လွတ်လပ်စွာမဲပေးနိုင်ရေး အသွားအလာကန့်သတ်ထားမှုကို မွန်ပြည်သစ် ဖြေလျှော့ပေးမည်

0
667
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ထိန်းချုပ်ဒေသအတွင်းရှိ ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရန်အတွက် ဝင်ထွက် သွားလာခွင့် ကန့်သတ်ထားသည်ကို ဖွင့်လှစ်ပေးသွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီသည် ကိုဗစ်ဖြစ် ပွားမှုနှုန်းများလာခဲ့သည့် စက်တင်ဘာလ ခန့်မှစပြီး ၎င်းတို့ထိန်းချုပ်ဒေသအတွင်း ဝင်ထွက်သွားလာခွင့်များကို ကန့်သတ်ထားခဲ့သည်။

မိမိတို့ ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် မဲပေးရမည့် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင် နိုဝင်လာလ ၇ ရက်နေ့မှ မဲပေးပြီး နောက်နေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ ထိန်းချုပ်ဒေသအတွင်း ဝင်ထွက်သွားလာခွင့်ကို ဖွင့်လှစ်ပေးထားမည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

ကော်မရှင်လုပ်ငန်းအား ဝင်စွက်ဖက်သည်ဆိုပြီး NLDကိုယ်စားလှယ်လောင်း တိုင်ကြားခံရ

“မဲသွားပေးမယ့် ပြည်သူလူထုတွေ လွတ်လပ်စွာ မဲသွားပေးနိုင်ဖို့ နိုဝင်ဘာ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျွန်တော်တို့ ကိုဗစ်ကြောင့် ကန့်သတ်မှု လုပ်ထားတာတွေကို ဖြေလျှော့ပေးသွားမယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

၎င်းပြင် ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအနေနှင့် မိမိတို့ သဘောဆန္ဒအတိုင်း ကြိုက်နှစ်သက်ရာကို လွတ်လပ်စွာမဲပေးနိုင်ကြောင်းလည်း မွန်ပြည်သစ်ပါတီ ပြောသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၀ ရက် နေ့မှစပြီး ထိန်းချုပ်ဒေသအတွင်း ဝင်ထွက် သွားလာခွင့်ကို ပြန်လည်ကန့်သတ်သွား မည်ဟုလည်း မွန်ပြည်သစ်ပါတီ ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ (ဗဟို) မှ နိုင်စိုက်ချမ်းထောက ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသ အတွင်းရှိ မဲဆန္ဒရှင်များ အထူးသဖြင့် ပါတီဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်း ဖျားဒေသရှိ မဲဆန္ဒရှင်များသည် မဲရုံနှင့် မိုင် ၂၀ နှင့် ၃၀ အကြား ဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းသည့်အတွက် မဲသွားပေးရန် ခက်ခဲနေ သည့်အနေအထားဖြစ်နေသည်။