အလုပ်လက်မဲ့ဖြစ်မည်ကို ကျပန်းအလုပ်သမ ၁၀ဝ ကျော် စိုးရိမ်

0
264
ကျပန်းအလုပ်သမ

အလုပ်လက်မဲ့ဖြစ်ပေါ်လာမည့် အရေးနှင့်ပတ်သက်၍ ကျပန်းအလုပ်သမ ၁၀ဝ ကျော်မှာ စိုးရိမ်နေကြသည်။

မြိတ်မြို့၊ ကျောက်ဖြာကျေးရွာ အုပ်စု၊ အထူးဆိပ်ရှိ သင်္ဘောဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်နေကြသည့် အလုပ်သမများဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကစတင်ကာ ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းခွင်အတွင်းသို့ မြိတ်မြို့ရှိ ကုန်တင်ကုန်ချ အလုပ်သမားအဖွဲ့က ရောက်လာပြီး ဝင်ရောက် လုပ်ကိုင်ခဲ့ကြကြောင်း ၎င်းတို့ကပြောပြသည်။

“တစ်သက်လုံး တစ်ခါမှမလာဖူးဘူး။ မနေ့ကမှ ရောက်လာကြတာ။ သူတို့ အမြဲလာလုပ်ရင် မရှိမဲ့ရှိမဲ့ ကျွန်မတို့ အလုပ်ကလေး ပျောက်သွားမလား စိုးရိမ်နေတယ်” ဟု ယင်းဆိပ်ကမ်းတွင် အလုပ်လုပ်နေသည်မှာ ၁၇ နှစ်ရှိပြီဖြစ်သည့် အသက် ၄၀ နှစ်အရွယ် ဒေါ်မာလာက ပြောသည်။

မြိတ်မြို့နှင့် ၁၇ မိုင်ခန့် ဝေးကွာသည့် ယင်းဆိပ်ကမ်းတွင် အနီးအနား ကျေးရွာများမှ အလုပ်သမ ၁၃၀ ကျော်မှာ လွန်ခဲ့သည့် ကုန်တင်ကုန်ချ လာရောက် လုပ်ကိုင်နေကြသည်မှာ ဆယ်စုနှစ် တစ်ခုကျော်နေပြီ ဖြစ်သည်။

ယင်းဆိပ်ကမ်းတွင် သင်္ဘောများမှ ကုန်တင်ကုန်ချ ပြုလုပ်နေသည့် ဆိပ်ခံတံတား ၁၀ ခုရှိပြီး ပြည်တွင်းကုန်တင် ကုန်ချအဖွဲ့မှ ပုံမှန်လာလုပ်သည့် ဆိပ်ခံတံတား သုံးခုသာ ရှိရာမှ ယခုအချိန်တွင် ထပ်တိုး၍ လုပ်ကိုင်ရန် ပြောဆိုလာကြောင်း ဖိုးလမင်းဆိပ်ကမ်းတံတား တာဝန်ခံ ဦးသန်းဦး ကပြောသည်။

“လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးပြောလာတော့ ကျွန်တော် ပေးလုပ်တယ်။ ဒါပေမဲ့ ဒီတစ်နေ့ပဲ လာလုပ်။ ဒီနေ့ပဲ အလုပ် သမတွေနဲ့ ပြဿနာ အခြေအတင်ဖြစ် ကြတယ်” ဟု၎င်းကပြောသည်။

ယင်းအလုပ်သမများမှာ လွန်ခဲ့သည့် ၁၇ နှစ်ချိန်က ကျောက်ဖြာမြို့သစ် တည်ဆောက်ရန် လယ်ယာနှင့်ဥယျာဉ်ခြံ မြေများ အသိမ်းခံခဲ့ရသည့် ရွာသုံးရွာ တွင် နေထိုင်သူများဖြစ်ကြသည်။

မြို့သစ်စီမံကိန်းလုပ်ရန် မြေဧက ငါးထောင်ကျော်ကို ၂၀ဝ၄ ခုနှစ်က သိမ်းဆည်းခဲ့ရာ ဒေသခံတောင်သူ ၁၀၉၂ ဦး၏ လယ်ယာ၊ ဓနိနှင့် ဥယျာဉ်ခြံမြေ အမြောက်အမြား အသိမ်းခံခဲ့ရသည်။

လယ်ယာမြေများ အသိမ်းခံရပြီးနောက် ၎င်းတို့လုပ်ကိုင်စားသောက်ရန် အလုပ် မရှိတော့သည့်အတွက် ယင်း အချိန်ကစပြီး ကျပန်းကုန်တင်ကုန်ချ အလုပ်သမဘဝသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းဒေသခံလည်းဖြစ်သူ တံတားတာဝန်ခံ ဦးသန်းဦးက ပြောပြသည်။

“တံတားစလုပ်ကတည်းက အလုပ်သမားမရှိလို့ သူတို့ကိုပဲ အားကိုးခဲ့ရတာ။ အလုပ်မရှိရင်လည်း စားသောက်ဖို့ ငွေကြေးကအစ ကျွန်တော်တို့က တာဝန်ယူထားရတာ” ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြို့နယ် ကုန်တင်ကုန်ချ ကော်မတီဒုတိယ ဦးစီးမှူး ဦးလင်းကိုကိုကမူ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနိူင်းကာ ဒေသခံအလုပ်သမရော မိမိတို့ပါ နစ်နာမှု မရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“သူတို့တံတားဘက်က ဘာတွေ အလိုရှိတယ်၊ ကျွန်တော်တို့ ဘာတွေ လိုက်လျောပေးရမယ်၊ ဟိုဘက်ဒီဘက် ပြန်ညှိရမှာပေါ့” ဟု ၎င်းက ပြောသည်။

ကိုဗစ်-၁၉ မဖြစ်မီက တစ်လလျှင် ကုန်တင်သင်္ဘော ငါးစီးခန့် လာရောက် နေရာမှ ယခုအချိန်တွင် နှစ်စီးခန့်သာ လာရောက်ဆိုက်ကပ်နေသည့်အတွက် ဒေသခံအလုပ်သမများအနေဖြင့် လက်ရှိအချိန်တွင် စားဝတ်နေရေး ကျပ်တည်း နေသည်ဟု ၎င်းတို့က ပြောပြသည်။

ကိုဆန်း