ဘုတ်ပြင်းတွင် လူ ၂၀ဝ ကျော် မဲစာရင်းမပါဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ရွာသားများပြော

0
272
Dawei Watch, Dawei News, Dawei News Media

ဘုတ်ပြင်းမြို့နယ်၊ ရွေဂဲညိုကျေးရွာတွင် နိုဝင်ဘာလ နောက်ဆုံးကပ်သည့် မဲစာရင်း၌ လူ ၂၀ဝ ကျော်မှာ အမည်ပါလာခဲ့ခြင်း မရှိကြောင်း ရွာသားများနှင့် ဘုတ်ပြင်းမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ပြောသည်။

မဲစာရင်းတွင် အမည်မပါသူများသည် ပုံစံ(၃) ဖြင့် နောက်ဆုံးလျှောက်ထား ကြသူများဖြစ်ပြီး နောက်တိုးလျှောက်သူ ၂၉၆ ဦးအနက် ၉၁ ဦးသာ စာရင်းတွင် ပါလာသည်ဟု ရွာသားများက ဆိုသည်။

ရွာသားများမှ နာမည်မပါသူများ စာရင်းကို ရွာအတွင်းလိုက်လံ ကောက်ခံခဲ့ကြပြီး ပုံစံ(၃)ဖြင့် နောက်တိုးလျှောက်ကာ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရွေဂဲညိုကျေးရွာအုပ်စု၊ ရပ်ကျေးရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပေးအပ်ခဲ့ကြောင်း စာရင်းကောက်သူ ရွာသားများက ပြောပြသည်။

ဘုတ်ပြင်းမြို့နယ်၊ မနိုးလုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ မဲရုံအမှတ်(၃)တွင် NLD ပါတီ အနိုင်ရရှိ

အောက်တိုဘာလ ၁၂ ရက်တွင် တင်ထားသည့်နောက်တိုးများ အဆင်ပြေမူရှိ/မရှိ မေးမြန်းခဲ့ရာတွင် ရပ်ကျေးကော်မရှင်မှ ပြန်လည်ဖြေကြားခြင်းမရှိဟု ရွာသားများက ဆိုသည်။

“ကျွန်မတို့တင်ပေးထားတဲ့ နောက် တိုးစာရင်းတွေ အဆင်ပြေလား၊ တင်လို့ မရတဲ့ဟာတွေ ရှိရင် ပြန်ပြောပါပြောတော့ သူတို့က အဆင်ပြေသလို နေနေကြတယ်” ဟု နောက်တိုးစာရင်း လိုက်လံ ကောက်ယူပေးသည့် ယင်းရွာသူ အမျိုးသမီးက ပြောသည်။

နောက်တိုးစာရင်းများကို ရပ်ကျေးကော်မရှင်မှ မြို့နယ်ကော်မရှင်သို့ တင်ပြခြင်းမပြုပဲ သည်အတိုင်း ထားသည်ဟု ရွာသားများ မှဝေဖန်ခဲ့ကြသလို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မျိုးဝင်းကလည်း အလားတူပြော ဆိုခဲ့သည်။

“စာ(လျှောက်လွှာ)တစ်ထုပ်လုံးက ရပ်ကျေးကော်မရှင် ရုံးထဲမှာကျန်ရစ်တယ် ဆိုတာသိရတယ်” ဟု ဘုတ်ပြင်း မြို့နယ်အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေအဖွဲ့ ချုပ်(NLD)က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း ၎င်းက ပြောသည်။

“မဲထည့်လို့ရအောင်တော့ တင်ပြ ပြီးအကူအညီတောင်းထားတယ်။ ဥပဒေအရ ထည့်လို့မရတော့ဘူး ဆိုရင်လည်း ရပ်ကျေးကော်မရှင်ကို ထိထိရောက်ရောက် အရေးယူဖို့ လုပ်ခိုင်းမယ်” ဟု ဦးခင်မျိုးဝင်းက ပြောသည်။

လက်ရှိ မဲစာရင်းတွင် နာမည်ကျန်ရစ်သူ အားလုံးကို ရွေးကောက်ပွဲနေ့တွင် မဲရုံအနီးခေါ်ထားပြီး မဲထည့်ခွင့်ရရှိရေး ကြိုးစားသွားမည်ဖြစ်ကြောင်း မဲစာရင်း ကောက်ယူရာတွင် ပါဝင်သူ ကိုကျော်ဇင်ဦး က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူအား တနင်္သာရီအပတ်စဉ်က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ် ခဲ့သော်လည်း ဆက်ဆွယ်၍ မရခဲ့ပေ။

ခိုင်ဇင်သော်၊ ကိုဆန်း