ရေလုပ်သားများ မဲပေးခွင့်မရ

0
253
Dawei Watch, Dawei News, Dawei News Media

တိုင်းအတွင်း ရေလုပ်သားအများစုမှာ မဲပေးခွင့်ဆုံးရှုံးနေသည်ဟု ကျွန်းစုမြို့နယ်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၄၅ အရ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိမဲဆန္ဒနယ်တွင်မရှိဘဲ ခရီးသွားမည့်ပုဂ္ဂိုလ်များအနေနှင့် ထောက်ခံချက် တင်ပြပြီး ကြိုတင်ဆန္ဒမဲပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း လက်ရှိခရီးထွက်ကြမည့် ရေလုပ်သားများမှာ ယင်း အခွင့်အရေး မရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ခရီးထွက်မည့် ရေလုပ်သားများအနေနှင့် နိုဝင်ဘာလ ၆ ရက်နံနက်က သက်ဆိုင်ရာမဲရုံများတွင် ကြိုတင်မဲပေး ခွင့်ရရန် သွားရောက်တောင်းဆိုခဲ့သည်။ သို့သော် ရပ်ကျေးကော်မရှင်အဖွဲ့မှ ခွင့်ပြုပေးခြင်းမရှိခဲ့ကြောင်း ဦးဥက္ကာမင်း က ဆိုသည်။

“ခရီးသွားရခြင်း တူပေမဲ့ ရေလုပ် သားခေါင်းစဉ်အောက်မှာ ကြိုတင်မဲပေးရမဲ့ အခွင့်ရေး ဆုံးရှုံးနေတယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၆ ရက်နံနက်က ရေပုန်းရပ်ကွက်ရှိ မဲရုံတွင် ရေလုပ်သား ၂၀ ကျော် ၃၀ နီးပါး ကြိုတင်မဲထည့်ရန် လာရောက်ခဲ့ကြောင်း ကင်းမွန်ငါးဖမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောသည်။ မဲပေးခွင့်ဆုံး ရှုံးမည့် ရေလုပ်သားမည်မျှရှိမည်ကို မခန့် မှန်းနိုင်ကြောင်း ၎င်းက ပြောသည်။

“လှေတွေက တစ်ရက်ပြီးတစ်ရက် ထွက်နေကုန်ပြီဆိုတော့ ၈ ရက်နေ့ကျရင် ရေလုပ်သား ၁၀ဝ ထည့်ရမယ့်မဲ ၁၀ ယောက်လာထည့်ရင် ကံကောင်းတယ်လို့ ဆိုရမယ်” ဟု ဦးဌေးလှိုင်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရပ်ကျေးကော်မရှင်မှ မြို့နယ်၊ ယင်းမှ တစ်ဆင့် ခရိုင်ကော်မရှင် ထံသို့တင်ပြ မည်ဟုဆိုသည်။ သို့သော် တိုင်းရွေး ကောက်ပွဲကော်မရှင် အတွင်းရေးမှူးအား ဖုန်းဖြင့်မေးမြန်းခဲ့ရာတွင် ရေလုပ်သားများ ကြိုတင်မဲပေးခွင့်မရှိဟု ပြန်လည် ဖြေကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောပြသည်။

တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင့်ငါးရာနီးပါးရှိပြီး ရေလုပ်သား သုံးသောင်းကျော်ရှိနေသည်။ ကမ်းနီး ငါးဖမ်းလှေ ရေလုပ်သားများနှင့်ပေါင်းလျှင် တိုင်းအတွင်းရေလုပ်သား သိန်းချီရှိ နေသည်။

ယင်းအနက် အချို့လှေများမှာ ပင်လယ်ပြင်သို့ ထွက်ခွာသွားကြပြီဖြစ်ပြီး အချို့မှာ ထွက်ရန်ပြင်ဆင်နေကြသည်။

ရွေးကောက်ပွဲပြီးသည်အထိ မဲထည့်ပြီးမှ ထွက်မည့်လှေများလည်း ရှိနေကြသည်။
ကမ်းဝေးလှေတစ်စီးလျှင် ရေလုပ်သား ၂၀ ဦးမှ ၄၀ ဦးအထိရှိပြီး ကမ်းနီးလှေ တစ်စီးလျှင် ရေလုပ်သား ၁၅ ဦးခန့်ရှိသည်။

“နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးမဆုံးရှုံးအောင် ကြိုတင်မဲလေးတော့ ထည့်ခွင့်ပြုစေချင်တယ်” ဟု လှေသား ၁၁ ဦးရှိပြီး မနက်ဖြန်တွင် လှေထွက်ရတော့မည့် ရေလုပ်သား ဦးစိန်သောင်း ကတောင်းဆိုသည်။

သို့သော် အဆိုပါ အခြေအနေတွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေး ရွာအုပ်စု သဇင်ကျေးရွာရှိ ပဂဲ၊ ပုဇွန်၊ ကင်းမွန်းဖမ်းလှေစသည့် ကမ်းနီးရေလုပ်သား ၂၀ဝ နီးပါးမှာ နိုဝင်ဘာလ ၅ ရက် နေ့မှ ၆ ရက်နေ့အတွင်း ကြိုတင်မဲပေးနိုင်ခဲ့ကြောင်း ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း ယင်းကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲထံမှ သိရသည်။

“ပင်လယ်ပြင်ထဲ ရောက်နေသူတွေ ရှိသေးတယ်” ဟု ကြိုတင်မဲကောက်ယူ ရာတွင် ပါဝင်သူ ရွေးကောက်ပွဲကိုယ်စား လှယ်တစ်ဦးက ပြောသည်။

သဇင်ကျေးရွာရှိ ကမ်းနီးရေလုပ်သားများမှာ ကြိုတင်ဆန္ဒမဲပေးနိုင်သော်လည်း မြိတ်ဒေသအတွင်းရှိ ဝါးလတ်၊ ဝါးတန်း စသည့် ကမ်းဝေးလှေတို့ရှိ ရေလုပ်သားများမှာ ကြိုတင်ဆန္ဒမဲပေး ခွင့်မရကြပေ။

ငါးဖမ်းလှေတစ်စီး ကမ်းတွင် တစ်ရက်နေထိုင်သည့် စရိတ်မှာ အနိမ့်ဆုံး ငါးသိန်းမှ လှေကြီးလျှင် သိန်းဆယ်ချီ ကုန်ကျသဖြင့် လှေရှင်များမှ ကမ်းတွင် မထားလိုကြသလို ပင်လယ်ပြင်အတွင်း ငါးဖမ်းမည့် အချိန်များ ဆုံးရှုံးမည်ကိုလည်း ၎င်းတို့က စိုးရိမ်မှုရှိကြောင်း ရေလုပ်သားများက ဆိုသည်။

မြိတ်ခရိုင်အတွင်းရှိ ရေလုပ်သား အများစုမှာ ထားဝယ်ခရိုင်မှ လာရောက် လုပ်ကိုင်သူများပြီး မြိတ်ဒေသခံနှင့် ရခိုင်တိုင်းရင်းသား အနည်းငယ်လည်း လုပ်ကိုင်လျက်ရှိကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးမှ သိရသည်။

ကိုဆန်း