ထားဝယ်စာကို ကျောင်းများတွင် သင်ကြားခွင့်ရတော့မည်

0
308
Dawei Watch, Dawei News, Dawei News Media

ထားဝယ်တိုင်းရင်းသာစာပေကို လာမည့်ပညာသင်နှစ်မှစပြီး အခြေခံပညာကျောင်းများတွင် သင်ကြားနိုင်တော့မည်ဖြစ်ကြောင်း ထားဝယ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီထံမှ သိရသည်။

ထားဝယ်စာပေအား အခြေခံကျောင်း တွင်သင်ကြားနိုင်ရန်အတွက် တတ်သိ ပညာရှင်များက ဆယ်စုနှစ်နီးပါးကြာ အောင် ကြိုးစားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ပညာရေးဝန်ကြီးဌာနက KG တန်း၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် သင်ကြားခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ထားဝယ်စာပေသည် ဗမာအက္ခရာကို အခြေခံကာ ထားဝယ်အသံထွက်အတိုင်း ရေးသားထားခြင်းဖြစ်ကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှုဗဟို ကော်မတီ နာယက ဦးဘမြင့်က ပြောသည်။

ဥပမာ တန်ဆောင်မုန်းလ ကထိန်ပွဲ၊ နှစ်ဆယ့်လေးဆူဘုရားလှည့်ပွဲ၊ စာရေတံပွဲအား ထားဝယ်စာဖြင့် ဇောန်မူးလ ကထီပွဲ၊ နှေ့ဆယ့်ရှစ်ဆူဖျားဗွဲ၊ စာရေတံမဲဆွဲဗွဲ ဟု ရေးသားထားသည်။

“စကားပြောတာကို အရင်သင်မှာ။ အပြောကို သင်ပြီးမှ အရေးကိုသင်မယ်” ဟု ဦးဘမြင့်က ဆိုသည်။

စကားပြောကိုအရင်သင်ပြီးမှ စာအရေး အသားကိုနောက်မှ သင်မည်ဖြစ်သောကြောင့် ထားဝယ်စာပေသင်ကြားရာတွင် အခက်အခဲမရှိနိုင်ကြောင်း ၎င်းက ပြောသည်။ အခက်အခဲမရှိစေရန် အတွက်လည်း အကြိမ်ကြိမ်ဆွေးနွေး တိုင်ပင်ထား ပြီးဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် စာသင်ကြားရန်အတွက် ထားဝယ် စကားအခြေခံ ဖတ်စာအုပ်မူကြမ်းလည်းရှိနေပြီဖြစ် သည်။ မူကြမ်းစာအုပ်တွင် ဆရာကိုင်နှင့်။ ကျောင်းသားကိုင်ဟု နှစ်မျိုးရိုက်နှိပ်ထားသည်။ ကျောင်းသားကိုင်စာအုပ်တွင် ကလေးများ ဖတ်ချင်စဖွယ် ပန်းချီသရုပ်ဖော်ပုံများကိုပါ ထည့်သွင်းရေးဆွဲထားသည်။

ထားဝယ်စာပေကို အခြေခံကျောင်းများတွင် သင်ကြားရန်စီစဉ်ရခြင်း၏ ရည်ရွယ်ချက်မှာ ထားဝယ်ရိုးရာယဉ်ကျေးမှု ထုံးတမ်းဓလေ့များ၊ ထားဝယ်စကားများ ပျောက်ကွယ်မသွားစေရန်ဖြစ်ကြောင်း ဦးဘမြင့်က ပြောသည်။

ယနေ့ခေတ် ထားဝယ်စကားများမှာ ဗမာစကားနှင့် ရောထွေးနေပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ထားဝယ်စကားကို မှတ်တမ်းတင်ရန် လိုအပ်လာနေပြီဖြစ်သည်။ ယင်းအတွက်ကြောင့် ထားဝယ်စာပေအား ကျောင်းတွင် သင်ကြားရန် အရေးတကြီးလိုအပ်နေကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ အတွင်းရေးမှူး ဦးတင့်လွင် က ပြောသည်။

အချို့သော တိုင်းရင်းသားများကလည်း ထားဝယ်သည် ဗမာလူမျိုးအုပ်စုဝင်တစ်ခုဖြစ်ပြီး သီးခြားတိုင်းရင်းသားမဟုတ်ကြောင်းနှင့် ထားဝယ် စာပေသည်လည်းမရှိကြောင်း ပြောဆိုသည်များ ရှိသည်။

“အခုက ထားဝယ်စာသည် ကျောင်းတွေမှာ သင်ကြားတဲ့အဆင့်ကိုရောက်တော့မယ်ပေါ့လေ။ အရင်တုန်းကဆိုရင် ထားဝယ်တွေက စာမရှိဘူးဆို ပြီး မျက်နှာငယ်ကြရတယ်။ အခုဆိုရင်တော့ တို့ မျိုးဆက်တွေအတွက် ထားဝယ်စာရှိတော့မယ် ဆိုတော့ မျက်နှာမငယ်ပြီပေါ့” ဟု ဦးတင့်လွင်က ဆိုသည်။

