NLDကို မဲမပေးဘဲ အစိုးရ၏ ထောက်ပံ့ကြေးကိုယူသည်ဟု ရေးသားသူကို အမှုဖွင့်

0
156
Dawei Watch, Dawei News, Dawei News Media

နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့် ကိုဗစ်ထောက်ပံ့ငွေနှင့်ပတ်သက်၍ လူမူကွန်ရက်ပေါ်တွင် ဓာတ်ပုံနှင့်တကွ စာရေးသားသည့်အတွက် ရေးသားသူအား အရေးခံရသည့် ကာယကံရှင် ကြံ့ခိုင်ရေးပါတီဝင်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲစခန်းနှင့် ၎င်းတို့ထံမှသိရသည်။

ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာ အုပ်စု၊ တောင်ငယ်ကျေးရွာနေ NLD ဝန်းရံသူ ဒေါ်နှင်းနှင်းမော်အား တစ်ရွာတည်းနေ ကြံ့ခိုင်ရေးပါတီဝင် ဒေါ်ထားထားအေးက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တောင်ငယ်ကျေးရွာတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က ကိုဗစ်ထောက်ပံ့ကြေး ပေးအပ်ခဲ့ရာ ကြံ့ခိုင်ရေးပါတီဝင် ဒေါ်ထားထားအေးက သွားရောက်ထုတ်ယူခဲ့စဉ် ၎င်းအား ဓာတ်ပုံရိုက်ခဲ့ပြီး “ဆန္ဒမဲပေးရင်သာ အမေစုပါတီ NLDကိုမဲပေးဖို့ တွန့်ဆုတ်နေကြတာ၊ အမေစုအစိုးရ ထောက်ပံ့ငွေကိုကျတော့ ထိပ်ဆုံးကပေါ့၊ လက်မတွန်ကြသူများ” ဟူသော စာသားများအား “သိန်းသွေး” အကောင့်ဖြင့် ဒေါ်နှင်းနှင်းမော်မှ ရေးသားခဲ့သည့်အတွက် တရားစွဲရန်တိုင်ကြားခဲ့ကြောင်း ဒေါ်ထားထားအေးက ပြောသည်။

တရားမစွဲမီ ရဲစခန်းတွင် သွားရောက်တိုင်ကြားစဉ် လူမူကွန်ရက်ပေါ် တင်သူဘက်မှ တောင်းပန်ပြီး ကျေအေးရန် ကြိုးစားခဲ့သည်။ နှစ်ဖက်သဘောတူသည့်အတွက် ရဲစခန်းမှလည်း ကျေအေးလွှာထုတ်ပေးခဲ့ကြောင်း တရားစွဲခံရသူက ပြောပြသည်။ သို့ရာတွင် တရားလိုဘက်မှ ကျေအေးကြောင်း လက်မှတ်ထိုးမည့်အချိန်တွင် စိတ်သဘောပြောင်းသွားသည်ဟု တရားစွဲခံရသည့် ဒေါ်နှင်းနှင်းမော် က ပြောပြသည်။

“သူ့ဘက်က ထိုးမယ့်အချိန်ကျမှ ဖုန်းဝင်လာတယ်။ ဖုန်းပြောပြီးတော့ သူညအိပ် စဉ်းစားဦးမယ်ဆိုပြီး ပြောတယ်” ဟု ၎င်းက ပြောသည်။

တရားစွဲဆိုခံရသူ ဒေါ်နှင်းနှင်းမော်သည် မိမိ၏ဓာတ်ပုံနှင့် ဂုဏ်သိက္ခာ ထိခိုက်စေသည့် စာသားများရေးသားသည့်အပြင် ကြံ့ခိုင်ရေးပါတီ၏ ဂုဏ်သရေညှိုးနွမ်းစေသည့်အတွက် ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခဲ့သည်ဟု တရားလိုက ပြောဆိုသည်။

“နောက်ဆုံးတော့ အဆုံးအထိ သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်” ဟု ၎င်းက ပြောသည်။

တရားစွဲဆိုခံရသူကမူ ဓာတ်ပုံရိုက်ရာတွင် ၎င်းတစ်ဦးတည်းအား ရည်ရွယ်ကာ ရိုက်ခဲ့ခြင်းမဟုတ်သလို ရေးသားရာတွင်လည်း ဒေါ်စုအားချစ်သည့်အတွက် ဒေါ်စုအစိုးရဟု ရေးသားမိခဲ့ကြောင်း ပြောပြသည်။

လက်ရှိအချိန်တွင် ပြည်ကြီးမဏ္ဍိုင် ရဲစခန်းမှ အဆိုပါတိုင်ကြားမူအား လက်ခံခဲ့ပြီး တရားစွဲဆိုရေး ဆက်လက်ဆောင် ရွက်နေကြောင်း သိရသည်။

ခိုင်ဇင်သော်