လက်သန်း မင်တစ်စက်ရဲ့ မျှော်လင့်ချက်

လက်သန်း မင်တစ်စက်ရဲ့ မျှော်လင့်ချက်
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အုတ်အော်သောင်းတင်း ဖြစ်ရတဲ့ ရွေးကောက်ပွဲကြီးလည်း ကျင်းပပြီးသွားခဲ့ပြီ။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်ဒေသအတွက် အလုပ်အကျွေး ပြုနိုင်မယ်လို့ ယုံကြည်တဲ့ ကိုယ်စားလှယ်တွေကို မဲထည့် ခဲ့ပြီးပြီ။ မင်စွန်းနေတဲ့ လက်သန်းကို ငေးကြည့်ရင်း မဲပေးတဲ့နေ့ကို ပြန်လည် မြင်ယောင်နေမိတယ်။

တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ နေရာချထားတာမို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ရှည်မျောမျော လူအုပ်ကြီးတွေ။ သူတို့ရဲ့ မျက်လုံးထဲမှာ ထက်သန်တက် ကြွမှုနဲ့အတူ မျှော်လင့်ချက်ရောင်ခြည် တွေ ယှက်သန်းလို့။ သူတို့ဘာတွေကို မျှော်လင့်နေကြပါသလဲ။ ဒီရွေးကောက်ပွဲဟာ သူတို့ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံလိုအပ်ချက် အဖုံဖုံကို ဖြည့်ဆည်း ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့များလား။ ဒါမှမဟုတ် ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စု၊ ခြေဥပြင်ဆင်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ စတဲ့ စတဲ့ တစ်သီ တစ်တန်းကြီးသော မျှော်လင့်ချက်တွေနဲ့လား။ ဒါ့အပြင် တခြားမမြင်နိုင်တဲ့ မျှော်လင့်ချက်မျိုးလည်း ပါဝင်နေမလား။ လူအမျိုးမျိုး စိတ်အထွေထွေမို့ သူတို့ ရင်ထဲက မျှော်လင့်ချက်တွေတူညီချင်မှ တူညီပါလိမ့်မယ်။ ဒါပေမဲ့ တူညီတာ တစ်ခုကတော့ သူတို့မျက်ဝန်းတွေက မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ မဲထည့်ဖို့ စိတ်ရှည်လက်ရှည် တန်းစီစောင့် ဆိုင်းနေကြတာပါပဲ။

မင်စွန်းနေတဲ့ လက်သန်းကို တစ်ခါပြန်ကြည့်ရင်း ကျွန်မ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေမိတယ်။ ကျွန်မကရော ဘယ်လိုမျှော်လင့်ချက်မျိုးနဲ့ မဲပေးခဲ့တာ ပါလိမ့်။ သာမန်ပြည်သူတစ်ယောက်သာ ဖြစ်တဲ့ ကျွန်မက ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ခြေဥစတဲ့ နိုင်ငံရေးစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို အတွင်းကျကျ နားမလည်ကြောင်း ရိုးသားစွာ ဝန်ခံပါရစေ။ ဒါပေမဲ့ ကျွန်မတို့ကို ကိုယ်စားပြုကြမယ့်သူတွေ အပေါ် မျှော်လင့်ချက်တော့ ထားမိပါတယ်။ ဒီမျှော်လင့်ချက်တွေက လွန်ခဲ့တဲ့ ဆယ်နှစ်ကို အခြေခံပြီး ဖြစ်လာတာလည်း ရှိသလို ပတ်ဝန်းကျင်မှာ တွေ့နေမြင်နေရတဲ့ အနေအထားတွေကြောင့်လည်း ဖြစ်ပေါ်လာရတာတွေပါ။