ထားဝယ်စာပေကို ကျောင်းတွင်သင်ကြား မည်ဆိုပါက မည်သူက သင်ကြားမည်နည်းဆိုသည့် မေးခွန်းတစ်ခုရှိလာသည်။ တိုင်းအတွင်းရှိ မွန်နှင့် ကရင်စာပေတို့အတွက်မူ တိုင်းရင်းသာဘာသာ စကားသင်ဆရာ၊ ဆရာများအား နေ့စားလပေးဖြင့် အစိုးရက လစာပေး ခန့်ပေးထားသည်။

ထားဝယ်စာပေကိုလည်း အခြေခံကျောင်းများတွင် သင်ကြားမည်ဆိုပါက ဆရာ၊ ဆရာမ ခန့်ထားရေးအတွက် တိုင်းအစိုးရက စီစဉ်ပေးမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောဆိုထားဖူးသည်။

ထားဝယ်စာပေနှင့်ယဉ်ကျေးမှူဗဟိုကော်မတီနှင့် တိုင်းအစိုးရအကြား သဘောတူညီထားချက်အရ ထားဝယ်စာပေအား ကျောင်းဆရာ၊ ဆရာမများက သင်ကြားပေးရမည်ဖြစ်သည်။ ထားဝယ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီအနေနှင့် ကနဦး အနေဖြင့် ထားဝယ်ခရိုင်အတွင်း သင်ကြားမည်ဟု ဆိုသည်။

တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးဝင်းနောင်ကမူ စာပေရှိလာပြီဖြစ်သည့်အပြင် သင်ကြားခွင့်လည်း ရှိပြီဖြစ်သောကြောင့် သင်ကြားချင်သည့် နေရာတိုင်းတွင် သင်ကြားခွင့်ရရရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောသည်။ တိုင်းအတွင်းတွင် မူလတန်းကျောင်းပေါင်း‌ လေးရာဝန်းကျင်ရှိကြောင်း ၎င်းကပြောသည်။

သင်ကြားရေးအတွက် ဆရာ၊ ဆရာမ ကိစ္စ အတွက်မူ ပညာရေးဝန်ကြီးဌာနက သီးခြားညွှန် ကြားလာနိုင်သည် ဦးဝင်းနောင်က ဆိုသည်။

လက်ရှိတွင် ထားဝယ်စာပေအား KG၊ ပထမတန်း၊ ဒုတိယတန်းတို့တွင်သာ သင်ကြားမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် တတိယတန်း၊ စတုတ္ထတန်း မှ အလယ်တန်းအဆင့်အထိ ထပ်တိုးသင်ကြားဖို့ ရည်ရွယ်ထားကြောင်း ဦးဘမြင့်က ပြောသည်။

“ထားဝယ်စာပေ၊ ထားဝယ်စကားသည် တော်တော်ကျယ်ပြန့်တယ်။ တော်တော်လေးလည်း နက်နက်နဲနဲရှိတယ်။ အဲဒါကြောင့် ဒီလိုအဆင့် လိုက်ခွဲပြီးသင်သွားမယ်လို့ဆိုပြီးတော့ အဦးဆုံး စမ်းသပ်ပြီးတော့ ဒုတိယတန်းအထိ (သင်ရိုး) ရေးပြီး တင်လိုက်တာ” ဟု ၎င်းကဆိုသည်။

တစ်စစပျောက်ကွယ်လာနေသော ထားဝယ်ရိုးရာ ယဉ်ကျေးမှုဓလေ့များ၊ ရောနှောလာနေသော ထားဝယ်စကားများ၊ စာပေမရှိဟု ပြောဆိုသံများ စသည်တို့ကို ထားဝယ်စာပေအား အခြေခံကျောင်းတွင် သင်ကြားခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ကာကွယ်ထိန်းသိမ်းနိုင်လိမ့်မည်ဟု ထားဝယ်စာပေ နှင့် ယဉ်ကျေးမှုဗဟိုကော်မတီဝင်တို့က ယုံကြည် နေကြသည်။

ထားဝယ်စာပေအား မူလတန်းအဆင့်တွင် သင်ကြားနိုင်ရန် ဆယ်စုနှစ်နီးပါးကြာအောင် အချိန်စောင့်ခဲ့ရသော်လည်း အလယ်တန်းအဆင့် တွင် သင်ကြားနိုင်ရန်အတွက်မူ အချိန်အရမ်း မကြာနိုင်တော့ကြောင်း ဦးဘမြင့်က ပြောသည်။

“အခုက ထားဝယ်စာပေဆိုတာ မရှိတော့ ပထမဆုံး လမ်းထွင်ရေးဆွဲရတာကိုး။ အခုက ရှိသွားပြီဆိုတော့ ဒီလမ်းကို ဆက်လျှောက်သွားရုံပဲဆိုတော့ သိပ်ပြီး ခက်ခဲစရာမရှိတော့ဘူး။ အဲလို ခက်ခဲစရာမရှိတော့ဘူးဆိုတော့ အခုလိုအချိန် အကြာကြီး စောင့်စရာမလိုတော့ဘူးလို့ ထင်တယ်” ဟု ဦးဘမြင့်က ဆိုသည်။

ကျော်သူစိုး