မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမား ၄၀ နီးပါး မဲပေးခွင့်မရ

0
207
မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမားများ

“မဲမပေးရတာကို စိတ်မကောင်း ဖြစ်တာ တစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်း ထည့်ချင်တာပေါ့”

ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြိတ်မြို့ငါးလေလံဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် ငါးဖမ်းပိုက်ဖာသည့် အလုပ်သမားများ ၄၀ ဝန်းကျင်မှာ မဲပေးခွင့် မရရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါဝင်းအတွင်းတွင် နေထိုင်ကြသည့် အလုပ်သမား ဝန်ထမ်းများသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က မဲပေးခွင့်ရရှိခဲ့ကြသော်လည်း ယခုရွေးကောက်ပွဲတွင် မဲစာရင်းလာရောက် ကောက်ခံခြင်းမရှိကြောင်း ၎င်းတို့ကပြောသည်။

အလုပ်သမား အချို့မှာ ရပ်ကွက်အတွင်း နေထိုင်ကြသော်လည်း အများစုသည် ယင်းဝင်းအတွင်း နေထိုင်နေကြသည်။

“လာမယ်နိုးနိုးနဲ့ စောင့်နေတာ၊ အခုချိန်ထိ မဲစာရင်း လာမပေးကြဘူး။ ကျွန်တော်တို့လည်း မဲပေးချင်ကြတာပေါ့” ဟု ယင်းနေရာ၌ ပိုက်ဖာသည့် အလုပ်လုပ် လုပ်လာသည်မှာ ဆယ်နှစ်ကျော် ရှိပြီဖြစ်သည့် ဦးဇော်မင်းထွန်း ကပြောသည်။

အလားတူ အပြည်ပြည်ဆိုင်ရာငါးလေလံဝင်းအတွင်းနေထိုင်သည့် ဝန်ထမ်းများသည်လည်း ယခုနှစ်ရွေးကောက်ပွဲတွင် မဲထည့်ခွင့် မရရှိခဲ့ကြောင်း ဝန်ထမ်းများက ပြောသည်။

မဲစာရင်းလာရောက် ကောက်ယူရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့သို့ နှစ်ကြိမ်တိုင်တိုင် ပြောဆိုခဲ့သော်လည်း နိုဝင်ဘာ ၈ ရက် နေ့အထိ လာရောက်ကောက်ယူခြင်း မရှိခဲ့ဟု အသက် ၇၀ ကျော်ရှိပြီဖြစ်သည့် ငါးလေလံဝန်ထမ်း ဦးဘဆန်း ကပြောသည်။

“မဲမပေးရတာကို စိတ်မကောင်း ဖြစ်တာ တစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်း ထည့်ချင်တာပေါ့” ဟု ၎င်းကပြောသည်။

မြိတ်မြို့အတွင်းရှိ မဲရုံများတွင် နံက် ၄ နာရီ ခန့်မှစတင်ကာ မဲပေးရန် ပြည်သူများ စောင့်ဆိုင်းခဲ့ကြပြီး ရပ်ကွက်အချို့တွင် မဲစာရင်း လာရောက်ကောက်ခံခြင်းမရှိသည့်အတွက် မဲမထည့်ရသည့် ပြည်သူအချို့လည်း ရှိနေကြောင်း သိရသည်။

ဓါတ်ပုံ- ကိုဆန်း