ရန်ကုန်သောင်တင်နေသူများ အိမ်ပြန်နိုင်ရေး ရောင်ခြည်

0
562
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကပ်ဘေး ကန့်သတ်ချက်များကြောင့် ရန်ကုန်တွင် သောင်တင်နေသည့် ထားဝယ်သားများအိမ်ပြန်နိုင်ရေး ရောင်ခြည်သမ်းလာသည်။

ကိုဗစ်ကူးစက်မှု ဒုတိယလှိုင်းပြင်း ထန်လာသည့် အောက်တိုဘာလဆန်းတွင် တိုင်းကျော်ခရီးသွားလာခွင့်ကို စတင်ကန့်သတ်ခဲ့သည်။

ထိုကြောင့် ရန်ကုန်ရောက် တနင်္သာရီတိုင်းသားများမှာ ရန်ကုန်မြို့တွင် ပိတ်မိ နေခဲ့ကြသည်။

သောင်တင်နေသည့် တိုင်းသားအချို့မှာ စားဝတ်နေရေး အခက်အခဲကြုံ လာသည့်အတွက် စက်ဘီးစီးပြီး တစ်ကိုယ်တော် ခိုးပြန်လာသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ကုန်တင်ကားဖြင့် ခိုးလာလိုက်သည့် ဖြစ်စဉ်များလည်း ရှိလာသည်။

ထိုအခြေအနေတွင် ကိုဗစ်ထိန်းချုပ် ကာကွယ်ရေး လူထုအခြေပြုအထောက် အကူပြုအဖွဲ့(ထားဝယ်ဒေသ)က သောင်တင်နေသည့် တိုင်းသားများကို ပြန်ခေါ်ရန် စီစဉ်လာသည်။

ယင်းကဲ့သို့ ပြန်ခေါ်နိုင်ရန်အတွက် လက်ရှိတွင်ဆက်သွယ်ရမည့် ဖုန်းနံပါတ် များကိုလည်း ထုတ်ပြန်ခဲ့သည်။

နေရပ်ပြန်လိုသည့် လူဦးရေစာရင်း ကိုသိနိုင်မှသာ အခြားသော ညှိနှိုင်းမှုနှင့် ကွာရန်တင်းစခန်းကဲ့သို့ လိုအပ်သည့် အစီအမံများ လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် စာရင်းပေးသွင်းကြရန် နှိုးဆော်ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့ အတွင်းရေးမှူးဦးကျော်ကျော်ဦးက ဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၁ ရက် နေ့အထိ ၉ ရက်တာကလအတွင်း နေရပ်ပြန်ရန် စာရင်းပေးသူ ၁၈၈ ဦးအထိ ရှိကြောင်း လူထုအခြေပြုအထောက် အကူပြုအဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။

ရန်ကုန်တွင် သောင်တင်နေကြသည့် ထားဝယ်၊ မြိတ်ခရိုင်အတွင်း နေထိုင်သူများမှ စာရင်းပေးသွင်းကြခြင်း ဖြစ်သည်။

အထက်ပါအဖွဲ့မှာ သောင်တင်နေ သူများပြန်ခေါ်နိုင်ရေးအတွက် နိုဝင်ဘာ လ ၁၂ ရက်နေ့က တိုင်းအစိုးရထံ အကူအညီတောင်းခံစာ ပေးပို့ခဲ့သည်။

ထိုသို့ပြန်ခေါ်နိုင်ရေးအတွက် အဖွဲ့ကလည်း ကူညီဆောင်ရွက်ပေးမည့်အကြောင်း တင်ပြထားသည်။

ရန်ကုန်မှ နေရပ်သို့ ပြန်လာလိုသူများတွင် လောင်းလုံးမြို့နယ်၊ ညှင်းမော်ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း အပါအဝင်ဖြစ်သည်။

ရန်ကုန်တွင် ဂျပန်စာသင်တန်းသွားတက်ရင်း ကိုဗစ်ကပ်ဘေးကြောင့် သောင်တင်နေပြီး သူမနှင့်ဘဝတူ အိမ်ပြန်ချင်သူ အမြောက်အမြားရှိနေသည်။

