နိုဝင်ဘာ ဆုတောင်း

0
550
editorial

ကသောင်းကနင်း နှစ်၏ နောက်ဆုံး တောင်ကုန်းဖြစ်ပါစေဟုသာ ဆုတောင်း လိုပါသည်။

ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်သော နိုင်ငံရေး၊ အစိုးရနှင့် တပ်မတော်တို့အကြား မပြေလည်မှုများဖြင့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသွားတော့မည် ဖြစ်သည်။

ဗုံးလှန့်သံများအကြားမှ ရွေးကောက်ပွဲ၊ ကိုဗစ်အကြားမှာ ရွေးကောက်ပွဲ၊ ခြိမ်းခြောက်မှုများအကြားမှ ရွေးကောက်ပွဲ၊ လူထု အံကြိတ်သံအကြားမှ ရွေးကောက်ပွဲ၊ လူထုအားမရမှုကြားမှ ရွေးကောက်ပွဲ၊ တိုင်းရင်းသားတို့ ရုန်းထသံ အကြားမှ ရွေးကောက်ပွဲ။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နာမဝိသေသန အမျိုးမျိုးဖြင့် ကင်ပွန်းတပ် နိုင်သည်။
ပို၍ အရေးကြီးသည်မှာ ၂၀၂၀ ရွေးကောက်ပွဲမှ မြန်မာ့ အသွင်ကူးပြောင်းရေး ခရီးလမ်းကြောင်း ပဲ့ကိုင် အကူးအပြောင်းဖြစ်သွားနိုင်၊ မနိုင်နှင့် မြန်မာ့ အနာဂတ် ကံကြမ္မာကို စောင့်ကြည့်ရမည့် မှတ်တိုင်လည်း ဖြစ်သောကြောင့် ဖြစ်သည်။

စိတ်မချမ်းမြေ့ဖွယ်ရာ၊ စိတ်အားလျော့စရာ အရေးအရာများအကြား ခပ်တိုတိုဖြင့်ပင် ဤအာဘော်ကို နိဂုံးချုပ်လိုပါသည်။

၂၀၂၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ကံကြမ္မာကောင်းသို့ ပဲ့နှင် ပေးနိုင်သော အဆုံးအဖြတ်များ ပေးနိုင်သော ပွဲဖြစ်ပါစေဟု နက်နက်နဲနဲ ဆုတောင်း လိုပါသည်။

ကသောင်းကနင်း နှစ်၏ နောက်ဆုံး တောင်ကုန်းဖြစ်ပါစေဟုသာ ဆုတောင်းလိုပါသည်။

(အယ်ဒီတာ၊ နိုဝင်ဘာ ၆၊ ၂၀၂၀)