အပြစ်မဲ့ရတနာလေးများ

0
544
Dawei Watch, Dawei News, Dawei News Media

သားသမီးဆိုတာ ရတနာ။ ဟုတ်တာပေါ့။ မိသားစုအတွက် ရတနာလေးတွေ ပါပဲ။ စိန်၊ ရွှေ၊ ကျောက်၊ သံ၊ ပတ္တမြား တွေ မရှိချင်နေပါစေ သူတို့လေးတွေရှိနေရင် မိသားစုအတွက် ပြည့်စုံပါတယ်။ အပြည့်အဝမဟုတ်ပေမဲ့ တစ်စိတ်တစ်ပိုင်းတော့ ပြည့်စုံတယ်လို့ ခံစားမိပါ တယ်။

ကလေးတွေဆိုတာ နိုင်ငံ့ရဲ့ရတနာ။ နိုင်ငံရဲ့အနာဂတ် အရင်းအမြစ်။ နိုင်ငံတည့်တံ့ဖို့ လူသားအရင်းအမြစ်လို တယ်။ ဆိုတော့ ကလေးတွေဆိုတာ နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတယ်။ ဒါကြောင့်လည်း သေသေချာချာဂရုစိုက်ပြီး ပြုစုပျိုးထောင် ပေးကြတယ်။ နိုင်ငံချမ်းသာရင် ချမ်းသာသလောက် ကလေးတွေအပေါ်မှာ အာရုံစိုက်ကြတယ်။ ဂရုစိုက်ကြတယ်။ ဘယ်အချိန်ကတည်း ကလည်းဆိုရင် ကိုယ်ဝန်ဆောင်စဉ်ကတည်းကနေပြီးတော့ မွေးဖွားကြီးပြင်း လာတဲ့အထိပေါ့။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ရက်တစ်ထောင်စီမံကိန်းဆိုတာရှိပါတယ်။ ကလေးတစ်ယောက်ကို ကိုယ်ဝန် စဆောင်ကတည်းကနေပြီး ရက်တစ်ထောင်ပြည့်တဲ့အထိ စောင့်ရှောက်ပေးတယ်။ ရက်တစ်ထောင်ကို ကိုယ်ဝန် စဆောင်တဲ့ရက်ကနေပြီး စတင်ရေတွက် တာပါ။ အလွယ်ပြောရမယ်ဆို ကလေးတစ်ယောက်ကို ကိုယ်ဝန်စဆောင် စဉ်ကစပြီး နှစ်နှစ်သားလောက်အထိ လိုအပ်တဲ့ ကာကွယ်ဆေးတိုက်ကျွေးတာ၊ အားဆေးတွေ တိုက်ကျွေးတာတွေကို အစိုးရကလုပ်ပေးတာပါ။ အဲဒီရက် တစ်ထောင်ဟာ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုအတွက် ဘယ်လောက်အရေးကြီး သလဲဆိုတာကိုတော့မိဘအတော်များများ သိပြီးသား ဖြစ်ကြမှပါ။

တိုင်တန်းနစ်ဇာတ်ကားအကြောင်း ပြောရင် ဂျက်နဲ့ ရိုစ့်တို့နှစ်ယောက်က အသာစီးယူထားတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်အကြောင်းတွေက အဓိက လွှမ်းမိုးထားတယ်။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ကျွန်တော်တို့အတွက် ပညာယူစရာတွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ အသက်ကယ်တဲ့ဇာတ်ဝင်ခန်းအကြောင်း အနည်းငယ်ပြောချင်ပါတယ်။ ကျွန်တော် အဲဒီဇာတ်ကားကို စကြည့်တုန်းကတော့ ဂျက်နဲ့ ရို့စ်တို့နှစ်ယောက်ရဲ့ ဆွဲခေါ်ရာနောက်ကိုပဲလိုက်နေမိလို့ကျန်တာတွေကို သိပ်အလေးအနက်မထားမိဘူး။ နောက်ပိုင်း အသေအချာပြန်ကြည့်တော့ မှ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို တွေ့မိတော့တယ်။

သင်္ဘောနစ်တော့မယ့်အချိန်မှာ သက်ကယ်လှေတွေပေါ်ကို လူတွေတင်ပါတယ်။ အဲဒီသက်ကယ်လှေတွေပေါ်ကို အမျိုးသမီးတွေနဲ့ ကလေးတွေကို အရင်တင်တာကို သတိထားမိပါတယ်။ အမျိုးသမီးတွေကို အရင်တင်ရတဲ့အကြောင်း အရင်းက Lady First ဆိုတဲ့ ယဉ်ကျေးမှုအရ တင်တယ်လို့ ယူဆလို့ရပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေဟာ မျိုးဆက်ပွားဖို့အတွက် အရေးကြီးပါတယ်။ အမျိုးသမီးတွေမရှိရင် မျိုးဆက်ပွားဖို့မလွယ်ပါဘူး။ အနာဂတ်ရဲ့ ရတနာလေးတွေ မွေးထုတ်ဖို့အတွက် သူတို့ဟာ အရေးကြီးပါတယ်။ ဒီထက် ပိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေလည်း ရှိမှာပါ။

