ဘိန်းစာပင်များအား သုတေသနပြုခြင်းနှင့် မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်မည်မဟုတ်

0
440
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးရွာတို့ရှိ ဘိန်းစာပင်များအားသုတေသန ပြုခြင်းနှင့် မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ခြင်း လုပ်ဆောင်မည်မဟုတ်ကြောင်းတနင်္သာရီမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း၏ ကြယ်ပွင့်မပြမေးခွန်းအား သက်ဆိုင်ရာဝန်ကြီးဌာနတို့က ဖြေကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော် ၁၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဘိန်းစာပင်များအားသုတေသနပြုခြင်းနှင့် မူးယစ်ဆေး ဝါးမှပယ်ဖျက်ပေးရန် အစီအစဉ်ရှိမရှိ၊ မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ပေး နိုင်ခြင်းမရှိပါက တောင်သူများအားအသိ ပညာပေးခြင်း၊ စီးပွားဖြစ် အစားထိုးသီး နှံများစိုက်ပျိုးရန်ကူညီထောက်ပံ့ပေးခြင်း ရှိမရှိကို ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

ကိုဗစ်ကပ်ဘေးကြားမှ တနင်္သာရီ နဂါးလှေလှော်ပွဲတော်

ဘိန်းစာပင်များမှာ တိုင်းရင်းဆေး အဖြစ်အသုံးပြုသည့် အထောက်အထားများမှတ်တမ်းပြုစုထားခြင်းမရှိကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကုသရေးဦးစီးဌာန မူးယစ်ဆေးစွဲ ရောဂါကုသရေးနှင့် သုတေသနဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့အနေဖြင့် ဘိန်းစာပင်များအား သုတေသနပြုလုပ် ရန်အစီအစဉ်မရှိပါကြောင်းကို ဖြေကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနကမူ လူငယ်များအကြား အလွဲသုံးခြင်းကြောင့်ဖမ်းဆီးမှုတစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာပြီး ဆေးဘက်ဆိုင်ရာကိစ္စများတွင် အထောက်အကူပေးနိုင်ကြောင်း ခိုင်မာသည့် အထောက်အထားများမရှိသည့် အတွက်မူးယစ်ဆေးဝါးစာရင်းမှ ပယ်ပျက်ရန် အစီအစဉ်မရှိကြောင်းကိုဖြေကြားထားကြောင်း သိရသည်။

သုတေသနပြုခြင်း မရှိမှုနှင့် မူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်ခြင်းများ မရှိသော်လည်းတောင်သူများအနေဖြင့် စီးပွားဖြစ်သီးနှံများ စိုက်ပျိုးမည်ဆိုပါက တိုင်းအစိုးရအဖွဲ့မှ ပျိုးပင်များ ထောက်ပံ့ပေးသွားမည်ကိုဖြေကြားထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

“ကတိကဝတ်တော့ ဖြစ်သွားပြီပေါ့။ လုပ်ပေးနိုင်တယ်ဆိုတာ ဖြေထားပြီးကိုး” ဟု၎င်းက ပြောသည်။

အလေ့အကျပေါက်သည့် ဘိန်းစာပင်များအစား အစားထိုးသီးနှံများစိုက် ပျိုးမည်ဆိုပါက ကွမ်းသီး၊ ဒူရင်း၊ ပိန္နဲ၊ ငှက်ပျော စသည်များ စိုက်ပျိုးနိုင်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အစားထိုးသီးနှံများစိုက်ပျိုးရန် လိုအပ်သည့် မျိုးရရှိရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းတို့အား တိုင်းအစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ဖြေကြားထားခြင်း ဖြစ်သည်။

အစားထိုးသီးနှံစိုက်ပျိုးမည့်အစီ အစဉ်သည် လွှတ်တော်တွင် ကတိက ဝတ်ဖြစ်သွားသည့် အတွက် နောက်လာမည့် အစိုးရလက်ထက်တွင် ဆက်လက် တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။

မြင့်မိုရ်(မြိတ်)