အိုးသူကြီး

0
962
အိုးသူကြီး

အိုးသူကြီးဖြစ်တဲ့ ဒေါ်အင်ပို တစ်ယောက် မီးအပူမခံရတော့တာ၊ ဆီအညှော်မခံရတော့တာ၊ ညည အိပ်ရေးမပျက်တော့တာ နှစ်နှစ်လောက်ရှိနေ ပါပြီပကော။

အလှူရှင်အချို့ဟာ သူတို့အလှူမှာ ကရိကထမများချင်လို့ အဆင်သင့် ချက်ပြုတ်ပြီး လာပို့တဲ့ အစားအသောက်တွေကို အော်ဒါမှာလာတာကြောင့် အိုးသူကြီးတွေ အနားရလာကြပါတယ်။

များသောအားဖြင့် အလှူတွေမှာ မနက်ပိုင်းဆိုရင် လက်ဖက်ရည်နဲ့ မုန့်၊ နေ့လယ်ကို ထမင်း ရိုးရိုးလေးပဲ ကျွေးကြတာပါ။ အခုနောက်ပိုင်းမှာတော့ ကြက်ဆီထမင်း၊ ဒန်ပေါက်ထမင်းစတဲ့ အသစ်အဆန်းတွေကို မှာယူကျွေးမွေး လာကြပါတယ်။

အလှူမှာ ပရိသတ် တစ်ရာ၊ နှစ်ရာလောက်ပဲ ဖိတ်မယ်၊ အသစ်အဆန်းကိုလည်း ကျွေးချင်တယ်ဆိုရင်တော့ အလှူရှင်တွေက ကြက်ဆီထမင်း၊ ဒန်ပေါက် ထမင်းလိုမျိုး အဆင်သင့်အော်ဒါမှာပြီး ကျွေးလိုက်ကြတာများပါတယ်။ အဲဒါကို လောင်းလုံးဘက်က လူတွေကတော့ အမှာထည်လို့သုံးနှုန်းကြပါတယ်။

အဲဒီလို အော်ဒါမှာပြီးကျွေးတဲ့ပုံစံက လွန်ခဲ့တဲ့သုံးနှစ်ဝန်းကျင်လောက်ကတည်းက ထားဝယ်မြို့နဲ့ အနီးနားရွာ တွေလောက်သာရှိပေမဲ့ အခုနောက်ပိုင်းတော့ မြို့နဲ့အလှမ်းဝေးတဲ့ ရွာတွေဆီမှာပါ ခေတ်စားလာတာကို တွေ့လာရပါတယ်။

“အခုရွာတွေမှာ ဘုန်းကြီးဆွမ်း ကျွေးတာလောက်ဆိုရင်တော့ လူ ၅၀ စာ၊ ၁၀ဝ စာဆိုပြီး မြို့တွေမှာ လှမ်းမှာကြတယ်။ နည်းနည်းပါးပါးဆို အိမ်မှာ မချက်ကြတော့ဘူး}}လို့ လောင်းလုံး မြို့နယ်၊ သာယာကုန်းကျေးရွာသူ အိုးသူကြီး ဒေါ်အင်ပိုက ပြောပါတယ်။

အရင်တုန်းကဆိုရင် ဒေါ်အင်ပို တို့လို အိုးသူကြီးတွေက အပြေးအလွှား ဝယ်ခြမ်း၊ ခုတ်ထစ်၊ ကြော်လှော်နဲ့ အလှူ ပွဲနေ့မတိုင်ခင်ကတည်းက အလုပ်ရှုပ်နေ ကြတဲ့သူတွေပါ။ တကယ့်အလှူနေ့ ဆိုရင်လည်း ညသန်းခေါင်လောက် ကတည်းက အိပ်ရာထပြီး အကျွေးအမွေးအတွက် ကြိုပြင်ဆင်ရတာပါ။

အဲလိုလုပ်ကိုင်ရတာ မောတယ်၊ ပန်းတယ် စိတ်မှာမရှိပေမဲ့ မီးပူတွေ ကြားထဲမှာနေရတာ၊ ဆီညှော်နံ့ခံရတာ၊ အိပ်ရေးပျက်တာတွေက အသက် ၆၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အင်ပိုအတွက် အဆင်မပြေလှပါဘူး။