ကလေးတွေကိုလည်း အမျိုးသမီးတွေနည်းတူ ဦးစားပေးတာကို တွေ့ရပါတယ်။ ကလေးတွေဆိုတာ ညောင်စေ့ နဲ့တူပါတယ်။ သူတို့ဟာ ဘယ်လောက်ကြီးတဲ့ ညောင်ပင်ကြီးဖြစ်လာမယ်ဆိုတာ ခန့်မှန်းဖို့ခက်ပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာ ကျောင်းဆရာ ဖြစ်ချင် လည်းဖြစ်မယ်။ ဆရာဝန် ဖြစ်ချင်လည်း ဖြစ်မယ်။ အင်ဂျင်နီယာ ဖြစ်ချင်လည်း ဖြစ်မယ်။ စစ်သား ဖြစ်ချင်လည်း ဖြစ်မယ်။ နိုင်ငံရေးသမား ဖြစ်ချင်လည်း ဖြစ်လာမယ်။ သိပ္ပံပညာရှင်ကြီး ဖြစ်ချင်လည်းဖြစ်လာမယ်။ စသဖြင့် သူတို့တွေဟာ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ကြိုတွက်လို့ မရပါဘူး။ ဆိုတော့ သူတို့ကို အလေးပေးတယ်။ ဦးစားပေးပါတယ်။ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စပါပဲ။

ဝမ်းနည်းဖို့ကောင်းတာက ဒီကလေးတွေကို အသုံးချကြတာကိုပါ။ ကလေးတွေဟာ နယ်ပယ်စုံမှာ အသုံး ချခြင်းခံကြရတယ်။ စစ်ပွဲတွေအတွက်လည်း ကလေးတွေကို အသုံးချကြတယ်။ ကလေးတွေကို ဓားစာခံအဖြစ်သုံးကြ တယ်။ ကလေးတွေကို အသုံးချလာခဲ့ကြ တာဟာ သမိုင်းတစ်လျှောက်ပါပဲ။ အရှေ့အလယ်ပိုင်းမှာ ကလေးတွေကို အသေခံဗုံးခွဲဖို့ သုံးကြတယ်။ တချို့ နိုင်ငံတွေမှာ ကလေးတွေဆီက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထုတ်ယူပြီး အစားထိုးကုသဖို့အတွက် ခိုးယူရောင်း ချခြင်းခံကြရတယ်။

မြန်မာနိုင်ငံမှာလည်း ကလေးငယ်တွေကို လက်နက်ကိုင်အဖွဲ့တွေက ကလေးစစ်သားအဖြစ် စုဆောင်းကြ တယ်။ တချို့ကလေးတွေကို တောင်းရမ်းခိုင်းတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဟာ စားပွဲထိုးလုပ်ကြရတယ်။ ပန်းရောင်းကြရတယ်။ ပန်းရန် လုပ်ကြရတယ်။ တချို့ကလည်း လိင်အမြတ်ထုတ်ခံရတယ်။ ကလေးတွေဟာ မျက်နှာသာပေးခံရသလို အသုံးချ လည်းခံကြရတယ်။

ကျွန်တော်တို့နိုင်ငံမှာ ခွဲခြားဆက်ဆံခြင်းရဲ့အဓိပ္ပာယ်ကို ရာနှုန်းပြည့် သဘောပေါက်တဲ့သူ နည်းသေးတယ်လို့ ဆိုချင်ပါတယ်။ ကိုယ့်ရဲ့ အပြုအမူ၊ လုပ်ရပ်၊ အပြောအဆိုတွေဟာ လူတစ်ဖက်သားအတွက် ခွဲခြားဆက်ဆံရာရောက် နေမလားဆိုတာကို သုံးသပ်တဲ့အလေ့ အကျင့် မရှိကြပါဘူး။ နေရာစုံ၊ နယ်ပယ်စုံမှာ အကြောင်းအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံနေကြတာကို မြင်နေတွေ့နေကြားနေ ရပါတယ်။ ဒါဟာ မယဉ်ကျေးရာ ရောက်ပါတယ်။

