UEC စာတန်းမပါသည့် တံဆိပ်တုံးဖြင့် မဲပေးခဲ့ရဟုဆို

0
622
Dawei Watch, Dawei News, Dawei News Media

မြိတ်ခရိုင်အတွင်းရှိ မဲရုံများတွင် နိုဝင်ဘာလ ၂၉ ရက်ကစပြီး အသက် ၆၀ ကျော်သူများ ကြိုတင်မဲ ထည့်နေကြရပြီး မဲထည့်ကြသူအချို့၏ ပြောဆိုမှုအရ မဲပေးတံဆိပ်တုံးတွင် ရွေးကောက်ပွဲကော်မရှင်၏ အတိုကောက်စာလုံးဖြစ်သည့် UEC စာတန်း မပါရှိကြောင်း သိရသည်။

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မဲရုံ အမှတ် ၂၂ တွင် ကြိုတင်မဲသွားရောက် ပေးသူအချို့က ယင်းအချက်ကို သတိပြုမိခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်တော် ထည့်လာတဲ့ မဲမှာ ယူအီးစီ တံဆိပ်မပါဘူး။ အဲဒါ ပယ်မဲ ဖြစ်သွားမလား တော်တော်လေး စိုးရိမ်နေတယ်” ဟု နိုဝင်ဘာ ၂ ရက်နေ့က မဲသွားပေးခဲ့သူ ဦးလှိုင်တင်က ပြောသည်။

အလားတူ နိုဝင်ဘာ ၂ ရက်နေ့က အထက်ပါ မဲရုံတွင် ကြိုတင်မဲ ပေးခဲ့ရသည့် အသက် ၆၀ ကျော် အမျိုးသား အချို့ကလည်း UEC တံဆိပ်မတွေ့ရဟု ဆိုသည်။

မဲပေးရာတွင် အသုံးပြုသည့် အမှန် ခြစ် တံဆိပ်တုံးတွင် UEC စာတန်းမပါက ပြဿနာရှိကြောင်း မြိတ်ခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေး မှူး ဦးလှိုင်ဘွားက ပြောသည်။

မြိတ်ခရိုင်အတွင်းရှိ မဲရုံမှူးတိုင်းအား UEC စာတန်းပါသည့် တံဆိပ်တုံး များအား ထုတ်ပေးထားပြီး ယင်းတံဆိပ်တုံးကို အမြဲတမ်း ဂရုစိုက်ရန်လည်း မှာကြား ထားသည်ဟု ၎င်းကဆိုသည်။

“တံဆိပ်တုံးမှာ ယူအီးစီ ဆိုတာ ထည့်ပြီး အကွက်ကလေး ကိုးကွက်နဲ့ ဆုံးဖြတ်ပေးလို့ရအောင် လုပ်ထားတာ။ အဲဒါမပါရင်တော့ ကျွန်တော်တို့ ထုတ်ပေးတဲ့ တံဆိပ်တုံးမဟုတ်ဘူး လို့သတ်မှတ် ရပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

UEC တံဆိပ် ပါမလာခြင်းနှင့် ပတ်သက်ပြီး မဲမသမာမူ အတွက်အတု ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက သံသယရှိသော်လည်း ယင်းတံဆိပ်တုံး မဲပေးထားသည့် လက်မှတ်များအား မည်သို့ ဆုံးဖြတ်မည်ဆိုသည်ကိုမူ ၎င်းက ယတိပြတ်ပြောဆိုခြင်း မရှိချေ။

UEC အမှတ်တံဆိပ်မပါသည့် တံဆိပ်တုံးမိမိတို့ မဲရုံတွင်မရှိဟု မြို့သစ် ရပ်ကွက် ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်မောင်က ပြောသည်။

လာမည့် ၈ ရက်နေ့တွင် အဆိုပါ တံဆိပ်တုံးနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ထပ်မံမပေါ်ပေါက်စေရန် ကြိုးချည် ထားစေချင်သည်ဟု မဲဆန္ဒရှင်တစ်ဦး ဖြစ်သူ မြိတ်မြို့၊ မြို့သစ်ရပ်နေ ဒေါ်ခင်ပိုက်ဆွေက ပြောသည်။

“ဒါမှလည်းပဲ ဒီတံဆိပ်ကို သူယူ၊ ငါယူလုပ်လို့မရ ဖြစ်မှာ” ဟု ၎င်းက ပြောသည်။

ယင်းသို့ ကြိုးချည်ထားရန်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ပြန်ထားပြီးဖြစ်သည်။

မြိတ်မြို့နယ်တွင် မဲရုံ ၂၂၇ ရုံရှိပြီး ဆန္ဒမဲပေးနိုင်သူ နှစ်သိန်းကျော်ရှိသည်။

ကိုဆန်း