မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်များလာ

0
346
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်လူနာ ပြန်များလာကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရ သည်။

ပြည်နယ်အတွင်း အထူးသဖြင့် သထုံမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ပိုးတွေ့လူနာအရေအတွက် သိသိသာသာ မြင့်တက်လာကြောင်း ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် သထုံမြို့နယ်အတွင်း ကိုဗစ်ကူးစက်ခံထားရသူ ၁၈၀ ကျော်ရှိနေပြီး လူနာနှင့် ထိတွေ့ထားသူ ၄၀ဝ ကျော်ရှိသည်ဟု သထုံမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဦးက ပြောသည်။

“နိုဝင်ဘာလ ဒုတိယအပတ် လောက်ကနေစပြီးတော့ ရောဂါကူးစက်မှုတွေက ဆက်တိုက်တွေ့ရှိလာတာဖြစ်တယ်။ အနံ့မရသူတွေက များတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် အနံ့မရသူများ၊ ရောဂါလက္ခဏာ ပြသူများအနေနှင့် နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။

“အခုက အနံ့မရသူတွေ များလာတယ်။ အနံ့မရဘူးဆိုလို့ရှိရင် သက်ဆိုင်ရာ အနီးစပ်ဆုံးဖြစ်တဲ့ ကျန်းမာရေး ဌာနခွဲကို အကြောင်းကြားကြဖို့ပါ။ ဆေးရုံကို လက်လှမ်းမီရင် ဆေးရုံကို အကြောင်းကြားကြပါ” ဟု မွန်ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ပြည်နယ်ဒုတိယဦးစီး မှူး ဒေါက်တာဝတ်မှုံက ပြောသည်။

ရွေးကောက်ပွဲမတိုင်ခင်က ရန်ကုန်မှ ပြန်လာသူများကို ရောဂါပိုး ရှိ၊ မရှိသာ စစ်ဆေးပြီး ကွာရန်တင်းမဝင်စေဘဲ နေရပ်ပြန်ရန် ခွင့်ပြုပေးခဲ့သော်လည်း ရွေးကောက်ပွဲပြီးနောက် နိုဝင်ဘာ ၁၀ ရက်နေ့မှစကာ ရန်ကုန်မှ ပြန်ဝင်လာသူများကို ကွာရန်တင်း ၁၄ ရက် ဝင်ပြီးမှ သာ နေရပ်ပြန်ရမည်ဟု ပြန်လည် ကန့်သတ်ထားသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ညအထိ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၈၄၆ ဦးရှိပြီး ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းသွား သူ ၇၀ဝ နီးပါးရှိကာ သေဆုံးသူ ၁၀ ဦး ရှိသည်။