အခုတလော လူပြောများနေတာက သူဌေးကြီးတစ်ဦးက သူ့မြေးလေးတွေကို ပန်းရောင်းနေရတဲ့ ကလေးလေးတစ်ယောက် ဆီခေါ်သွားပြီး ဆင်းရဲရင် ဘဝဆိုတာ ဘယ်လိုခက်ခဲပင်ပန်းကြောင်း လက်တွေ့ပြတဲ့ ကိစ္စပါ။ ကျွန်တော် ငယ်ငယ်ကလည်း ဒီလိုဖြစ်ရပ်တူ အကြောင်းအရာတွေကို ကြားဖူးနားဝ ရှိပါတယ်။ အဲဒီနည်းလမ်းကို ကောင်းတယ်လို့လည်း လက်ခံမိခဲ့တယ်။ ကိုယ့်မှာ ကလေးတွေရှိလာရင်လည်း မပြည့်စုံတဲ့ဘဝဆိုတာ ဘယ်လိုခက်ခဲ တဲ့အကြောင်း သူတို့လိုပဲလက်တွေ့ပြပြီး သင်ပြပေးဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါဆိုရင် သူတို့အနေနဲ့ အဲဒီလိုဘဝမျိုး မရောက်အောင် သူတို့ဘဝတိုးတက်ဖို့ ငယ်စဉ်ကတည်းက ကြိုးစားကြလိမ့်မယ်ဆိုတဲ့ ယူဆချက်နဲ့ပါ။ အခုတော့ ကိုယ်တိုင်က ရုန်းကန်နေရတဲ့ဘဝဆိုတော့ သူတို့ကို လိုက်ပြစရာတောင်မလို တော့ပါဘူး။ ဒီတော့ ထူးချွန်ထက် မြက်ပြီး အဆင်ပြေနေတဲ့ဘဝတွေ ကိုပဲပြပြီး သူတို့ဘာကြောင့် အဲဒီ လိုဘဝကိုရသလဲဆိုတာကိုပဲ ပြသပေး နေမိတော့တယ်။

စောစောကဖြစ်ရပ်ကို ပြန်သွားရရင် အားနည်းချက်ပေါင်းများစွာကို ပြောဖို့ဖြစ်လာပါတယ်။ ပထမဆုံး အချက်က ကိုယ့်အတွက်ပဲကြည့်မိတဲ့ အချက်။ ကိုယ့်ရဲ့မြေးလေးတွေကို သင် ခန်းစာပေးဖို့ တစ်ခြားကလေးတစ် ယောက်ကို အသုံးချမိသလို ဖြစ်သွား မလားဆိုတာကို ထည့်မတွက်မိတာပါ။ နောက်တစ်ချက်က အခုလိုလုပ်ခြင်းဟာ မပြည့်စုံတဲ့ကလေးတစ်ယောက်ကို ပိုပြီးသိမ်ငယ်သွားစေမလား၊ ပိုပြီးတော့ ရှက်ကြောက်သွားစေမလားဆိုတာကို ထည့်မတွက်မိတာပါ။ ပြောစရာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ အဆိုးဆုံးအချက်တစ်ချက်ကိုပဲ ပြောပါတော့မယ်။ အဲဒါက ကျွန်တော်တို့ လူမှု အသိုင်းအဝိုင်းမှာ ကျူးလွန်မှန်းမသိ၊ အားပါးတရ ကျူးလွန်နေကြတဲ့ အမှု ကိစ္စပါ။ အဲဒါကတော့ အကူအညီပေးတဲ့ အခါ၊ အလှူအတန်းပြုတဲ့အခါ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ မှတ်တမ်းတင်ဗီဒီ ယိုရိုက်ခြင်းပါပဲ။ အဲဒီလောက်က အကြောင်းကိစ္စမရှိပါဘူး။ ဒါပေမဲ့ အဲဒီမှတ်တမ်းတွေကို ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက် ပေါ်တင်ကြတာပါပဲ။ အဲဒီလိုလုပ်ခြင်းမှာ ကောင်းတဲ့အချက်ရှိသလို၊ မကောင်း တဲ့အချက်လည်း ရှိနေမှာပါ။

