တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

0
458
ရွေးကောက်ပွဲနေ့ ပြဿနာများ

ရွေးကောက်ပွဲနေ့ ပြဿနာများ

ရွေးကောက်ပွဲနေ့မှာ ပြဿနာတွေ ပေါ်ပေါက် တတ်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုတာကို အောက်မှာ ဖော်ပြပါ့မယ်။

၁။ မဲရုံမှာ မဲဆွယ်တာ၊

၂။ မမှန်မကန် မဲပေးတာ၊

၃။ လျှို့ဝှက်မဲပေးတာကို ထိခိုက်တာ၊

၄။ မမှန်မကန်မဲရေတွက်တာ၊

၅။ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာတွေ၊

၆။ မဲရုံအတွင်း ဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲ လေ့လာသူတွေ ဒါမှမဟုတ် ရွေးကောက်ပွဲကိုယ်စား လှယ်တွေ မတရားသဖြင့် ဝင်ခွင့်မပေးတာ၊

၇။ ထိခိုက်လွယ်တဲ့အရာတွေကို ပုံပျက်စေတာ (ဥပမာ – မဲပုံးတွေကို ဖျက်ဆီးတာ၊ မဲလက်မှတ်တွေ ကို ဆုတ်ဖြဲတာ၊ မဲစာရင်းကို မီးရှို့တာ)၊

၈။ မဲရုံဝန်ထမ်းတွေက ဘက်လိုက်တာမျိုး လုပ်ဆောင်တာ၊

၉။ လုံခြုံရေးတွေက နှောင့်ယှက်တာ၊

၁၀။ မဲရုံဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ ကို နှောင့်ယှက်တာနဲ့

၁၁။ အခြား ပြဿနာတွေ ဖြစ်ပါတယ်။

ပြဿနာတွေပေါ်ပေါက်လာရင် ဘယ်သူတွေက ဘယ်လို ဖြေရှင်းမလဲ
အငြင်းပွားမှုတွေနဲ့ မမှန်မကန်ပြုလုပ်မှုတွေ ဒါမှမဟုတ် အပြစ်မကင်းတဲ့ ပြုလုပ်မှု ဒါမှမဟုတ် ကျူးလွန်မှုတွေကို မဲရုံမှူးတွေဟာ ဖြေရှင်းဆောင်ရွက်ခွင့် ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ ချက်ချင်းဆောင်ရွက်ရမှာဖြစ်ပြီး အောက်မှာဖော်ပြထားတဲ့ အချက်တွေကို အခြေခံရပါမယ်။

(က) သူကိုယ်တိုင် မြင်တွေ့သိရှိတာ ဒါမှမဟုတ်

(ခ) မဲပေးသူ၊ ရွေးကောက်ပွဲလေ့လာသူ၊ ကိုယ်စားလှယ်လောင်း ဒါမှမဟုတ် ပါတီကိုယ်စား လှယ်တစ်ဦးဦးက အချက်အလက်ပေးတာ၊ တိုင်ကြားတာ၊
ရွေးကောက်ပွဲနေ့မှာ အငြင်းပွားမှုတွေနဲ့ မမှန်မကန်ပြုလုပ်မှုတွေ ဒါမှမဟုတ် အပြစ်မကင်း တဲ့ ပြုလုပ်မှု ဒါမှမဟုတ် ကျူးလွန်မှုတွေကို ထိရောက်စွာ ရပ်တန့်သွားစေဖို့နဲ့ ကျူးလွန်မှုတွေ ကြောင့်ဖြစ်တဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့ မဲရုံမှူးက ချက်ချင်းဖြေရှင်းဆောင်ရွက် ရမှာပါ။

မဲပေးစဉ်နဲ့ မဲရေတွက်စဉ်မှာ အထက်က အခြေအနေတွေ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် မဲရုံမှူးတွေဟာ အောက်မှာဖော်ပြထားတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

