ရွေးကောက်ပွဲပြီးနောက် မြိတ်တွင် ပိုးတွေ့လူနာဦးရေ ခုန်တက်လာသဖြင့် ဆေးရုံသစ်ဖွင့်ရ

0
169
စပါးရွှေဝါလမ်းရှိ သံဃာ့ဆေးရုံ

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ပြီးမြောက်ပြီးနောက် မြိတ်မြို့တွင် ကိုဗစ် ပိုးတွေ့လူနာ ဆတိုး၍ များပြားလာနေသည့်အတွက် ဆေးရုံသစ်တစ်ခုကို နိုဝင်ဘာ ၂၀ ရက်နေ့က ထပ်တိုးဖွင့်လှစ် ခဲ့ရသည်။

ရွေးကောက်ပွဲမဖြစ်ခင်က တစ်နေ့လျှင် ပိုးတွေ့လူနာ တစ်ဦးစနှစ်ဦးစ ရှိခဲ့ရာမှ ရွေးကောက်ပွဲပြီးနောက်တွင် တစ်နေ့လျှင် ၁၀ ဦးကျော်အထိရှိလာပြီး တစ်ပတ်အတွင်း ပိုးတွေ့လူနာ ၆၀ ဦးကျော် ရှိလာကြောင်း မြိတ်ခရိုင်ပြည်သူ့ကျန်းမာ ရေးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာ ၈ ရက် အထိ နှစ်လဝန်းကျင်တွင် ပိုးတွေ့လူနာ ၉၀ ကျော်သာ ရှိခဲ့သည်။

လက်ရှိမြိတ်မြို့တွင် ပိုးတွေ့လူနာ ၁၆၀ နီးပါးရှိလာပြီး Lock Down ချထားခြင်းခံရသည့် ဗင်းတေ့ကုမ္ပဏီမှ သေဆုံးသည့် အသက် ၃၀ အရွယ်အမျိုးသား ဝန်ထမ်းတွင် ကိုဗစ်ပိုးတွေ့ရှိ ခဲ့သည်။

ပိုးတွေ့လူနာများပြားလာခြင်းကြောင့် မြိတ်ခရိုင်ဆေးရုံကြီးတွင် လက်ခံကုသ ရန်အခက်အခဲ ရှိလာသည်။

ယင်းအတွက် စပါးရွှေဝါလမ်းရှိ သံဃာ့ဆေးရုံတွင် ပိုးတွေ့လူနာထားရှိ ကုသရန် မွမ်းမံပြင်ဆင်၍ နိုဝင်ဘာ ၂၀ နံနက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါကုသဆောင်တွင် တက်ရောက်ကုသသည့် ပိုးတွေ့လူနာများအတွက် လိုအပ်မည့်ဆေးဝါးနှင့် စားသောက်စရိတ်ကို ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီမှ တာဝန်ယူသွားမည် ဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာ ၂၀ ရက်နေ့ ညနေလေးနာရီ အထိ တနင်္သာရီတိုင်းအတွင်း ပိုးတွေ့ လူနာ ၃၉၁ ဦးရှိပြီး ထားဝယ်တွင် ၁၂၁ ဦး၊ ပုလော ၅၈ ဦး၊ မြိတ်တွင် ၁၅၇ ဦးနှင့် ကော့သောင်းတွင် ၃၂ ဦးရှိပြီဖြစ်ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက် အရသိရသည်။

ကိုဆန်း