မှေးမှိန်နေသည့် ကိုဗစ်ကန့်သတ် ချက်များ

0
465

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ချိန်က အစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များမှာ လက်ရှိတွင် လိုက်နာမှုအားနည်းပြီး မှေးမှိန်နေသည်။

ကိုဗစ်ကပ်ဘေး တားဆီးနိုင်ရေးအတွက် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို စက်တင်ဘာလ ၁၇ ရက်နေ့က တားမြစ်ထားသည်။

လက်ရှိတွင် လက်ဖက်ရည်ဆိုင် အချို့တွင် ဆိုင်ထိုင်စားသောက်သည့်ပုံစံဖြင့် ပေါ်ပေါ်တင်တင်ရောင်းချနေ ကြသည်။

အဆိုပါ စည်းကမ်းချက် စတင်သတ်မှတ်ချိန်က ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်မှုများရှိခဲ့သော်လည်း လက်ရှိတွင် အရေးယူဆောင်ရွက်မှု မရှိတော့ပေ။

ယင်းကဲ့သို့ ကိုဗစ်စည်းကမ်း သတ်မှတ်ချက် ဖောက်ဖျက်မှုများကို အရေးယူတားဆီးရန် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် မြို့နယ်ကိုဗစ်ကော်မတီ များတွင် တာဝန်ရှိကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“မျက်နှာလိုက်ခြင်း၊ အခွင့်အရေးပေးခြင်း ဘယ်သူ့ကိုမှ မရှိဘဲနဲ့ မသိချင်ယောင်ဆောင်ပြီးလွှတ်ပေးထားလို့ မရဘဲနဲ့ တိတိကျကျလုပ်ဖို့က သူတို့ တာဝန်ပါ” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ထို့အတူ ကိုဗစ်ကြောင့် ထုတ်ပြန်ထားသည့် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်မှာ လက်ရှိ အချိန်အထိ အသက်ဝင်နေဆဲဖြစ်သည်။

ယင်းအမိန့်စတင်ထုတ်ပြန်ချိန်က ည ၁၂ နာရီနောက်ပိုင်း သွားလာသူများ မရှိသလောက် နည်းပါးသွားခဲ့သော်လည်း လက်ရှိတွင်မူ သတ်မှတ်ချိန် နောက်ပိုင်း သွားလာနေကြသည်ကို တွေ့ရသည်။

ထို့အပြင် ကိုဗစ်ကာလတွင် လူ ၃၀ ဦးထက် ပိုမစုဝေးရသည့် အမိန့်ထုတ်ထားပြီး လက်ရှိအချိန်အထိ အသက်ဝင် နေဆဲဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း သတ်မှတ်ဦးရေထက် ပိုမိုစုဝေးပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန် ထားသည်။

သို့ရာတွင် ရွေးကောက်ပွဲကျင်းပပြီး သုံးရက်ခန့်အထိ လူရာချီပါဝင်သည့် အောင်ပွဲခံမှုများလည်း ရှိနေခဲ့သည်။

ကိုဗစ်စည်းကမ်းချက်ကို ဖောက်ဖျက်ကာ လူရာချီ အင်အားပြလှည့်လည် ရာတွင် ဦးဆောင်သူများကို ခေါ်ယူပြီး ခံဝန်လက်မှတ်ထိုးခိုင်းထားကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“ခေါ်ပြောလျက်သားနဲ့မှ ထပ်လုပ်လာရင် အဲဒီထဲမှာ ခေါင်းဆောင်ဘယ် သူလဲ၊ ခေါင်းဆောင်လုပ်တဲ့သူကို ထိထိ ရောက်ရောက် အရေးယူသွားမှာပါ။ ပထမက သတိပေးပြီးပြီပဲ” ဟု ၎င်းက ပြောသည်။

ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ လျော့ရဲနေသည့်အတွက် ပြန်လည် ကြပ်မတ်နိုင်ရန် ကော်မတီအစည်းအဝေး လုပ်ကာ ဆွေးနွေးအဖြေရှာမည်ဖြစ် ကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့အထိ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ကိုဗစ် ရောဂါပိုး ကူးစက်ခံရသူ ၂၈၂ ဦးရှိပြီး ဆေးရုံတွင် ၃၅ ဦး ကုသနေရဆဲဖြစ်သည်။