အိမ်ပြန်ရန်စုံစမ်းရာတွင်လည်း အိမ်စီးကားဖြင့် လိုက်လိုပါက ငွေကျပ် နှစ်သိန်းပေါက်ဈေးရှိနေသည်ဟု ဆိုသည်။

“ကိုယ့်မိသားစုအနားမှာပဲ နေချင်တာပေါ့။ ပြန်ချင်နေတဲ့သူတွေကိုတော့ အစိုးရက ပြန်ခေါ်ပေးသင့်တယ်လို့တော့ ထင်တယ်။ အခုက အားလုံး ပြန်ချင်နေတဲ့ သူကများတယ်။ ကားတွေမရှိလို့သာ ဒီအတိုင်းနေနေရတာ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ထိုကဲ့သို့ သောင်တင်နေသူများ ပြန်လာနိုင်ရေးမှာ တိုင်းအစိုးရ၏ စွမ်း ဆောင်ရည်၊ ကိုဗစ်ကပ်ဘေးအခြေအနေ၊ ပြည်ထောင်စု အစိုးရ၏ ကန့်သတ်ချက် စသည့်အခြေအနေအရပ်ရပ်အပေါ်တွင် မူတည်နေသည်။

ယင်းအပြင် ကိုဗစ်နှင့်ပတ်သက်၍ တိုင်းအစိုးရက ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်နှင့် ပန်ကြားလွှာ စသည့်ကန့်သတ်ချက်များမှာ နိုဝင်ဘာ လ ၃၀ ရက်နေ့အထိ အကျုံးဝင်နေဆဲ ဖြစ်သည်။

ထိုကန့်သတ်ချက်များအနက် မလွှဲတောင်ဂိတ်ဖြတ်သန်းခွင့်လည်း ပါဝင်သည်။

ယင်းဂိတ်မှ ကုန်တင်ကားများ၊ ကိုဗစ်စစ်ဆေးရန် နမူနာပို့မည့်ကားနှင့် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များသာ ခွင့်ပြုနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူးဗိုလ် မှူးကြီးကျော်ဇေယျက ဆိုသည်။

လက်ရှိတွင် အထက်ပါကန့်သတ်ချက်က နိုဝင်ဘာလကုန်အထိ အသက်ဝင်နေသဖြင့် သောင်တင်နေသူများ ပြန်ခေါ်မည့် အစီအစဉ်မှာ မသေချာသည့် အခြေအနေဖြစ်နေသည်။

“အဲဒီနောက်ပိုင်းကျမှပဲ ကျွန်တော်တို့က စဉ်းစားလို့ ရပါမယ်လို့။ ဘာကြောင့် လို့လဲဆိုတော့ အမိန့်တစ်ခုက ထုတ်ပြန် ထားပြီးရင် တည်မှ အဆင်ပြေတယ်လေ” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ရန်ကုန်တွင် သောင်တင်နေသူများ၏ အခက်အခဲကိုနားလည်သော်လည်း ပြန်လာသူအချို့ စည်းကမ်းမဲ့ပါက ဒေသတွင်း ရောဂါကူးစက်မှုများသွားနိုင်သည့်အပေါ် စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။

“အခက်အခဲကတော့ နားလည်ပါတယ်။ ကျွန်တော်တို့တိုင်းမှာ ပိုးပျံ့ မသွားအောင်ကလည်း ထိန်းဖို့ဟာက လည်း တာဝန်ရှိ နေတယ်။ အဲဒီနှစ်ခု ကြားထဲမှာ ဖြစ်နေတာပေါ့” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပြည်ထောင်စုအစိုးရ၏ အမိန့်ညွှန်ကြားချက်ထုတ်ပြန်မှုအပေါ်တွင်လည်း မူတည်ကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

ထိုအခင်းအကျင်းများက သောင်တင်နေသည့် တိုင်းသားများ အိမ်ပြန်နိုင်ရေး ရောင်ခြည်မှာ မှိန်ဖျဖျသာ ရှိနေသေးသည်။