ကော်မရှင်လုပ်ငန်းအား ဝင်စွက်ဖက်သည်ဆိုပြီး NLDကိုယ်စားလှယ်လောင်း တိုင်ကြားခံရ

0
367
Dawei Watch, Dawei News, Dawei News Media

ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းတွင် NLDပါတီကိုယ်စားလှယ်လောင်း က မလျော်သြဇာသုံးပြီး ဝင်ရောက်စွက် ဖက်သည်ဟုဆိုကာ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရွှေချစ်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားထားသည်။

အသက် ၆၀ နှစ်နှင့်အထက် ကြိုတင် မဲကောက်ခံရာတွင် NLDပါတီမှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုဦးက မလျော်သြဇာသုံးကာ ဝင်ရောက်စွက်ဖက်ခဲ့သည့်အတွက် ရွေးကောက်ပွဲစည်းမျဉ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် တိုင်ကြား ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ကြိုတင်မဲလိုက်ကောက်တဲ့နေရာမှာ ဒီလိုမလုပ်ရဘူး၊ ဘာညာ တားတယ်။ ကျွန်တော်က ကော်မရှင်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြဿနာမဖြစ်အောင် လိုက်ထိန်း ပေးတယ်။ လက်မခံဘူး။ လမ်းမအလယ်မှာ လျှောက်ပြောတာ။ ဒါက ကော်မရှင်ကို အရှက်ခွဲတာပဲ” ဟု ဦးရွှေချစ်က ပြောသည်။

တိုင်ကြားထားသည့်စာတွင် NLDပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကိုဦး က ကြိုတင်မဲကောက်ခံသည့်အိမ်ရှေ့ လမ်းမတွင် အယုံအကြည်မရှိကြောင်း ပြောဆိုသည့်အပြင် မဲရုံကိုယ်စားလှယ် များကိုလည်း ရိုင်းပျစွာဆက်ဆံခဲ့ပြီး ကိုယ်စားလှယ်လောင်းတစ်ဦး၏ ကျင့်ဝတ် သိက္ခာနှင့် မညီသော စကားလုံးများလည်း ပြောဆိုခဲ့သည်ဟု ပါရှိသည်။

ထိုကြောင့် ရပ်ကျေးကော်မရှင်နှင့် မဲရုံကိုယ်စားလှယ်များအပေါ် မဲဆန္ဒရှင်များ အယုံအကြည်မရှိအောင်၊ အထင်အမြင်လွဲမှားစေအောင် တရားမဲ့ပြုမူ ဖန်တီးပြောဆိုနေသော NLDပါတီကိုယ် စားလှယ်လောင်း ဦးကိုကိုဦးအား ရွေးကောက်ပွဲစည်းမျဉ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် တိုင် ကြားခြင်းဖြစ်သည့်ဟု တိုင်စာတွင် ပါရှိ သည်။

အဆိုပါ တိုင်းကြားခံရသည်နှင့် ပတ်သက်ပြီး NLDကိုယ်စားလှယ်လောင်း ဦးကိုကိုဦးက ငြင်းဆိုထားသည်။

“ကျွန်တော့်ကို ဘာကြောင့်တိုင် ထားတာလဲ မသိသေးဘူး။ ဖြစ်စဉ်ကတော့ အထွေထူးတော့ဘာမှမရှိဘူး။ ပွင့်လင်းမြင်သာမှုရှိအောင် သွားပြီးတော့ ပြောပြတာ။ ကော်မရှင်ကလည်း သူ့ လုပ်ငန်းပိုင်းဆိုင်ရာ သူ့ရဲ့လုပ်ထုံးလုပ် နည်းအတိုင်း လုပ်ဆောင်ဖို့၊ ပြီးရင် ဘက်မလိုက်ဖို့ အများအမြင်ရှင်းအောင် လုပ်ပေးဖို့ ဒါပဲပြောတာ။ အဲဒီအပေါ်မှာ ဘယ်လိုနားလည်ပြီး ဘယ်လိုခံယူကြလဲတော့ မသိဘူး” ဟု ဦးကိုကိုဦးက ပြောသည်။

ကျောက်တန်းရပ်ကွက် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရွှေချစ် တိုင်ကြားထားသည့်ကိစ္စနှင့် ပတ်သက်ပြီး မဲပေးရက်ဖြစ်သည့် နိုဝင်ဘာ ၈ ရက်နေ့ပြီးလျှင် စစ်ဆေးသွားမည်ဟု မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။

“မေးကြည့်ထားတော့ သူတို့အချင်းချင်း အချေအတင်တွေ ဖြစ်ကြတယ်။ ဒီဟာလေးတွေကို နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးတာနဲ့ ဒီလူ အားလုံးကို ခေါ်ယူစစ်ဆေးဖို့ အကြောင်းကြားထား ပြီးပြီဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အသက် ၆၀ နှစ်နှင့်အထက် ကြိုတင် မဲပေးရသည့် အောက်တိုဘာ ၂၉ ရက် နေ့မှ နိုဝင်ဘာ ၅ ရက်နေ့ကာလ၌ မော်လမြိုင်မြို့နယ်အတွင်း ကြိုတင်မဲပေးမှုနှင့် ပတ်သက်ပြီး တိုင်ကြားမှု ကန့်ကွက်မှုများရှိခဲ့သည်။

ကြိုတင်မဲပေးမှုနှင့် ပတ်သက်ပြီး တက်လာသည့် တိုင်ကြားမှု ကန့်ကွက်မှု များအနက်မှ အချိုကို ညှိနှိုင်းဖြေရှင်းထား ပြီးရှိသလို အချို့ကို မဲထည့်ပြီးမှသာ ဆက်လက်ဖြေရှင်းသွားမည်ဟု မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ပြောသည်။