လုပ်ချင်သေးတဲ့အရာတွေရှိပေမဲ့

0
666

အဖိုးအခရယ်လို့မရဘဲ သူချစ်တဲ့ ကရင်လူထုတွေရဲ့ ဥယျာဉ် ခြံမြေတွေ တရားဝင်ရရှိဖို့ အားတက်သရော စတင်ကူညီဆောင်ရွက်ပေးခဲ့တယ်။ မိန်းကလေးငယ်တစ်ဦးဖြစ်ပေမဲ့ တောတောင်ရေမြေကြားထဲ မညည်းမညူ စိတ်အားထက်သန်စွာ လုပ်ဆောင်ခဲ့တယ်။ ဒေသခံတွေရဲ့ အမှန်တရားအတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်။ သူ့လုပ်ဆောင်မှုကြောင့် အချို့ဒေသခံတွေရဲ့ ဥယျာဉ် ခြံမြေ တိတိကျကျ ပြန်ရရှိချိန်မှာတော့ သူလုပ်ဆောင်အောင်မြင်သွားတာကို ပြန်ကြည့်ဖို့ အချိန်မရလိုက်တော့ပါဘူးလေ။ နော်ချစ်ပန်းတိုင် ဆုံးပါးသွားတာ လေးနှစ်ရှိပြီဖြစ်ပေမယ့် တရားမျှတမှုနဲ့ အမှန်တရားကိုတော့ ပြန်မရသေးပါဘူး။ သူနဲ့ ပတ်သက်တဲ့ အမှတ်တရ စကားတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ပထမအချက်က သိရသလောက်ဆိုရင် အဲ့ဒီနေရာက Public Square လို့ခေါ်လို့ရတယ်နော်။

လူထုတွေစုဝေးတဲ့နေရာဖြစ်နေတယ်။ ဒါပေမဲ့ လူထုစုဝေးတဲ့နေရာမှာ အဖြစ်အပျက်ကဖြစ်လာတယ်။ အဲလို ဖြစ်လာတဲ့ အဖြစ်အပျက်အပေါ်မှာ ဒီ နေ့နဲ့ညပဲကွာတယ်။ ဒါကြောင့် လူထုစုဝေးတဲ့ Public Square မှာ အမှုဖြစ်ပြီး အမှုမပေါ်တာ အံသြစရာကောင်းတယ်။ အဲဒါတွေကတော့ Private Case ပေါ့ အဲ့လောက်လူထုနေရာ မှာဖြစ်တဲ့ ကိုယ့်နေရာနဲ့ကိုယ်ဖြစ်တဲ့အခါကြတော့ အမှုတွေက ဘာလဲပေါ်တယ်။ ဒါပေမဲ့ Public Square လို့ခေါ်တဲ့ လူထုအစုဝေး ပြုလုပ်တဲ့နေရာမှာ အမှုမပေါ်ဘူးဆိုတာ ဒါကတော့ တစ်ခုခုကတော့ ဘာအကြောင်းလဲဆိုတာ မသိဘူး။ ဒါကတော့ နက်နဲမှုတွေရှိတယ်လို့ ယူဆတယ်။ ပြီးရင်နောက်တစ်ချက်က ဗမာပြည် တယ်လီဖုန်းကိစ္စ ဆိုတော့ ဗမာပြည် တယ်လီဖုန်းကိစ္စက Register လုပ်တဲ့ ကိစ္စဆိုတော့ အဲဒီညမှာ တယ်လီဖုန်းအဆက်အသွယ်ရှိတယ်လို့ ကြားသိရတယ်။ ကြားသိရတဲ့ တယ်လီဖုန်းကလည်းပဲ တကယ် Register လုပ်ခဲ့လို့ရှိရင် ဘယ်သူဖုန်းဆက်လဲဆိုတာ ဒီမှာ အဖြေရနိုင်တယ်။ ဒါပေမဲ့ ကောင်းကောင်း Register မလုပ်တဲ့ System ကြောင့် ဘာမှလုပ်လို့မရဘူး။ ဒါပေမဲ့ ဒီ Mother Board မှာ အစိုးရပိုင်တစ်ခုခုမှာ ရှာရင်တော့ ရမလားဆိုတာ စဉ်းစားစရာရှိတယ်။ ဒါပေမဲ့ Register မလုပ်တဲ့အတွက် ဒါဘယ်သူ့ဖုန်းလဲ ဘယ်သူလဲဆိုတာ မသိဘူး။ အယ်ဖောတို (ချစ်ပန်းတိုင်) ကိုင်ခဲ့တဲ့ ဖုန်းမှာ အဝင်အထွက်တွေ ရှိတာတော့ သေချာတယ်။ ဒါပေမဲ့ အဲဒီအယ်ဖောတို (ချစ်ပန်းတိုင်) က သူ့ဖုန်းကို ဆက်လာတဲ့အခါမှာ Register ကို မလုပ်တဲ့အတွက် နာမည်ကို မသိရဘူး။ မသိတဲ့အတွက် ဒါတွေက Register မလုပ်တဲ့ ကိစ္စပေါ်မှာ ထင်မိတယ်။

