ရန်ကုန်ပြန်များ ပြည်နယ်အတွင်း ဝင်ခွင့်ကို ပြန်ကန့်သတ်

0
320
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်အတွင်းသို့ ရန်ကုန်မှ ပြန်ဝင်လာသူများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ကွာရန်တင်းစင်တာများတွင် ထားရှိစောင့်ကြည့်ပြီးမှသာ ပြည်နယ်အတွင်း သွားလာခွင့်ပြုသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် မဲပြန်ပေး နိုင်ရေးရည်ရွယ်ပြီး ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်မှ ပြန်လာသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကိုသာ စစ်ဆေးပြီး ကွာရန်တင်း မဝင်စေဘဲ နေရပ်ပြန်ရန် ခွင့်ပြုပေးခဲ့သည်။

သို့သော် ရွေးကောက်ပွဲပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှစကာ ရန်ကုန်မှ ပြန်ဝင်လာ သူများကို ကွာရန်တင်း ၁၄ ရက် ဝင်ရန် ပြန်ကန့်သတ်လိုက်ခြင်းဖြစ်သည်။

“ရန်ကုန်ပြန်တိုင်းကို ဝင်ခွင့်မပြုဘူး။ တကယ့်အရေးကြီးကိစ္စနဲ့ လာတာကိုပဲ ခွင့်ပြုထားတယ်ဆိုတော့ ပုံမှန် လူတွေဝင်ဖို့တော့ ခက်ခဲနေဦးမယ်” ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝတ်မှုံက ပြောသည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး၏ ထုတ်ပြန်ချက်အရ ယခုရက်ပိုင်းတွင် ပြည်နယ်အတွင် ပိုးတွေ့လူနာ ပြန်တိုးလာနေပြီး နိုဝင်ဘာ ၁၂ ရက်နေ့ည ထုတ်ပြန်ချက်တွင် ပိုးတွေ့လူနာ ၁၆ ဦး ရှိခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်နေ့ညအထိ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း ၈၁၃ ဦးရှိပြီး ဆေးရုံဆင်းသွားသူ ၆၇၂ ဦးနှင့် သေဆုံးသူ ၁၀ ဦးရှိသည်။