၁။ မဲရုံပရိဝုဏ်အတွင်း ပြဿနာတွေ နဲ့ပတ်သက်ပြီး သတိပေးကြောင်း မဲရုံမှူးမှတ်တမ်းမှာ ဖော်ပြမှတ်တမ်းတင်တာ၊ လက်မှတ်ရေးထိုးစေ ခိုင်းတာ(ဥပမာ – နိုင်ငံရေးပါတီ၊ ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်၊ ရွေးကောက် ပွဲလေ့လာသူ ဒါမှမဟုတ် မဲပေးသူတွေ)၊

၂။ မဲရုံမှာ မဖွယ်မရာတာကို ပြုလုပ်တာ ဒါမှ မဟုတ် မဲရုံမှူးက တာဝန်ဝတ္တရားအရ ညွှန်ကြား တာကို မနာခံတာမျိုးမှာ မဲရုံကနေ ထွက်သွားခိုင်းတာ၊

၃။ တာဝန်ကျရဲတပ်ဖွဲ့ ဒါမှမဟုတ် လုံခြုံရေးတွေကို အကူအညီတောင်းခံတာ(ဥပမာ – တစ်စုံတစ်ယောက်ကို မဲရုံကနေ ထွက်ခွာသွားခိုင်းတာ)၊

၄။ ပယ်မဲအဖြစ်ကြေညာတာ၊

၅။ မဲပေးတာကို ခဏ ရပ်ဆိုင်းတာ၊

၆။ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကတစ်ဆင့် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရဲ့ လမ်းညွှန်မှုကို ရယူတာတွေ ဖြစ်ပါတယ်။
လွတ်လပ်စွာဆန္ဒမဲပေးတာကို ထိခိုက်စေတဲ့ မမှန်မကန်ပြုလုပ်တာတွေ ပေါ်ပေါက်လာရင် မဲရုံမှူးဟာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အစီရင်ခံရမှာပါ။ မဲရုံမှူးတွေရဲ့ လုပ်ငန်းလမ်းညွှန်တွေမှာ မပါတဲ့ ကိစ္စတွေပေါ်ပေါက်လာရင်လည်း အဲဒီအဖွဲ့တွေကို အမြန်တင်ပြပြီး လမ်းညွှန်မှုကို တောင်းခံရမှာပါ။

မှတ်ချက်။ ။ကျူးလွန်မှုတွေကို အချိန်မီ တားဆီးနိုင်ဖို့ရာအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် ဒါမှမဟုတ် လုံခြုံရေးတွေထံကနေ အကူအညီမရယူမီ မဲရုံမှူးက အရင်ဦးစွာ ဖြေရှင်းပေးနိုင်ပါတယ်။

မဲရုံမှတ်တမ်း
မမှန်မကန်ပြုလုပ်မှုတစ်ခုကို တစ်စုံတစ်ယောက်က သတင်း‌ပေးတာကြောင့်ဖြစ်စေ၊ မိမိကိုယ်တိုင်က သိလို့ဖြစ်စေ မဲရုံမှူးဟာ မဲရုံမှတ်တမ်းမှာ ရှင်းလင်းစွာ မှတ်တမ်းတင်ရမှာပါ။

အဲဒီလိုမှတ်တမ်းတင်ရာမှာ

၁။ အချိန်နဲ့ နေရာ၊

၂။ တိုင်ကြားမှုဖော်ပြချက်၊

၃။ ပါဝင်သူတွေ၊

၄။ တင်ပြတဲ့ သက်သေ(ရှိလျှင်)နဲ့

၅။ အရေးယူဆောင်ချက် ဒါမှမဟုတ် လိုအပ်တဲ့ အရေးယူမှု(ရှိလျှင်)။

မဲရုံမှူးဟာ မမှန်မကန်ပြုလုပ်မှုတွေဟာ မိမိရဲ့ စီရင်ဆောင်ပိုင်ခွင့်အတွင်း မရှိတာကို ဖော်ပြပြီး အစီရင်ခံစာကို လက်မှတ်ရေးထိုးပြီး ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို တင်ပြရမှာပါ။ အစီရင်ခံစာကို သက်သေတစ်ဦးကို လက်မှတ်ရေးထိုးခိုင်းဖို့လည်း လိုပါတယ်။

ကိုးကား- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်