ပရဟိတအသင်းလို၊ နာရေးကူညီ မှုအသင်းလို၊ ဆေးရုံလို၊ ဘိုးဘွားရိပ်သာလို နေရာတွေကို သွားရောက် လှူဒါန်းတဲ့အခါ မှတ်တမ်းဓာတ်ပုံတွေ ကြိုက်သလောက်ရိုက်ပြီး၊ ကြိုက်သလို တင်လို့ရပါတယ်။ မြင်ရတွေ့ရတဲ့သူ တွေ ဝိုင်းပြီး သာဓုခေါ်ကြရတာပေါ့။ ဝိုင်း ပြီး ဗစစမနခငအေန လုပ်လို့ ရကြတာပေါ့။ ဒါပေမဲ့ မပြည့်စုံတဲ့သူ၊ နိမ့်ပါးတဲ့သူတွေ ကို အကူအညီပေးလှူတန်းကြတဲ့နေရာမှာတော့ သတိထားကြရပါမယ်။ ကိုယ့်ရဲ့လုပ်ရပ်က သူ့တို့အတွက် အရှက်ရ သွားစေနိုင်သလားဆိုတာကို စဉ်းစားရပါမယ်။ တချို့ဆို Live တောင်လွှင့် လိုက်ပါသေးတယ်။ ဒါပေမဲ့ ကာယကံ ရှင်ကိုခွင့်တောင်းပြီး ကာယကံရှင်က သဘောတူခွင့်ပြုတယ်ဆိုရင်တော့ မိမိ ဆန္ဒရှိသလိုဆောင်ရွက်လို့ရပါတယ်။ ကျွန်တော်တို့ သတိထားရမယ့်အချက်က ခွင့်တောင်းဖို့ပါ။ လူတိုင်းမှာ သူ့ဂုဏ် သိက္ခာနဲ့သူတော့ ရှိကြပါတယ်။ အဲဒါကို ထည့်မတွက်လို့ မရပါဘူး။ ဆိုတော့ ခွင့်တောင်းတဲ့အကျင့်ကို မွေးမြူကြရပါမယ်။

ကျွန်တော်တို့ ဘာတွေလွဲနေလဲ စဉ်းစားဖို့လိုလာပါပြီ။ ကိုယ့်ရဲ့ကလေးတွေ၊ ဆရာဆိုရင်လည်း ကိုယ့်ရဲ့တပည့်တွေကို သင်ကြားပြသပေးတဲ့နေရာမှာ နည်းမှန်လမ်းမှန်ဖြစ်ဖို့လိုပါမယ်။ အခု သူဌေးကြီးဖြစ်သွားတဲ့ကိစ္စကို ပြန်ကြည့်ရင် သူ့ရဲ့လုပ်ရပ်ဟာ ကောင်းပါတယ်။ သူ့ရဲ့သင်ကြားပြသမှုဟာလည်း ကောင်းပါတယ်။ မကောင်းတာတစ်ခုက ရည်ရွယ်ချက်ပါ။ သူ့ရဲ့ရည်ရွယ်ချက် လွဲသွားတာပါ။ အဲဒါကို ပြောင်းဖို့လိုပါမယ်။ သူ့အနေနဲ့ သူ့မြေးလေးတွေကို သင်ခန်းစာယူဖို့ သင်ကြားပြပေးတယ် ဆိုတဲ့ခေါင်းစဉ်ကို ပြောင်းရမှာပါ။ သင်ခန်းစာယူဖို့မဟုတ်ပဲနဲ့ ကိုယ်ချင်းစာ စိတ်ထားဖို့ သင်ပြပေးတယ်ဆိုရင် တကယ့်ကို မင်္ဂလာရှိတဲ့ကိစ္စပါ။ ကျွန်တော်တို့နိုင်ငံမှာ ပျောက်ဆုံးနေတာဟာ ကိုယ်ချင်းစာစိတ်ပါ။ လူတိုင်းက သင်ခန်းစာယူနိုင်ကြပေမဲ့ ကိုယ်ချင်းစာ စိတ်ထားဖို့ကိုတော့ အားနည်းမှုရှိနေကြ တာ တွေ့ရပါတယ်။

ဆင်းရဲတဲ့၊ မပြည့်စုံတဲ့လူတွေဆီက သင်ခန်းစာမယူပဲနဲ့ သူတို့အပေါ်မှာ ကိုယ်ချင်းစာစိတ်ထားတတ်လာအောင် သင်ပေးကြရပါမယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းဟာ သာယာပျော်ရွှင်ငြိမ်းချမ်းပြီး နေချင့်စဖွယ်ကောင်းတဲ့ လူမှုအသိုင်းအဝိုင်းကို ပြန်ရမှာပါ။

တကယ်တော့ ကျွန်တော်တို့ရဲ့ ကလေးလေးတွေဟာ သင်ကြားမှုအလွဲကို ခံနေကြရတာပါ။ နယ်ပယ်စုံမှာ အလွဲတွေကို သင်ကြားပြသခံနေကြရတာပါ။ ဒါကို အမြန်ဆုံး ပြုပြင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ကလေးငယ်များအားလုံး အသုံးချခံရခြင်းဘေးမှ ကင်းဝေးကြပါစေ။ ခွဲခြားဆက်ဆံခံရခြင်းဘေးမှလည်း ကင်းဝေးကြပါစေ။ ကိုယ်ချင်းစာစိတ်ရှိတဲ့ ကလေးငယ်လေးများလည်း ဖြစ်ကြပါစေ။ ကလေးများအားလုံး ကိုဗစ်ဘေးကလည်း ကင်းဝေးကြပါစေ။

သန်းဇော်ဦး(ရလိုင်)