ကော့သောင်းပင်လယ်တွင်ပေါ်နေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ပေးပို့ထား

0
580

ကော့သောင်းခရိုင်၊ ပင်လယ်တွင် ပေါ်လာနေသည့် ကျောက်ငါးမျိုးစိတ်များကို ဓာတ်ခွဲခန်းသို့ ပေးပို့ထားကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာန က သိရသည်။

ကော့သောင်းခရိုင် ညောင်ဝီးကျွန်း၊ ဘိုချိုကျွန်းနှင့် လန်ပိကျွန်းများ အနီးတဝိုက်ရှိ ပင်လယ်ရေပြင်တွင် ကျောက်ငါးမျိုးစိတ်များကို မသေမရှင် အနေအထားဖြင့် ရေပေါ် ပေါလောပေါ်နေသည်ကို စက်တင်ဘာလဆန်းခန့်က ဒေသခံရွာသားများနှင့် ဒေသခံရေလုပ်သားအချို့က စတင်တွေ့ရှိလာကြခြင်းဖြစ်သည်။

အဆိုပါ ကျောက်ငါးမျိုးစိတ်များကို နိုဝင်ဘာလ ၆ ရက်က ရန်ကုန်ငါး လုပ်ငန်းဦးစီးဌာန၊ ငါးရောဂါဌာနစု ဓာတ်ခွဲခန်းသို့ ကျောက်ငါးမျိုးစိတ်နှစ် ကောင်ကို ဓာတ်ခွဲစစ်ဆေးရန် ပေးပို့ထားပြီး လက်ရှိအချိန်ထိ အဖြေမသိရသေးဟု အထက်ပါဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။

“ရေနမူနာက မပို့ရသေးဘူး။ ရေငုပ်သမားရှာနေတာနဲ့ ဘာနဲ့ ဒီနေ့မှ ရေက ရတယ်။ ပင်လယ်ပြင်ရေအောက်ကြမ်းပြင်က ရေကိုယူပြီး ဓာတ်ခွဲခန်းပို့မှာပေါ့။ ရေထဲမှာ ဘယ်လို ဓာတ်ကြွင်းတွေရှိလဲဆိုတာကို စမ်းသပ်ကြည့်ရမှာပေါ့” ဟု ဦးသန့်ဇင်က ပြောသည်။

ကျောက်ငါးများနေထိုင်သည့် ပင်လယ်ရေအောက်ကြမ်းပြင်မှ ရေနမူနာကို ဓာတ်ခွဲစမ်းသပ်ရန် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထပ်မံပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။

ကျောက်ငါးမျိုးစိတ်တစ်ကောင်လျှင် ၁ ကီလိုမှ ၁၀ဝ ကီလိုကျော်ခန့်ရှိသည့် အကောင်များပင် ပါဝင်သည်ဟု ဒေသခံအချို့နှင့် ရေလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။

ပြီးခဲ့သည့်နှစ်က ဆလုံလူမျိုးများ နေထိုင်သည့် ကျေးရွာအနီးတွင် ကျောက်ငါး မျိုးစိတ် တစ်ကောင်စ နှစ်ကောင်စ မျောပါနေသည်ကို တွေ့ဖူးသော်လည်း ယခုကဲ့သို့ ရောင်းရတဲ့အခြေအနေထိ ကျောက်ငါးအများအပြား ရေတွင်ပေါ် လာနေသည်ကိုမူ တစ်ခါမှ မတွေ့ဖူးဘူးဟု မကြုံကလက်ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောသည်။

“ကျွန်တော်ကတော့ ရောဂါတစ်မျိုးကြောင့်လို့ပဲ ထင်တယ်” ဟု ဦးကြည်ဝင်း က ဆိုသည်။

လက်ရှိတွင် လငန်းကျွန်းအနီးတွင် အတွေ့များလာသည်မှာ နှစ်ပတ်ခန့်ရှိပြီ ဖြစ်ပြီး အခြားရွာများမပါဘဲ လငန်းရွာ တစ်ခုတည်းတွင်ပင် ခန့်မှန်းချက်အရ နှစ်တန်ခန့်ရှိမည်ဖြစ်ကြောင်း လငန်းကျေးရွာမှ ဒေသခံများကိုယ်တိုင်ပူး ပေါင်းပါဝင်ဆောင်ရွက်သော အဏ္ဏဝါ ရေပြင်ဧရိယာထိန်းသိမ်းရေး ဥက္ကဌ ဦးမြင့်လွင်က ပြောသည်။

“ဒီလိုဖြစ်စဉ်တွေဟာ မလျော့လာတဲ့အတွက် ကျွန်တော်တို့က ဒီမြေပြင်ကို ကွင်းဆင်းစေချင်တယ်” ဟု ဦးမြင့်လွင်က ဆိုသည်။

ကျောက်ငါးမျိုးစိတ်များ ပင်လယ်တွင်‌ ပေါ်လာနေသည်မှာ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှု၊ ဂေဟစနစ် ပျက်စီးမှု၊ လူတို့၏ ပယောဂနှင့် ရောဂါ စသည်တို့ကြောင့်လောဆိုသည်ကိုမူ ဒေသခံများက သိလိုနေကြသည်။

မိုးမြင့်