မျှော်လင့်ချက်အကြောင်းတွေးရင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအကြောင်းကို ပြန်ပြောင်း သတိရသွားမိတယ်။ လွန်ခဲ့တဲ့ အစိုးရသက်တမ်းနှစ်ခုမှာ ကျွန်မတို့ ဘယ်လိုကိုယ်စားလှယ်မျိုးကို ရွေးချယ် မိခဲ့လဲ။ အဲဒီလူတွေကရော။ ဘယ်လို ကတိကဝတ်မျိုးပေးပြီး ဘယ်လိုအလုပ်မျိုး လုပ်ခဲ့ကြတာလဲ။ အတိတ်က တွေ့ ကြုံခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည် မြင်ယောင်ရင်း ယူရမယ့်သင်ခန်းစာတွေကို ကောက်သင်းကောက်နေမိတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ ကျွန်မအတွက် ပထမဆုံးအကြိမ် မဲပေးခွင့်လည်းဖြစ်ပြန်။ ရွေးကောက်ပွဲလုပ် တာ တစ်ခါမှလည်း မကြုံဖူးတာမို့ အထွေအထူး မစဉ်းစားတော့ပဲ ကိုယ့်လူမျိုးဖြစ်တဲ့သူကို မဲပေးလိုက်တာပါပဲ။ အမတ်ဆိုတာလည်း ဘယ်လိုမျိုးမှန်းမသိ။ ဘာ တွေကို လုပ်ပေးရတဲ့သူလဲဆိုတာလည်း နားမလည်။ လွှတ်တော်မှာ ဘာတွေပြော ဘာတွေဆိုပြီး ဘာတွေလုပ်ကြမယ်ဆိုတာလည်း ကျွန်မမသိပါ။ အမှန်အတိုင်း ဝန်ခံရရင် ပြည်သူ့ကိုယ်စား အလုပ်လုပ်ဖို့ ခန့်အပ်လိုက်တဲ့ သူတွေဆိုတာမျိုးတောင် နားမလည်ခဲ့တဲ့အဖြစ်။ ကျွန်မလိုမျိုးပဲ အမတ်ဆိုတာ ဘာတွေလုပ်ရတဲ့ သူလဲလို့ မသိတဲ့သူ အတော်များခဲ့ပါ တယ်။ ဒါ့ကြောင့် မဲဆွယ်စည်းရုံးရေး ကာလတွေမှာ အမတ်လောင်းတွေဆီက ကတိကဝတ် တောင်းဆိုတာမျိုး၊ ဘာတွေ လုပ်ပေးရမယ်ဆိုတာကို ဆွေးနွေးတာ မျိုးတွေ မလုပ်ခဲ့ရပါဘူး။

မဲဆွယ်ကြတဲ့ ကိုယ်စားလှယ်တော် အပေါင်းတို့ကတော့ ဒေသဖွံ့ဖြိုးရေးလုပ် ဆောင်ပေးမယ်ဆိုတဲ့ အသံဟာ အများဆုံးကြားရတဲ့ မဲဆွယ်အသံတွေ ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ဖွံ့ဖြိုးရေးဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲလို့ မေးစရာ ရှိပေမယ့် အဲဒီတုန်းက မေးဖို့သတိမရ ခဲ့ပါဘူး။

ဒါ့ကြောင့် ကျွန်မတို့ရွေးကောက်တင်မြှောက်လိုက်တဲ့ အမတ်တွေဟာ သူတို့မဲဆန္ဒနယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်စေတနာကြောင့်လား။ တခြားအကြောင်းကြောင့်လားတော့ မသိ။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံတွေ၊ စက်မှုဇုန်တွေ၊ ရေနက် ဆိပ်ကမ်းတွေ တည်ဆောက်ဖို့ကို ကြိုးစားကြတော့တာပါပဲ။ သူတို့ကတော့ ဒေသဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုတဲ့ စကားကိုတွင်တွင် သုံးကြပါတယ်။

ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ တိုက်တွေ၊ ကားတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ စက်ရုံ အလုပ်ရုံတွေလို့ အဓိပ္ပာယ်ဖွင့်ခဲ့ကြတဲ့ အစဉ်အလာက ဘယ်အချိန်ကတည်းက စတင်ခဲ့တာလည်းမသိပါ။ လူတော်တော် များများရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ ပြင်ပရုပ်ဝတ္ထုပစ္စည်းအပေါ် မှာပဲ မှီခိုနေခဲ့တယ်။ ဒါကြောင့်လည်း အစဉ်အဆက် လက်ခံလာတဲ့ ဖွံ့ဖြိုးရေး အဓိပ္ပာယ် ဖွင့်ဆိုချက်တွေအတိုင်းပဲ အစိုးရအဖွဲ့နဲ့ အမတ်တွေခမျာလည်း ကျောက်မီးသွေးစက်ရုံတွေ၊ စက်မှုဇုန် အကြီးစားတွေကို တည်ဆောက်ဖို့ ကြိုးစားကြတော့တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်သူတွေဟာ တက်လာမယ့် အမတ်တွေဆီက ဘယ်လိုကတိကဝတ်မျိုးတောင်းရမယ်ဆိုတာ အတော်အတန်နားလည်လာခဲ့ပြီ။ ဒါပေမဲ့ ကတိတွေ ဘယ်လိုတောင်းတောင်း ပေးပေး အပြောတစ်မျိုး အလုပ်တစ်မျိုး ကိုယ်စားလှယ်တချို့ကို တွေ့ရပြန်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်စေမယ့် စီမံကိန်း တချို့ကို အကောင်အထည်ဖော်ဖို့ ကြိုး စားကြပြန်တယ်။

