NLD အောင်ပွဲခံသည့် လူအုပ်စုအတွင်း ဓားဖြင့်ဝင်ခုတ်၊ လူသုံးဦး ဆေးရုံရောက်

0
184

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိသဖြင့် အောင်ပွဲခံ ကခုန်နေကြသည့် လူအုပ်စုအတွင်းသို့ အမျိုးသားတစ်ဦးက ဓားဖြင့်ဝင်ခုတ်ရာ လူသုံးဦးဒဏ်ရာရရှိသဖြင့် ဆေးရုံတင်လိုက်ရကြောင်း ကာယကံရှင်များနှင့် မြိတ်မြို့မရဲစခန်းမှ သိရသည်။

မြိတ်မြို့၊ ဇေယျာသီရိ(၁)ရပ်ကွက် တွင် နိုဝင်ဘာလ ၉ ရက်နေ့က NLDအားထောက်ခံကြသည့် လူငယ်တစ်စုမှ ဆောင်းဘောက်များဖြင့် သီချင်းဖွင့်ကာ ကခုန်နေကြစဉ် ည ၉ နာရီခန့်တွင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားက အိမ်သုံးဓားဖြင့် ဝင်ခုတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဝင်ခုတ် ခြင်းကြောင့် လူငယ်သုံးဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့ကြပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်ဟု ရပ်ကွက်နေပြည်သူများက ပြော ပြသည်။

“ပထမအိမ်ပေါ်ကနေ အော်ဟစ်ဆဲ ဆိုတယ်။ ပြီးတော့ ဆင်းလာပြီး ဓားနဲ့ ဝင်ခုတ်တယ်” ဟု အခုတ်ခံရသူ ကာယကံရှင် ကိုစိုးရွှေက ပြောသည်။

၎င်းမှာ လက်တံတောင်ဆစ်အထိ ဒဏ်ရာများရရှိခဲ့သည်။ ဓားဖြင့်ဝင်ခုတ်သူနှင့် ယခင်က ရန်ငြိုးရန်စ တစ်ခါမှမရှိဖူးကြောင်း ကာယကံရှင်များ ကဆိုသည်။

သို့သော်၎င်းသည် ရပ်ကွက်အတွင်း ဓားခုတ်မှုကျူးလွန်ခဲ့ဖူးပြီး အောင်ပွဲခံက ခုန် နေသည့်အနီးနေအိမ်တွင် နေထိုင်ကြောင်း ရပ်ကွက်သားများက ပြောပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ ပုဒ်မ ၃၂၄ (တုံးသော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု)ဖြင့် အမူဖွင့်အရေးယူထားပြီး လက်ရှိတွင် အာမခံပေးထားသည်။

“သူကရပ်ကွက်ထဲ ပြန်လာတယ်ဆိုတော့ ကျွန်တော်တို့မလုံခြုံသလို ခံစားနေရတယ်” ဟု ကိုစိုးရွှေက ပြောသည်။

ထိခိုက်နစ်နာမူနှင့် ပတ်သက်ပြီး ချွန်ထက်သောလက်နက်သို့မဟုတ် ဓားဖြင့်ခုတ်ပြီး ဒဏ်ရာ ပြင်းထန်မည်ဆိုလျှင် ပုဒ်မသည် ၃၂၅ ဖြစ်ရမည်ဖြစ်သည်ဟု တနင်္သာရီတိုင်း ရှေ့နေများ ကွန်ရက်အဖွဲ့ တာဝန်ခံ စဧရာဝင်းက ပြောသည်။

“အရင်ကလည်း အလားတူပြစ်မှု ကျူးလွန်မှုတွေ ရှိထားတယ်ဆိုရင် အာမခံပေးထားတာက အန္တရာယ်များတယ်” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြိတ်၊ မြို့မရဲစခန်းမှ တာဝန်ရှိသူကမူ မှုခင်းဆေးစာတွင်ပါသည့် သဘောထားမှတ်ချက် အပေါ်မူတည်ကာ ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ကိုဆန်း