ဒါကြောင့် အော်ဒါမှာပြီး ကျွေးမွေး တာဟာ သူတို့လို အသက်ကြီး အိုးသူကြီးတွေအတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။

“မီးပူတာနဲ့၊ ဆီနံ့ကိုရှူရတာနဲ့၊ အိပ်ပျက်တာနဲ့ဆိုရင်တော့ အော်ဒါ မှာလိုက်တာက ပိုကောင်းတာပေါ့။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်လေ” လို့ ဒေါ်အင်ပိုက ဆိုပါတယ်။

ဒီလို အော်ဒါမှာလာကြလို့ အလှူတွေမှာ အိုးသူကြီးတွေ အရာမဝင်တော့ဘူးလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ဘုန်းကြီး ဆွမ်းပွဲ၊ ကွမ်းပွဲတွေပြင်ဖို့ကို အိုးသူကြီးတွေက တာဝန်လွှဲယူလာ ရပါတယ်။

အဲဒီအထဲမှာ လောင်းလုံးမြို့နယ် သဗျာကျေးရွာက အသက် ၆၀ အရွယ် အိုးသူကြီး ဒေါ်ထွန်းရီလည်း ပါဝင်ပါတယ်။

“အော်ဒါမှာလိုက်လည်း ငါတို့က သွားလုပ်ပေးနေရတာပါပဲ။ ဆွမ်းဝိုင်း အတွက်ဆိုရင် အိုးနဲ့ဘယ်လောက်ထည့်သွား အဲလိုမျိုး ထည့်ပေး၊ ခူးပေး၊ ခပ်ပေး ရသေးတယ်” လို့ ဒေါ်ထွန်းရီက ပြောပါတယ်။

အလှူဆိုတာက အယုတ်အလတ် အမြတ်မရွေး လာတဲ့သူအကုန် ကျွေးတာဆိုတော့ တစ်ခါတလေ မှန်းထားတာထက် အများကြီးရောက်လာတာမျိုးလည်း ကြုံရတတ်စမြဲ။ ဒါကြောင့် အလှူရှင်တွေက လူ ၁၀ဝ ဖိတ်မယ်ဆို အစားအသောက်ကို လူ ၁၅၀ စာလောက် ပိုပိုသာသာလေး ကြိုမှာထားလေ့ရှိပါတယ်။

ဒါတောင်မှ အခန့်မသင့်ရင် အလှူ လုပ်နေရင်းတန်းလန်းနဲ့ ချိုင့်ဆွဲပြီး စားသောက်ဆိုင်တွေမှာ အစားအသောက်တွေ ပြေးဝယ်နေရတတ်ပါတယ်။ အဲလို အခြေအနေမျိုးဆိုရင် အလှူအတွက် နောက်တန်းက ပံ့ပိုးနေတဲ့ အိုးသူကြီးတွေက အကင်းပါးဖို့လိုပါတယ်။

ဒါကြောင့် အခုခေတ် အိုးသူကြီး လုပ်မယ့်သူတွေက အဲလို အရေးပေါ် ကိစ္စဖြစ်လာပြီဆိုရင် ဘယ်လိုလုပ် မလဲဆိုတာ ကြိုတွေးထားရပါတယ်။

မြို့နဲ့နီးတဲ့ရွာတွေမှာဆိုရင်တော့ အဲလိုအရေးပေါ်အခြေအနေကို စားသောက် ဆိုင်မှာ အလွယ်တကူသွားဝယ်ပြီး ဖြေရှင်းလို့ရပါတယ်။ နယ်ကရွာတွေ ဆိုရင် အဲလိုကိစ္စမျိုးက အတွေ့အကြုံရှိတဲ့ အိုးသူကြီးတွေကပဲ စီမံနိုင်တာပါ။

ဒေါ်အင်ပိုကတော့ အဲလိုအခြေ အနေမျိုးကို ကြုံရဖူးတယ်လို့ဆိုပါတယ်။
“အရေးပေါ်ဆိုရင်တော့ ရတဲ့ဟာနဲ့ ကောက်ချက်လိုက်တာပဲ” လို့ ဒေါ်အင်ပို က ဆိုပါတယ်။

