ကိုဗစ်ကာလ သင်္ကန်းပရိက္ခရာ ရောင်းအား သုံးပုံနှစ်ပုံခန့်ကျ

0
251
Dawei Watch, Dawei News, Dawei News Media

ပုံမှန်အားဖြင့် ဝါတွင်း၊ ဝါပ ကာလနှင့် ကထိန်ရာသီတွင် သင်္ကန်း ပရိက္ခရာများ ရောင်းရနေပြီဖြစ်သော်လည်း ယခု ၂၀၂၀ ခုနှစ်တွင် ကိုဗစ် ကပ်ဘေးကြောင့် သင်္ကန်းပရိက္ခရာရောင်းအား သုံးပုံနှစ်ပုံခန့် ရောင်းအားကျ ဆင်းသွားသည်ဟု ထားဝယ်ဈေးကွက် အတွင်းမှ သိရသည်။

ကိုဗစ်ကာလတွင် ပွဲလမ်းသဘင် များကျင်းပခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို တားမြစ်ထားသဖြင့် အရောင်း အဝယ်ရပ်သွားသည်ဟု ထားဝယ်စည်ပင်သာယာဈေးကြီးတောင်ဘက်ခြမ်းရှိ ရွှေဟင်္သာသင်္ကန်းပရိက္ခရာအရောင်း ဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးဟိန်းက ပြောသည်။

“နာရေးကိစ္စတစ်ခုကလွဲပြီး ကျွန်တော်တို့မှာ ဈေးကွက်မရှိဘူး။ ကျန် ကိစ္စဆို သိပ်မလာဘူး” ဟု ကိုပြည့်ဖြိုးဟိန်း က ဆိုသည်။

မဖြစ်မနေပြုလုပ်ရသည့် အလှူပွဲများကိုလည်း အကျဉ်းချုံးပြီးလုပ်ကြသဖြင့် ရောင်းအား သိသိသာသာကျဆင်းသွားပြီး အရှုံးပေါ်နေသည်ဟု ၎င်းက ပြောသည်။

ဝါဆိုကာလတွင် ရောင်းရန်ဝယ်ထားသည့် သင်္ကန်းများ ရောင်းမထွက်သဖြင့် ကထိန်ရာသီမှသာ ရောင်းနေရသည်ဟု ထားဝယ် စည်ပင်သာယာဈေးကြီးအရှေ့ဘက်ခြမ်းရှိ ဦးသော်+ဒေါ်နွဲ့ သင်္ကန်းပရိက္ခရာဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝါသော် က ပြောသည်။

“အခုက လုံးဝကို မရောင်းရဘူး ဆိုသလိုမျိုးကို ဖြစ်နေတယ်။ ဒီလိုပဲ နေရမှာပေါ့။ နည်းနည်းပါးပါး ရောင်းရောင်းပြီးတော့ပဲ နေရမှာပေါ့။ ထမင်းဖိုးလောက်တော့ ရနေတာပေါ့” ဒေါ်ဝင်းဝါ သော်က ဆိုသည်။

တနင်္သာရီတိုင်းအတွင်းတွင် ထိုင်းနိုင်ငံနှင့် အခြားပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများမှ ပြန်လည်ပေးပို့လာသည့် ငွေကြေးနှင့် နယ်တွင်ရှိသည့် လုပ်ငန်းငယ်များမှရသည့် ဝင်ငွေများကိုစုဆောင်းကာ ရဟန်းခံ၊ ရှင်ပြု၊ ကထိန်ခင်း စသည့်ပွဲတော်များကို ကျင်းပပြုလုပ်ကြသည်။

ကိုဗစ်ဖြစ်နေသဖြင့် နိုင်ငံခြားရောက် သားသမီးများမှာလည်း အလုပ်အကိုင်များအဆင်မပြေသလို ဒေသတွင်ရှိသည့် စီးပွားရေးလုပ်ငန်းများအားလုံးလည်း ကပ်ဘေးဆိုက်နေသဖြင့် အလှူမင်္ဂလာပွဲတော်များကို မကျင်းပနိုင်ဘဲ စား၊ ဝတ်၊ နေရေးပင် အနိုင်နိုင်ဖြစ်နေရသည့် အနေအထားဖြစ်နေသည်ဟု ၎င်းက ပြောသည်။

မိုးမြင့်