မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆီးချိုရောဂါ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ- Dr. Phyo Wai Lynn | ရေးသားသူ- Aye Thi Mon

ဆီးချိုက ကမ္ဘာတလွှားမှာတင် ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာလည်း ဆီးချိုရောဂါ ခံစားရသူ အရေအတွက်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း အတော်လေး မြင့်တက်လာခဲ့ပါ တယ်။ ဆီးချိုက ရုတ်တရက် သေဆုံးတာမျိုး မဖြစ်ပေမယ့် ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ရောဂါတစ်ရပ်ပါ။

ကူးစက်တာမျိုး မရှိဘူးဆိုပေမယ့် မျိုးရိုးလိုက်တာကြောင့် နောက်မွေးလာမယ့် သားစဉ်မြေးဆက်မှာ ဆီးချို ခံစားရ တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် သေချာ သိရှိ ကာကွယ်ဖို့ လိုအပ်တဲ့ ရောဂါ တစ်မျိုးလို့ ပြောပါရစေ။

မြန်မာနိုင်ငံရဲ့ ဆီးချို ဖြစ်ပွားမှုနှုန်း ဘယ်လောက်တောင် မြင့်တက်နေသလဲ။
၂၀၁၄ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းနှင့် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သောအကြောင်း အချက်များ လေ့လာခြင်း စစ်တမ်းကောက်ယူမှု အရ မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းဟာ အတော်လေး မြင့်တက်နေတာကို တွေ့ရပါတယ်။

ရာခိုင်နှုန်း အတိအကျ ပြောရမယ်ဆိုရင် ဆီးချို ခံစားနေရသူ အမျိုးသားအရေအတွက်က အယောက် ၁၀ဝ မှာ ၁၀.၈ ရာခိုင်နှုန်း ကနေ ၁၁.၅ ရာခိုင်နှုန်း အထိရှိပြီး အမျိုးသမီးအရေအတွက်က အယောက် ၁၀ဝ မှာ ၉.၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူ အရေအတွက်က အယောက် ၁၀ဝ မှာ အမျိုးသား ၁၆.၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီအရေအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ဆိုရင် တော်တော်လေးကို များပြားလှတဲ့ပမာဏပါ။

မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေရတဲ့ အကြောင်းအရင်းများ
မြန်မာနိုင်ငံမှာ ဆီးချို ဖြစ်ပွားမှုကို မြင့်တက်စေတဲ့ အကြောင်းအရင်းက တော်တော်လေး များပါတယ်။ ဒီ အကြောင်းအရင်းတွေထဲမှာမှ ဆီးချိုနဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို ခံစားရစေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေက

  • အသက်ရွယ် ကြီးရင့်လာတာ (ယခင်ကထက် သက်ကြီးရွယ်အို အရေအတွက် ပိုများလာတာ)
  • မြို့ပြနေထိုင်သူ ဦးရေများလာတာ
  • ခါးအဆီတက်တာ
  • သွေးတွင်း ကိုလက်စထရော များလာတာတွေကြောင့်ပါ။ အစားအသောက် နေထိုင်မှုပုံစံတွေက ကျန်းမာရေးနဲ့ ညီညွတ်မှု အားနည်းလာတာတွေကြောင့်လည်း ပါပါတယ်။
  • နောက်ထပ်တွေ့ရှိရတဲ့ အချက်အလက်တစ်ခုက ဆီးချိုရောဂါ ခံစားနေရသူ အများစုဟာ ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတ မရှိကြတာပါ။ ဆီးချိုရောဂါ လက္ခဏာဆိုတာကို မသိကြသလို ဆီးချိုဆိုတာကို နာမည်ပဲ ကြားဖူးတာမျိုးတွေပါ။

