မော်လမြိုင် အိုးလုပ်ငန်း သုံးပုံ တစ်ပုံခန့် ကျ

0
652
မော်လမြိုင် အိုးလုပ်ငန်း

ကိုဗစ်ကူးစက်ရောဂါကြောင့် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ အိုးထုတ်လုပ်ငန်း သုံးပုံတစ်ပုံခန့် လျော့ကျသွားသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။

ကိုဗစ်ကူးစက်ရောဂါကြောင့် တစ်နေရာနှင့် တစ်နေရာ သွားလာ၍ မရသည့်အတွက် အိုးများ ဖြန့်ဖြူးရောင်းချနိုင်ခြင်းမရှိသောကြောင့် လုပ်ငန်းအချို့ကို ရပ်နားထားရပြီး လက်ရှိတွင် သုံးပုံတစ်ပုံခန့်သာ လုပ်ကိုင်နေသည်ဟု မုပွန်ရပ်ကွက်ရှိ အိုးလုပ်ငန်း လုပ်ကိုင်သူ ဦးထွန်းကြည်က ပြောသည်။

“အရောင်းအဝယ်တွေ၊ ကုန်သည်တွေ မလာတော့ အလုပ်ကို လုပ်တယ်ဆိုရုံပဲ လုပ်နေတယ်။ နားတော့ မနားဘူး လုပ်နေတယ် သုံးပုံတစ်ပုံလောက်ပဲ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

မုပွန်ရပ်ကွက်ရှိ အိုးလုပ်ငန်းနေရာသည် မွန်ပြည်နယ်အတွင်း အကြီးဆုံး အိုးထုတ်လုပ်သည့်နေရာတစ်ခုဖြစ်ပြီး စဥ့်အိုး၊ ငါးပိအိုး၊ ငရုတ်ဆုံ၊ ပန်းအိုး၊ ဆီမီးခွက်၊ ဆွမ်းအိုး စသဖြင့် အိုးအမျိုး အမျိုးတို့ကို ထုတ်လုပ် ရောင်းချနေသည့် နေရာဖြစ်သည်။

လက်ရှိတွင် ဒေသတွင်း အရောင်းအဝယ်အနည်းငယ်ရှိနေသည့် ငရုတ်ဆုံ၊ ပန်းအိုးတို့ကိုသာ ထုတ်လုပ်နေပြီး အချို့အိုးများကိုမူ မလုပ်ဘဲ ရပ်နားထားသည် ဟု ငြိမ်းငြိမ်း အိုးလုပ်ငန်းမှ မငြိမ်းငြိမ်း က ပြောသည်။

“အစ်မတို့ ပို့လို့မရဘူး။ အစ်မတို့ ဆီကိုလည်း လာဝယ်လို့မရကြတော့ ဖုတ်ပြီးသားတွေကလည်း ဒီအတိုင်း ပုံထားရတယ်။ နောက်ပွဲတော်ကာလ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင် ဆွမ်းအိုတွေ၊ ပန်းထိုးအိုးတွေလည်း ပွဲတော်တွေမရှိတော့ မလုပ်ဘူး” ဟု မငြိမ်းငြိမ်း က ပြောသည်။

အိုးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေါ်ရင်ကလည်း ကိုဗစ်ဖြစ်ပွားနေသည့်ကာလတွင် အိုးအရောင်းအဝယ်မှာ သာမန် ကာလနှင့် နှိုင်းယှဉ်လျှင် သုံးပုံတစ်ပုံ ကျသွားသည်ဟု ပြောသည်။

“ဘာလို့လဲဆိုတော့ နယ်မဆွဲဘူးလေ။ မြို့ပေါ်မှာလောက်ပဲ တစ်လုံးကုန် တစ်လုံးဝယ်၊ အိမ်သုံးလောက်ပဲ ရောင်းရတယ်။ ဖောက်သည်မဆွဲတဲ့အတွက်ကြောင့် မရောင်ရဘူး” ဟု ဒေါ်ရင်က ပြောသည်။

ပုံမှန်ကာလတွင် တစ်လျှင် ကျပ် ၁၀ သိန်းဖိုးမျှ ရောင်းချနိုင်ခဲ့သော်လည်း လက်ရှိတွင် ကျပ်သုံးသိန်းပင် မပြည့်မီတော့ဟု ၎င်းက ဆိုသည်။

မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်မှ ထွက်သည့်အိုးများသည် မွန်ပြည်နယ်အနှံ့ ဖြန့်ဖြူးရောင်းချနေသည့်အပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီ စသည့် မြို့များသို့လည်း ဖြန့်ဖြူရောင်းချသည်။