နောက်တစ်ချက်ကတော့ အဲဒီမှာ အဲဒီပွဲမှာ အယ်ဖောတို (ချစ်ပန်းတိုင်) က ပွဲကြည့်သူမဟုတ်ဘူး။ ဆိုတော့ ပွဲမှာသူက အစီအစဉ်နဲ့အတူ ပါဝင်သရုပ်ဖော်မယ့် လူဖြစ်တယ်။ ဒါကြောင့် သရုပ်ဆောင်လုပ်တဲ့ အဖွဲ့ရှိသော ဒီပွဲလုပ်တဲ့ အဖွဲ့ရှိတဲ့ တာဝန်ယူမှု တာဝန်ခံမှုက ဒီနားမှာ လစ်ဟင်းတယ်လို့ နည်းနည်းခံစားရမိတယ်။ ဒါကြောင့် ဒီတာဝန်ယူပြီး သူ့ကို ဖော်တဲ့အတွက် ဒီတာဝန်ကို မကြားသလို မသိသလို ခံစားရတယ်။ ဒါကြောင့် အဲဒီအချက်သုံးချက်အပေါ်မူတည်ပြီး တော့ အမှုက အခုထက်ထိမပေါ်ရခြင်းသည် ဦးဆုံးဒီလက္ခဏာသုံးခုဖြစ်တယ်လို့ ထင်တယ်။

Fr.သိန်းခင်


နော်ချစ်ပန်းတိုင်သေဆုံးသွားတာ လေးနှစ်ပြည့်ခဲ့ပေမဲ့ အခုအချိန်ထိသူ့ကိုမမေ့နိုင်ဖြစ်နေဆဲပါ။ ဒီလိုသေဆုံးရတာ သူ့အတွက်လုံးဝကိုမတရားမှုကြီးတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူမကသူမချစ်သောလူမျိုးအတွက် သူတတ်နိုင်တဲ့ဘက်က အစွမ်းကုန်ကြိုးစားလုပ်ပေးခဲ့တယ်။ ကျား၊ မ မရွေးနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံ တတ်တယ်။ နှိမ့်ချ စိတ်ကူညီပေးကမ်းတတ်သူစိတ်သဘောထားပြည့်ဝသူ တစ်ယောက်ဖြစ်လို့ပါ။ အခုအချိန်အထိသူ့အတွက် အမှန်တရားကို မဖော်ဆောင်ပေးနိုင်တာက သူ့အတွက်ရော အမျိုးသမီးတိုင်းအတွက်ပါ ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်စေပါတယ်။ ဒါကြောင့်အခုတက်လာမဲ့ အစိုးရနဲ့ NLDကိုပါသူ့အတွက်တရားမျှတမှု ဖြစ်အောင် ကြိုးစားဖော်ထုတ်ပေးစေချင်ပါတယ် ဒါမှလည်းအမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုကို ကာကွယ်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

နော်လေးလေထူး (True Friends)


အမှုမှန် မပေါ်သေးလို့ဝမ်းနည်းတာပေါ့။ ဆိုတော့ အမှုမှန်ပေါ်စေချင်တယ်ပေါ့။ အခုထိလည်း မပေါ်သေးဘူး။ တစ်နေ့နေ့ပေါ်လာမယ်လို့ယုံကြည်ပါတယ်။ ကိုယ့်သမီးဆိုတော့ အခုထိဘယ်မေ့နိုင်မှာလဲ။ အမှုကိုပဲပေါ်စေချင်တယ်။ ကျန်တာဘာမှ မပြောချင်တော့ဘူး။

နော်ဆိုးရိုး (နော်ချစ်ပန်းတိုင်၏မိခင်)


နော်ချစ်ပန်းတိုင်လုပ်ကြံသတ်ဖြတ်ခံပြီး လေးနှစ်ပြည့်မှာ ပြောချင်တာကတော့ သူလို နိုင်ငံသားတာဝန်ကျေပြီး ဒေသအကျိုး၊ လူမျိုးအကျိုးပြုအလုပ်တွေကို တက်တက်ကြွ ကြွလုပ်ဆောင်နေတဲ့ အမျိုးသမီးငယ်တစ်ဦးဆုံး ရှုံးလိုက်ရတဲ့အတွက် နှမြောတသဖြစ်တာ၊ စိတ်မကောင်းဖြစ်တာကတော့ အခုချိန်အထိပါပဲ။ လေးနှစ်ပြည့်သွားပြီဆိုပေမယ့် စိတ်ထဲမှာ မနေ့တစ်နေ့ကလိုပဲဖြစ်မိတယ်။ ခံစားနေရတုန်းပါပဲ။ ကျွန်မကို ပိုပြီးခံစားရစေတာ ကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိဖို့ တာဝန်ရှိတဲ့ အစိုးရအနေနဲ့ ဒီအမှုအတွက် အမှုမှန်ပေါ်ပေါက်ရေး၊ တရားမျှတမှု ရရှိရေး ဖော်ဆောင်ပေးရမယ့်နေရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု တော်တော်လေးနည်းခဲ့တယ်ဆိုတာပဲ။