ဒီလိုကိစ္စမျိုးတွေ မြင်ရကြားရတော့ ဒေါက်တာမြင့်ဇော်ရေးသားတဲ့ “ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ” စာအုပ် ထဲက “ပိရမစ်ဆောက်သူများ” ဆိုတဲ့ အခန်းကို သတိရမိပါတယ်။ အီဂျစ်ပြည်က ပိရမစ်တွေအကြောင်း ငယ်ငယ်ကတည်း က သမိုင်းမှာ သင်ဖူးတာမို့ လူတိုင်း သိလိမ့်မယ် ထင်ပါတယ်။ အီဂျစ်ပြည်မှာ နှစ်ပေါင်း ၁၂၀ လောက်အတွင်း ပြည်သူ တွေဟာ ပိရမစ်ပေါင်း မြောက်မြားစွာ ဆောက်သွားခဲ့ကြပါတယ်။ အဲဒီပိရမစ်တွေ အများကြီးကို ဆောက်တဲ့အခါ လိုအပ်ချက်အရဆိုတာထက် အဲဒီခေတ်က လူတွေ အထူးသဖြင့် အာဏာပိုင်တွေဟာ ရှေ့ကလူလုပ်သွားတဲ့အတိုင်း နောက်ကလိုက်လုပ်ကြတာတဲ့။ ပိရမစ်ဆောက်တာက စီးပွားရေးလုပ်ငန်းတစ်ခု အသွင်ဆောင်သွားပြီးတော့ မျိုးဆက်နှစ်ဆက် သုံးဆက်လောက်ဟာ လူဖြစ်လာရင် ပိရမစ်ဆောက်ရမယ်ဆိုတဲ့ အသိကလွဲ ပြီး တစ်ခြားဘာမှမသိတော့ဘူး။ ပိရမစ် ဆောက်ဖို့ လိုသလား၊ မလိုဘူးလားဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မမေးကြတော့ဘူးတဲ့။ ဦးနှောက်မှိုင်းတိုက်ခံရတယ်ဆိုတာ ဒါမျိုးများလား။

ဒီပိရမစ်ဆောက်တဲ့ ဖြစ်စဉ်ကို ကြည့်ရင် အသိဉာဏ်ရှိလှပါတယ်ဆိုတဲ့ လူတွေဟာ ဘယ်လောက်အထိ စဉ်းစား ဆင်ခြင်ဉာဏ်မဲ့လိုက်ပါသလဲ။ စီးပွားရေး သမားတွေရဲ့ မျက်လှည့်ပြ အယုံသွင်းမှုတွေက ဘယ်လောက်အထိ ကြောက်စရာ ကောင်းလိုက်ပါသလဲ။ ကောင်းမွန်မှန် ကန်ပါတယ်လို့ အစဉ်အဆက် သတ်မှတ်ခဲ့တဲ့အလုပ်တိုင်း မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာ ဒီဖြစ်စဉ်က သက်သေ ပြနေပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုကို ရုပ်ဝတ္ထုပစ္စည်း တစ်ခုတည်းနဲ့ တိုင်းတာတဲ့ အစဉ်အလာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့ ရပေါင်းများပြီ။ သစ်ပင်သစ်တောတွေ ပြုန်းတီးလို့ ရာသီဥတုဖောက်ပြန်တဲ့ ဒဏ်၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒဏ်တွေကိုလည်း ပြည်သူတွေခမျာ ပြင်းပြင်းထန်ထန် ခံနေကြရပြီ။ ရုပ်ဝတ္ထု ပစ္စည်းတိုးတက်မှုဟာ အတိုင်းအတာ တစ်ခုအထိ လိုအပ်ပေမယ့် ပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ချမ်းသာမှုကိုလည်း တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးရေးမှာ ထည့်သွင်းသတ်မှတ်သင့်ပါတယ်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့နေရပြီဖြစ်တဲ့ အနေအထားကို ရောက်နေသည့်တိုင် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမယ့် စီမံကိန်းကြီးတွေ လုပ်ဆောင်ဖို့ ကြိုးစားနေတာက သင့် လျော်မှန်ကန်ပါရဲ့လား။ ကိုယ်စားလှယ် များအနေနဲ့ မိမိတို့ဒေသကို တကယ်ဖွံ့ဖြိုး တိုးတက်စေချင်တယ်ဆိုရင် ဒေသခံတွေ လက်ရှိလုပ်ကိုင်နေတဲ့ ဒေသထုတ်ကုန် အခြေခံ စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုး ရေးလုပ်ငန်းတွေ၊ ဒေသထွက် သဘာဝ သယံဇာတတွေကို တန်ဖိုးမြင့်အောင် လုပ်ဆောင်ပေးမယ့် အသေးစား စီမံကိန်းမျိုးကို ဦးစားပေး အကောင်အထည်ဖော် စေချင်ပါတယ်။

