတင်မောင်ရွှေက ပြောပါတယ်။

“စိတ်မကောင်းဖြစ်မိတာတစ်ခုက တစ်နိုင်ငံလုံး ပြည်သူပြည်သားတွေ အကုန်လုံးကို ငွေသော်လည်းကောင်း ဆန်သော်လည်းကောင်း ထောက်ပံ့ပေးတယ်။ အဲလိုထောက်ပံ့ပေးတဲ့အထဲမှာ သဘင်မိသားစုတွေမှာ မရတဲ့သူ အတော်များတယ်။ ဘာလို့မရတာလဲဆို ကိုယ်တို့က ဧည့်သည်တွေဖြစ်နေကြတာကိုး” လို့ ဦးတင်မောင်ရွှေက ဆိုပါတယ်။

အဲဒါကြောင့် ဇာတ်သဘင်သမားတွေကိုလည်း အခြားစီးပွားရေးလုပ်ငန်းရှင်တွေလိုပဲ အတိုးနည်းနည်းနဲ့ ငွေချေးပေးဖို့ တိုင်းအစိုးရကို တောင်းဆိုထားပါတယ်။

အစကတော့ ဒီလိုချေးငွေတွေ တောင်းဖို့ စိတ်ကူးတောင်မရှိခဲ့ပါဘူး။ အခုလိုပွင့်လင်းရာသီမှာ ဇာတ်ကခွင့်ရ မယ်လို့ထင်ပြီး ဇာတ်အဖွဲ့လေးဖွဲ့က ကြိုတင်ပြင်ဆင်ထားကြပါသေးတယ်။ တစ်ရာသီစာ ဇာတ်ပွဲတစ်ပွဲ ပြင်ဆင်စရိတ် က အနည်းဆုံး သိန်းငါးရာလောက်ရှိတယ်လို့ဆိုပါတယ်။

ရင်းထားတာတွေက ငွေသေတွေဖြစ်သွားလို့ အစိုးရကို အကူအညီတောင်းရတဲ့အခြေအနေဖြစ်လာခဲ့တာလို့ ဦးတင် မောင်ရွှေက ရှင်းပြပါတယ်။

ညမထွက်ရ၊ လူစုလူဝေးမလုပ်ရဆိုတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြားထဲမှာ ရွေးကောက်ပွဲကာလ လူထောင်ချီတဲ့ မဲဆွယ်ပွဲတွေ၊ ရွေးကောက်ပွဲပြီး လူရာချီစုဝေးပြီး အောင်ပွဲခံနေတဲ့ မြင်ကွင်းတွေက ဇာတ်မကရလို့ စားဝတ်နေရေးကျပ်တည်းနေတဲ့ ဇာတ်သဘင် သမားတွေအတွက်တော့ နာကျင်စရာ တွေပါပဲ။

“ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါ တွေ( လူစု၊ လူဝေးပွဲတွေ) မြင်နေရ လေလေ ပေါက်ကွဲချင်တဲ့စိတ်တွေက အများကြီးပေါ်ပေါ်လာတယ်”

“မြန်မာတစ်နိုင်ငံလုံးမှာ လူထောင်နဲ့ သောင်းနဲ့ လူစုလူဝေးလုပ်နေတာကြတွေလည်းမြင်တယ်။ သြော်… ဒါတွေ ကျတော့ရတယ်။ ဒီလောက်ထိ လူစု၊ လူဝေးမများတဲ့ တို့ပွဲလမ်းသဘင်ကျတော့ ဘာလို့မရတာလဲ၊ ဘာလို့ခွင့်မပြု ချက်မပေးသေးတာလဲ”

အဲဒီခံစားချက်တွေဟာ ဦးတင်မောင်ရွှေတစ်ယောက် ဘယ်သူ့ကိုမှ မပြောဖြစ်ဘဲ ရင်ထဲမျိုသိပ်ထားတဲ့ခံစား ချက်တွေ ဖြစ်ပါတယ်။

အချို့ရွာတွေမှာဆို ဇာတ်မင်းသမီး တွေကိုငှားပြီးတောင် ရွေးကောက်ပွဲ အောင်ပွဲခံကြတာတွေရှိပါတယ်။ ဥပမာ လောင်းလုံးမြို့နယ်က စစ်ပြဲ၊ ကျွဲတိုက်မော်၊ ကြက်ယက်တွင်း စတဲ့ရွာတွေမှာပေါ့။

အဲဒီတော့ သူတို့ရရင် ငါတို့လည်း ရရမယ်လို့ ဇာတ်သမားတွေက တွေးလာကြပါတယ်။ တစ်ဖက်မှာလည်း ဇာတ်မကရတာ ရက်ရှည်လာရင် ဇာတ်သမားတွေရဲ့ ရှေ့ရေးက ပိုခက်လာဖို့ပဲရှိ နေပါတယ်။

အခုကို အိမ်လခမပေးနိုင်တော့လို့ အိမ်ပေါ်ကနေ ဆင်းခဲ့ရတဲ့ အသက် ၉၀ တို့လို ဇာတ်သမားတွေရှိလာနေပြီ။ ရေသောက်ဗိုက်မှောက်နေရတဲ့သူတွေ ရှိလာနေပြီ။

ဇာတ်သမားတွေရဲ့ ခံစားချက်တွေ၊ အခက်အခဲတွေကို တိုင်းအစိုးရသိဖို့လိုတယ်။ သတင်းစကားလည်းပါးချင်နေ ကြပါတယ်။

ဒါကြောင့် သူတို့နဲ့ ခပ်စိမ်းစိမ်း ဆက်ဆံရေးရှိတဲ့ တိုင်းအစိုးရဆီကို မြို့နယ်သဘင်အစည်းအရုံးကနေ ကိုဗစ်ဆိုဖို့စီစဉ်ကြပါတယ်။ အဲဒီအချိန်မှာပဲ ရွေးကောက်ပွဲအပြီးမှာ ရောဂါကူးစက်မှု တွေ ပြန်လည်မြင့်တက်လာမှုနဲ့အတူ တိုင်းအစိုးရက အမိန့်တစ်ခုကို ထပ်ထုပ် ပြန်လိုက်ပါတယ်။ ကိုဗစ်ကာလ ညမထွက်ရအမိန့်ပါ။

အဲဒီအမိန့်ဟာ ဇာတ်ကခွင့်ပေးရေး တိုင်းအစိုးရထံကို တင်ပြတောင်းဆိုမယ့် စိတ်ကူးကို လမ်းခုလပ်မှာပဲ ရပ်တန့်သွား စေပါတယ်။ ဒီလိုနဲ့ပဲ သူ့လိုအင်တွေကို မီဒီယာကတစ်ဆင့်ပဲ ပြောပြနိုင်ပါတော့တယ်။

“အဖြစ်ချင်ဆုံးအရာကတော့ ဒီကိုဗစ် ရောဂါကြီး အမြန်ပျောက်ကင်းသွားပြီးတော့ ဇာတ်သဘင်၊ ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေ၊ ဆိုင်းပွဲတွေ အမြန်ဆုံးနည်းနဲ့ ကရပါစေလို့ပဲ၊ ခွင့်ပြုပေးပါလို့ပဲ ပြောချင်ပါတယ်”

ကျော်သူစိုး