ရန်ကုန်မှပြန်ရန် စာရင်းပေးထားသူအချို့ ထားဝယ်သို့ ခိုးဝင်နေ

0
497
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသည့်အတွက် ထားဝယ်ပြန်ရန် စာရင်းပေးသွင်းထားသူအချို့ ထားဝယ်မြို့သို့ ခိုးဝင်ပြီ းပြန်ရောက်နေသည်ကို တွေ့ရကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

အဆိုပါ အထောက်အကူပြုအဖွဲ့က ပြီးခဲ့သည့်လမှစတင်ကာ ရန်ကုန်တွင်သောင်တင်နေသူများ ပြန်ခေါ်နိုင်ရေး စာရင်းကောက်ခံနေသည်။
ထိုသို့ကောက်ခံရာတွင် သောင်တင်နေသူ ၂၇၀ ဦး စာရင်းပေးထားပြီး ၎င်းတို့၏ ဖုန်းနံပါတ်များပေးထားကြသည်။

လက်ရှိတွင် ပြန်ခေါ်နိုင်ရေးအတွက် အဆိုဖုန်းများကို ပြန်လည်ဆက်သွယ်ရာ ထားဝယ်မြို့သို့ ပြန်ရောက်နေသူများရှိသကဲ့သို့ ရန်ကုန်-ထားဝယ်လမ်းပေါ်တွင် ရောက်ရှိနေသူများလည်းရှိနေသည်ကို တွေ့ရကြောင်း ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။

“ထားဝယ်ကိုရောက်နေတဲ့ သူတွေကို သွားတွေ့ရတယ်။ နောက်ပြီး ဒီနေ့ကားနဲ့ ဆင်းလာနေသူတွေရှိတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ လာရောက်ပြီး သတ်မှတ်ရက်အတိုင်း ကွာရန်တင်းမဝင်ကြသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ခိုးဝင်သူများရှိနေသည်ကို တွေ့ရသည့်အတွက် ထိရောက်စွာ စိစစ်အရေးယူနိုင်ရေး တိုင်းကိုဗစ်ကော်မတီထံ တင်ပြမည် ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

ရန်ကုန်မှ ထားဝယ်သို့ ခိုးဝင်ပါက လူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းကျော် ပေါက်ဈေးရှိနေပြီး ကုန်တင်ကားဖြင့် ခိုးဝင်သူများရှိသကဲ့သို့ အခြားနည်းလမ်းမျိုးစုံဖြင့် ခိုးဝင်နေကြသည်။

ရန်ကုန်တွင် သောင်တင်နေများပြန်ခေါ်နိုင်ရေးအတွက် ထားဝယ်ခရိုင်အတွင်းမှ ၁၀၀ ဦးနှင့် မြိတ်ခရိုင်အတွင်း နေထိုင်သူ ၅၀ ဦးခန့်နှင့် ကော့သောင်းခရိုင်အတွင်းမှ ၁၀ ဦးခန့်အား ပထမအသုတ်အနေဖြင့် ယခုပတ်အတွင်း ပြန်ခေါ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ပြန်လာရန် စာရင်းပေးသွင်းထားသူများကို ပြန်လည်ဆက်သွယ်နေပြီး စိစစ်ပြီးပါက တိုင်းကိုဗစ်ကော်မတီထံ တင်ပြမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။

ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြုအဖွဲ့မှ တင်ပြလာပါက ခေါ်ယူနိုင်ရေး လမ်းခရီးရှိ တိုင်းနှင့်ပြည်နယ် အစိုးရများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းကိုဗစ်ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ပြန်လာသူများကို ထားဝယ်ထားဝယ်တက္ကသိုလ် ကွားရန်တင်းစခန်းတွင် ထားရှိမည်ဖြစ်သည်။

ကွာရန်တင်းဝင်နေစဉ် ကိုဗစ်ရောဂါအပါအဝင် ကျန်းမာရေးစစ်ဆေးမှုများ အခမဲ့လုပ်ပေးမည်ဖြစ်ပြီး အစားအသောက် ကုန်ကျစရိတ်ကို တတ်နိုင်များသူမှ မျှဝေကျခံရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့အထိ စာရင်းများအရ တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကူးစက်ခံရသူ ၃၂၂ ဦး ရှိသည်။