ထိုက်တန်သောဘဝ

0
702
editorial

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ ပါတီအသစ်များ အခြေမလှဘဲ အရှုံးနှင့် ရင်ဆိုင်သွားရပြီး တိုင်းရင်းသားပါတီအချို့သာလျှင် ယခင်ထက် အနည်းငယ်ပိုသော လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ရရှိခဲ့သည်။

အနိုင်ရပါတီ အရေအတွက် ပိုမိုနည်းပါးလာပြီး ပါတီ ငါးပုံလေးပုံမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမျှ မရရှိခဲ့ပေ။

NLD ပါတီသာလျှင် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များကို စိတ်ကြိုက် စိုးမိုးနိုင်သည့် အနေအထားဖြင့် ဆက်လက်အောင်ပွဲ ခံသွားသည်။ ပါတီဒုတိယ ဥက္ကဋ္ဌအဖွဲ့၏ အဆိုအရ အစိုးရအဖွဲ့ကို ယခင်ထက် ပိုမိုအားကောင်းသော ပုံစံဖြင့် ဖွဲ့စည်းသွားမည်ဟုဆိုသည်။

သဘာဝ သယံဇာတပေါကြွယ်ဝသော်လည်း လူ့စွမ်းအားအရင်းအမြစ် ချို့တဲ့သော နိုင်ငံ၊ စိုက်ပျိုး လုပ်ကိုင်စားသောက်ရန် ရေခံမြေခံ ကောင်းသောနိုင်ငံ၊ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း ပိုင်ဆိုင်ပြီး ကုန်သွယ်ရေး ရေကြောင်း ပို့ဆောင်ရေး အားကောင်းသင့်သောနိုင်ငံ၊ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံနှစ်ခု အကြားတွင် တည်ရှိပြီး ပထဝီအနေအထားကောင်း ပိုင်ဆိုင်ထားသော နိုင်ငံ။ မြန်မာနိုင်ငံမှာ မဆင်းရဲသင့် မဆင်းရဲထိုက်ဘဲ ဆင်းရဲနေသော ကမ္ဘာပေါ်ရှိ နိုင်ငံအနည်းစုအနက် တစ်ခု အပါအဝင်ဖြစ်သည်။

ဆင်းရဲခြင်းကို ဖြစ်စေသည့် များစွာသော အကြောင်းတရားများကိုမူ ရိုးမယ် ဖွဲ့မနေတော့ပါ။

နှစ်ပေါင်များစွာ ဆင်းရဲတွင်းတွင်နေလာခဲ့သော မြန်မာပြည်သူများ၊ တိုင်းပြည်၏ စနစ်ကောင်း၊ အစိုးရကောင်းအတွက် မျိုးဆက်ပေါင်းများစွာ တော်လှန်တိုက်ပွဲဝင်ခဲ့သော မြန်မာပြည်သူများမှာ မြန်မာနိုင်ငံ၏ ရေခံမြေခံ အရှိတရားနှင့် ကိုက်ညီသော ထိုက်တန်သော ဘဝကိုခံစားခွင့် ရရှိရန် အချိန်တန် လွန်းလှနေပြီ ဖြစ်သည်။

ထိုကြောင့် နှစ်ပေါင်း ၃၀ ကျော် ပါတီသက်တမ်းအတွင်း နိုင်ငံလုံးကျွတ် ရွေးကောက်ပွဲ အနိုင်ရလဒ်များဖြင့် ပြည်သူတို့၏ တစ်ခဲနက် ယုံကြည်မှုရရှိ အောင်ပွဲဝင်ခဲ့သော NLD ပါတီ အနေနှင့်လည်း ပြည်သူများအတွက် ထိုက်တန်သော လူမှုစီးပွားဘဝကို လက်တွေ့အမှန်တကယ် ဆောင်ကြဉ်းနိုင်ရေး အချိန်တန် နေပြီဖြစ်သည်။

အယ်ဒီတာ (နိုဝင်ဘာ ၁၉၊ ၂၀၂၀)