ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းပေးမည်

0
247
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ရွေးကောက်ပွဲတွင် အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းများကို ပညာရေး ဝန်ကြီးဌာနက ဂုဏ်ပြုမှတ်တမ်းပေး မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။

“နိုင်ငံရဲ့သမိုင်းမှာ တို့ရဲ့ ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ထားပါလား ဆိုတာကို ဂုဏ်ပြုမှတ်တမ်းတင်ပေးတဲ့ သဘောပါ” ဟု တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဖြူဝင်းက ပြောသည်။

အဆိုပါ ပညာရေးဝန်ထမ်းများ၏စာရင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ အရောက်ပေးပို့ရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။

စာရင်းပြုစုပေးပို့ရာတွင် မဲရုံများတွင် အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သူများကိုသာ စာရင်းတွင် ထည့်သွင်း ဖော်ပြရန်နှင့် ပထမတာဝန်ပေးပြီး လူစား လဲခံရသူများ၊ တာဝန်ပြန်လည်ရုပ်သိမ်း ခြင်းခံရသူများအား စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားထားသည်။

တနင်္သာရီတိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အမှန်တကယ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် ရုံးအကူ/ ထွေသား ၁၂၀၁၁ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံး၏ စာရင်းများအရ သိရ သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ပြည်သူ့ ဆန္ဒနှင့်အညီ လွတ်လပ်၍ တရားမျှတစွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် မဲရုံများတွင် ဂုဏ်သိက္ခာရှိရှိ နိုင်ငံ တာဝန်ကျေပွန်စွာ အကောင်းဆုံး ပူးပေါင်း တာဝန်ထမ်းဆောင်ခဲ့ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပညာရေး ဝန်ကြီးဌာန ဖေ့စ်ဘွတ်နှင့် ဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၉ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် ပါတီအချို့၏ ထုတ်ပြန်ချက်များတွင်လည်း တရားမျှတစွာ ဆောင်ရွက်ခဲ့သည့် ဆရာ၊ ဆရာမများကို ကျေးဇူးတင်ကြောင်းနှင့် ဂုဏ်ပြုမှတ် တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။

မိုးမြင့်