ဆီးချိုဖြစ်ပွားမှုမြင့်တက်စေရတဲ့ အကြောင်းအရင်းတွေကို ရာခိုင်နှုန်း အတိအကျနဲ့ ပြောပြရမယ်ဆိုရင်
၁) ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲသူ အရေအတွက်က ၂၆.၁ ရာခိုင်နှုန်း
၂) ကွမ်းယာနဲ့ ဆေးရွက်ကြီးသုံးစွဲသူ အရေအတွက်က ၄၃.၂ ရာခိုင်နှုန်း
၃) အရက် အလွန်အကျွံသောက်သုံးသူ အရေအတွက်က ၁၀.၃ ရာခိုင်နှုန်း
၄) ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ စားသုံးမှုနည်းသူ အရေအတွက်က ၈၆.၆ ရာခိုင်နှုန်း
၅) ကိုယ်လက်လှုပ်ရှားမှုနည်းသူ အရေအတွက်က ၁၅.၇ ရာခိုင်နှုန်း
၆) ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေသူ အရေအတွက်က ၂၂.၄ ရာခိုင်နှုန်း
၇) အဝလွန်ပြဿနာ ခံစားနေရသူ အရေအတွက်က ၅.၅ ရာခိုင်နှုန်း
၈) သွေးတိုးရောဂါ ခံစားရသူ အရေအတွက်က ၂၆.၄ ရာခိုင်နှုန်း
၉) သွေးတွင်း အဆီများနေသူ အရေအတွက်က ၃၆.၇ ရာခိုင်နှုန်း ဆိုပြီး တွေ့ရှိရပါတယ်။

ဒါတွေက လက်ရှိမှာ မဖြစ်သေးပေမယ့် ဆီးချို ဖြစ်လာဖို့ အလားအလာရှိနေတဲ့သူတွေပါ။
ဒီအချက်တွေအပြင် မြန်မာလူမျိုး အများစုက ထမင်းကို အဓိက အားထား စားတာ၊ အချို၊အငန်ကဲတဲ့ အစားအစားတွေကို နှစ်ခြိုက်တာတွေကလည်း ဆီးချို ဖြစ်နိုင်ခြေကို မြင့်တက်စေနေတာပါ။

ဆီးချိုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေက ဘာတွေလဲ။
ဆီးချိုရောဂါ ခံစားရပြီဆိုရင် နောက်ဆက်တွဲ အနေနဲ့
၁) မျက်စိအမြင်အာရုံဆုံးရှုံးတာ
၂) နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားရတာ
၃) လေဖြတ်တာ
၄) နှလုံးသွေးကြောပိတ်တာ
၅) ကျောက်ကပ်ပျက်စီးတာ
၆) ခြေလက်တွေက အာရုံကြော လေးတွေ ပျက်စီးတာ
၇) အနာကျက်နှေးတာ
၈) အနာမကျက်တာ
၉) ခြေလက်တွေ ပုတ်ပြီး ဖြတ် တောက်ပစ်ရတာတွေကို ခံစားရနိုင်ပါတယ်။
အဆိုးရွာဆုံး နောက်ဆက်တွဲ အနေနဲ့ကတော့ ဆီးချိုရောဂါက ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေတာပါ။

ဆီးချို ဘယ်လို ကာကွယ်မလဲ။
ဆီးချိုက ကုသလို့ မပျောက်ပေမယ့် ကာကွယ်လို့ရသလို သေချာဂရုစိုက်ရင် သက်တမ်းစေ့နေလို့ရပါတယ်။ ဒီတော့ ဆီးချိုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင်
၁) အာဟာရ သင့်တင့်မျှတအောင် စားသုံးပါ
၂) အသီးအရွက်တွေ စားပါ
၃) ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပါ
၄) ဆေးလိပ်ဖြတ်ပါ
၅) အရက်ဖြတ်ပါ
၆) အဆီအအိမ့် လျှော့စားပါ
၇) အချိုကဲ၊ အငန်ကဲတာတွေကို လျှော့ပါ
၈) စိတ်ဖိစီးမှုကို ဖြေလျှော့ပါ
၉) ကိုယ်အလေးချိန်ကို ထိန်းပါ
၁၀) ရေသောက်ပါ
၁၁) အိပ်ရေးဝ၀ အိပ်ပါ။

မှတ်ချက်။ ။ https://hellosayarwon.com/ ၏ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။