မွန်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရ

0
417
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရရှိခဲ့သည် ကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲရလဒ်အရ သိရသည်။

မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၄၅ နေရာတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂ နေရာ ရာခိုင်နှုန်းအားဖြင့် ၂၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၂ ဦးတွင် ပြည်သူ့လွှတ် တော်နေရာက သုံးဦး၊ အမျိုးသားလွှတ်တော်နေရာ သုံးဦးနှင့် ပြည်နယ်လွှတ်တော်နေရာ ငါးဦးတို့ဖြစ်ပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ NLD ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁၁ ဦးနှင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ပါဝင်သည်။

၂၀၁၅ ရွေးကောက်ပွဲထက်စာလျှင် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ အမျိုးသမီးကိုယ်စားလှယ်လောင်း ပိုများလာသည့်အတွက် လွှတ်တော်ထဲ အမျိုးသမီးတို့၏ အသံ ပိုမိုရောက်လာရှိလာ လိမ့်မည်ဟု ပြည်နယ်အတွင်း အမျိုးသမီး အရေးလှုပ်ရှားနေသူတို့က မျှော်လင့်နေကြသည်။

“လွှတ်တော်ထဲမှာ အမျိုးသမီးကိုယ် စားလှယ်တွေကနေတစ်ဆင့် အမျိုးသမီးတွေရဲ့အသံ လူနည်းစုတွေရဲ့အသံ မူဝါဒတွေ ရရှိအောင် ဥပဒေတွေ ခိုင်မာအောင် အမျိုးသမီးကိုယ်စားလှယ်တွေက ကိုယ်စားပြု ဖော်ဆောင်သွားမယ်လို့ ကျွန်မတို့ မျှော်လင့်တယ်” ဟု ပြည်နယ်အတွင်း အမျိုးသမီးအရေးလှုပ်ရှားနေသည့် မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်မူ မွန်ပြည်နယ်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ရှစ်နေရာသာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။