တစ်ခါတလေမှာ အသင့်မှာထားတဲ့ အစားအသောက်က အရသာအဆင် မပြေတာ၊ အသားနည်းတာ၊ အချိန် နောက်ကျပြီးမှ ရောက်လာတာတွေလည်း ကြုံရလေ့ရှိပါတယ်။
အဲလိုအခြေအနေမျိုးဆိုရင်တော့ အိုးသူကြီးတွေခမျာ အလှူရှင်တွေကိုယ်စား စိတ်ဇောကပ်ကြရရှာပါတယ်။ ဘာလို့ဆို အစားအသောက်ကိစ္စ ကိုယ် တိုင်မချက်ရတော့ပေမဲ့ သူတို့ကို အလှူရှင်တွေက တာဝန်အပြည့်အပ်နှင်းထား ကြတာကိုး။ အိုးသူကြီးဆိုတာမျိုးက ရှေ့ထွက် မျက်နှာမပြဘဲ နောက်တန်းကနေ ကိုယ်ချက်တဲ့ အစားအသောက်ကို မြိန်ရေ၊ ရှက်ရေစားသောက်နေတာကို ကြားရ၊ မြင်ရရင် နှလုံးပိတိ ဂွမ်းဆီထိတမျှ ပျော်ကြရှာတဲ့သူတွေ၊ ပိတိစား အားရှိဆိုတဲ့လူ မျိုးတွေပါ။

အခုလို အော်ဒါခေတ်မဟုတ်ခင် တုန်းကတော့ အိုးသူကြီးတွေဟာ ကိစ္စပြီးလို့ အလှူရှင်ကပေးတဲ့ ထဘီတစ်ထည် ဒါမှမဟုတ် ပုဝါတစ်ထည် လက်ဆောင် ပစ္စည်းတွေကိုရ ကြပါတယ်။ အဲဒါက လုပ်အားဒါနအတွက် စေတနာလက်ဆောင်ပါ။

ဒီနှစ်ကကျတော့ ကိုဗစ်ရောဂါကပါ အဆစ်ပါနေတာဆိုတော့ ကထိန်၊ အလှူတွေကိုလည်း နောက်ကြောင်း မအေးဘဲ လုပ်နေကြရရှာပါတယ်။

လူစု၊ လူဝေးဖြစ်မှာစိုးလို့ဆိုပြီးတော့ အလှူအတွက် အစားအသောက်တွေကို အိုးသူကြီးအိမ်တွေမှာ လိုက်ချက်ပြုတ်နေကြရပါတယ်လို့ သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာက အိုးသူကြီးဖြစ်သူ ဒေါ်သီသီဝင်းက ဆိုပါတယ်။

“ဒီကာလမှာ လာခေါ်လည်း လက်မခံဘူး။ အရမ်းရင်းနှီးတဲ့သူဆိုလည်း လုပ်ပေးလိုက်တယ်။ မလွှဲမရှောင်သာတဲ့ လူလောက်ပဲ လုပ်ပေးတယ်” လို့ ဒေါ်သီသီဝင်းက ဆိုပါတယ်။

အခုနောက်ပိုင်းမှာတော့ အရင်က အိုးသူကြီးလုပ်ခဲ့တဲ့သူအချို့ဟာ အလှူအတွက် အစားအသောက်တွေကို ငွေကြေးနဲ့ ဝန်ဆောင်မှုပေးသူတွေတောင် လုပ်လာနေကြပါပြီ။
ဝန်ဆောင်မှုပေးတယ်ဆိုတာက အလှူအတွက် အစားအသောက် အော်ဒါ လက်ခံတာ၊ လုပ်အားခနဲ့ အလှူတွေအထိ လိုက်ချက်ပြုတ်ပေးတာတွေ ပါဝင်ပါတယ်။

“လူ ၂၀ဝ စာလောက်ဆိုရင် ငွေ ခုနစ်သိန်းလောက်ပေးရတယ်လို့ ပြောသံကြားတယ်။ အကုန် ချက်ပြီး၊ ပြုတ်ပြီး အစစအရာရာပေါ့လေ” လို့ ဒေါ်အင်ပိုက ဆိုပါတယ်။

ကျော်သူစိုး၊ မိုးမြင့်