ပြည်သူလူထုလုံခြုံရေးအတွက် တာဝန်ရှိတဲ့အစိုးရ တစ်ရပ်ဟာ ပြည်သူလုံခြုံရေးကိုရှေ့ရှုတဲ့ လုပ်ငန်းတွေ၊ ဥပမာ စီစီတီဗီကောင်းကောင်းတပ်ဆင်ပေးတာမျိုးတွေ၊ နော်ချစ်ပန်းတိုင် လုပ်ကြံခံရတဲ့အခြေနေမျိုးမှာ လုံခြုံရေးဝန်ထမ်းတွေကို အလုံအလောက်နဲ့ သေသေချာချာ ချထားပေးမယ်ဆိုရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး။ ဖြစ်လာခဲ့မယ်ဆိုရင်လည်း အမှုမှန်ပေါ်ပေါက် ရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်တဲ့နေရာမှာ ဒီလိုကြန့်ကြာနေမှာမဟုတ်ဘူးလို့မြင်ပါတယ်။ ဒီအမှုဟာ ကျွန်မတို့ပြည်သူအတွက်၊ အမျိုးသမီးထုအတွက် ကိုယ့်အသက်ကို ကိုယ်တိုင်ကာကွယ်စောင့်ရှောက်ဖို့ ကျွန်မတို့ကိုယ်တိုင်မှာပဲ တာဝန်ရှိတယ်ဆိုတာကို သင်ခန်းစာပေးလိုက်တယ်လို့ ပြောချင်ပါတယ်။

နောက်ဆုံးပြောချင်တာကတော့ ဒီအမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးအတွက် အလေးအနက်ထားပြီး စုံစမ်းဖော်ထုတ်ပေးဖို့ နောင်တက်လာမယ့် အစိုးရကို တိုက်တွန်းချင်ပါတယ်။

နန့်မာလာ (တွဲဖက်အထွေထွေအတွင်းရေးမှူး ၂၊ ထားဝယ်အမျိုးသမီးသမဂ္ဂ)


နော်ချစ်ပန်းတိုင်ရဲ့ ၄ နှစ်ပြည့် အောက်မေ့ဖွယ် အစီအစဉ်မှာ ကျွန်မအနေနဲ့ပြောရမယ်ဆိုရင် စိတ်မကောင်းဘူးပေါ့။ အခုထိလည်းသူ့အမှုက သွေးအေးနေတုန်းပဲပေါ့။ ဒီအမှုလည်း ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့ အတွက်ကြောင့်မို့ ရဲကနေဦးဆောင်ပြီး လုပ်ဆောင်ရမဲ့အလုပ်တွေကအများကြီးရှိတာပေါ့လေ။ အခြေအနေကမတူဘူးပေါ့လေ။ ဆိုတဲ့အခါတော့ ရဲအရေး ပိုင်တဲ့အမှုဆိုရင် ကာယကံရှင်က ဖျက်သိမ်းချင်တာတောင်မှ ရဲအရေးပိုင်တဲ့အမှုဖြစ်တော့ ရဲကနေပဲ တစိုက်မတ်မတ်နဲ့လုပ်ရမဲ့ဟာဖြစ်တာပေါ့။ မေးချင်တဲ့အရာကတော့ ဒီအမှုက ဘာကြောင့် ခုချိန်ထိ သွေးအေးနေရတာလဲ လို့မေးချင်ပါတယ်။ ကျွန်မတို့က အမှန်တရားဘက်ကနေပြီးတော့ အမှုကိုပေါ်စေချင်တယ်။ ရှင်းရှင်းလင်းလင်းနဲ့အမှုကို လူအများသိအောင်ဖြစ်စေချင်တယ်။ ဒါကတော့ ကျွန်မတို့ရဲ့ မျှော်လင့်ချက်လေးပေါ့။ နော်ချစ်ပန်းတိုင်နဲ့ပတ်သက်ပြီးတော့ အမှတ်ရစရာတွေအများကြီးရှိပါတယ်။ သူများတွေ သွေးအေးသော်ငြားလည်း ကျွန်မက ဒီအမှုမှန်ပေါ်ပေါက်ဖို့ မျှော်လင့်တယ်၊ တမ်းတတယ်၊ ဖြစ်စေချင်တယ်။

နော်အဲလစ်စဘက် (လူထုဆက်ဆံရေးကြီးကြပ်ရေးမှူး၊ တနင်္သာရီတိုင်းဒေသကြီး၊ MAG)

တာကပေါအဖွဲ့၏အစီအစဉ်ဖြင့် ဖော်ပြသည်။