အရေးပေါ်ယာဉ်နှင့် ဆိုင်ကယ် တိုက်၊ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေ

0
368
ရေးပေါ်ယာဉ်နှင့် ဆိုင်ကယ် တိုက်

မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ကြံတော လမ်းဆုံမီးပွိုင့်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ကျန်းမာရေးအထောက်အကူပြုယာဉ်ဖြစ်သည့် အရေးပေါ်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူမှာ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးအသင်း ကျန်းမာရေးအထောက်အကူပြုအရေးပေါ်ယာဉ်မှာ ကဘင်းရွာရှိ နည်းပညာတက္ကသိုလ်မှ အနံ့မရသူတစ်ဦး(ကိုဗစ် လက္ခဏာရှိသူ)အား သွားရောက်ခေါ် ဆောင်ရန် မြိတ်မြို့မှအထွက် ဗန္ဓုလလမ်းမှ မောင်းနှင်လာသည့် ဆိုင်ကယ်အား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးကိုက ပြောပြသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသည့် မိသားစုဝင်များအား ကျေနပ်စေရန် တောင်းပန်သွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းကိုလည်း လက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

အဆိုပါချစ်ကြည်ရေးလူမှုကူညီ ရေးအသင်းအနေနှင့် ကိုဗစ်ပိုးတွေ့လူနာ ၁၀ဝ ဦးကျော်အား သယ်ယူပေးပြီးဖြစ်ကာ ယင်းဖြစ်စဉ်ကဲ့သို့ ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။

ယာဉ်တိုက်မှုအား ဥပဒေအရ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်နေဆဲဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)