ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးသယ်သည်ဆိုသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးကိစ္စ စုံစမ်းစစ်ဆေးမည်

0
280
Dawei Watch, Dawei News, Dawei News Media

ရန်ကုန်မြို့တွင် သောင်တင်နေသည့် ထားဝယ်ဒေသခံများကို ကားဖြင့် ခိုးသယ်သည်ဆိုသည့်အပေါ် ထားဝယ်မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးအား စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းပြင်း ထန်လာသည့် အောက်တိုဘာလဆန်းတွင် တိုင်းကျော်ခရီးသွားလာခွင့်ကို စတင် ကန့်သတ်ခဲ့သည်။

ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီ တိုင်းသားများမှာ ရန်ကုန်မြို့တွင် ပိတ်မိ နေခဲ့ကြသည်။

ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

သောင်တင်နေသည့် တိုင်းသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံ လာသည့်အတွက် စက်ဘီးစီးပြီး တစ်ကိုယ်တော် ခိုးပြန်လာသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ကုန်တင်ကားဖြင့် ခိုးလာလိုက်သည့် ဖြစ်စဉ်များလည်း ရှိလာသည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် မြို့ ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက အခငွေကြေးယူကာ ထားဝယ်ဒေသသို့ ပြန်လိုသူများကို ကားဖြင့်ခိုးသယ်နေသည်ဟု ကြားသိရကြောင်း ကိုဗစ်ထိန်း ချုပ်ကာကွယ်ရေး ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

အဆိုပါ အထောက်အကူပြုအဖွဲ့က ပြီးခဲ့သည့်လမှစတင်ကာ ရန်ကုန်တွင် သောင်တင်နေသူများ ပြန်ခေါ်နိုင်ရေး စာရင်းကောက်ခံခဲ့သည်။

လက်ရှိတွင် ပြန်ခေါ်နိုင်ရေးအတွက် ၎င်းတို့ထံ စာရင်းပေးသွင်းထားသူများ အား ဖုန်းဖြင့် ဆက်သွယ်ရာ ထားဝယ်မြို့သို့ ပြန်ရောက်နေသူများရှိသကဲ့သို့ ရန်ကုန်-ထားဝယ်လမ်းပိုင်းတွင် ရောက် ရှိနေသူများလည်းရှိနေသည်ကို တွေ့ရ ကြောင်း အထက်ပါ အဖွဲ့ထံမှ သိရသည်။

ထိုသို့ ပြန်လာသူများကို မေးမြန်းရာ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ အစီအစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ်ရှစ်သောင်းပေးကာ လိုက်လာ သည်ဟုပြောကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းသို့သော အခြေအနေမျိုးတွင် လူခိုးသယ်သည်ဆိုသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကိစ္စအား အခုရက်ပိုင်းအတွင်း စုံစမ်းစစ်ဆေးပြီး မှန်ကန်ပါက အရေးယူမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

“စစ်ဆေးပြီးတော့မှ မှန်တယ်ဆိုရင် ဥပဒေအတိုင်းတော့ သွားမှာပေါ့နော်။ ဘေးစီမံ(ဥပဒေ) နဲ့ အရေးယူမှာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူး မည်သူဖြစ်သည်ကို ထုတ်ပြန်မည်မဟုတ်ကြောင်း ဦးအောင်စိုးမိုး က ဆိုသည်။

ရန်ကုန်မှ ခိုးပြန်ပါက တနင်္သာရီတိုင်းအတွင်း သွားလိုသည့်နေရာအပေါ် မူတည်ကာ တစ်ဦးလျှင် ငွေကျပ်ရှစ်သောင်းမှ တစ်သိန်းကျော်အထိ ပေါက် ဈေးရှိနေသည်။

ရန်ကုန်တွင် သောင်တင်နေသည့် တိုင်းသား ၂၇၀ ဦးခန့် နေရပ်ပြန်ရန် စာရင်းပေးထားပြီး ပထမအသုတ်အနေဖြင့် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင် ခေါ်ယူမည်ဖြစ်သည်။