ဒါ့အပြင် ပြည်သူတွေ တကယ်လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးနိုင်မယ့် ကိုယ်စားလှယ် မျိုးကိုလည်း မျှော်လင့်မိပါတယ်။ ဒီနေရာမှာ ဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုကို သဘောကျလို့ ပြန်လည်မျှဝေပါရစေ။

“ဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ အရာဟာ လူ့စွမ်းအား အရင်းအမြစ်ဖြစ် တယ်။ လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖို့ တွေးခေါ်နိုင်စွမ်းတွေ လုပ်နိုင်စွမ်းတွေ မြင့်မားလာဖို့က သိပ်အရေးကြီးပါတယ်” တဲ့။

လူတွေရဲ့ တွေးခေါ်နိုင်စွမ်းတွေ မြင့်မားလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ် မပျက်စီးအောင် ထိန်းသိမ်းရေးဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ နားလည်လာမှာ မို့ မှန်ကန်တဲ့ အတွေးအခေါ်ကို သင်ကြားပေးနိုင်တဲ့ ပညာရေးစနစ်ဟာလည်း အရေးကြီးလှပါတယ်။

“ရုပ်ဝတ္ထုအခြေခံ အဆောက်အဦး တစ်ခုတည်းကိုသာ သိကြတဲ့ အာဏာပိုင်တွေကြောင့် ကျန်တဲ့ လူမှုဘဝ၊ သဘာဝ အဆောက်အဦး ပျက်ယွင်းတာကို ဒီနိုင်ငံမှာ ကျုပ်တို့မြင်နေရတယ်” လို့ သဘာဝ ဘေးအန္တရာယ်နဲ့ သယံဇာတ စီမံခန့်ခွဲမှု ပညာရှင် ဒေါက်တာမြင့်ဇော်က ဆိုပါတယ်။

ရေကြီးတာ၊ မိုးခေါင်တာ၊ မြေပြိုတာ၊ မုန်တိုင်းတိုက်တာ စတဲ့ သဘာဝဘေး အန္တရာယ်အဖုံဖုံ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့အဖြစ်ကို ကျွန်မ မမြင်ချင်တော့ပါဘူး။ အကြီးစားစီမံကိန်းတွေကြောင့် မြေသိမ်း၊ ယာသိမ်းခံရလို့ ဘဝပျက်သွားတဲ့ ပြည်သူတွေကိုလည်း မတွေ့ချင်တော့ ပါဘူး။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလေးတောင် မရလိုက်လို့ အသက်ထွက်သွားရတယ်ဆိုတဲ့ အသံကိုလည်း မကြားချင်တော့ပါဘူး။

ဒါ့ကြောင့် မှင်စွန်းနေတဲ့ ကျွန်မ လက်သန်းလေးရဲ့ မျှော်လင့်ချက်က ရိုးရိုးရှင်းရှင်းလေးပါပဲ။ ပြည်သူတွေရွေး ကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေဟာ ပြည်သူ့အသံကို အလေးအနက်ထား နားထောင်ပေးစေ ချင်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက် ကို မကြည့်ပဲ ဖွံ့ဖြိုးရေးအကြောင်းပြပြီး ပြည်သူ့ဘဝထိခိုက်ပျက်စီးစေမယ့် စီမံကိန်း မျိုး မသယ်ဆောင်လာပါစေနဲ့လို့ မျှော်လင့်မိတာပါပဲ။

မျှော်လင့်ချက်တွေ လက်တွေ့ အကောင်အထည်ပေါ်လာမလား ဆိုတာကတော့ နောင်ငါးနှစ်ပိတ်ကားထက်မှာ ရှုစားရမှာ ဖြစ်ပါကြောင်း။ ။

နီမာဦး(အံဒင်)