ထားဝယ်မြို့ ဗုံးထောင်သည့်ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲနေ့ လုံခြုံရေးတင်းကျပ်

0
257
ရွေးကောက်ပွဲနေ့ လုံခြုံရေးတင်းကျပ်

ပြီးခဲ့သည့် သုံးရက်က ဗုံးထောင်သည့် ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ယခင်ထက် လုံခြုံရေးပိုမိုတင်းကျပ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ္တလားတံတားအနီးတွင် နိုဝင်ဘာလ ၅ ရက်နေ့က ဗုံးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ထိုနောက် ဗုံးထောင်သူဟုယူဆရသည့် အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသားအား နောက်တစ်ရက် နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်၊ သဘော့ဆိပ်ကျေးရွာရှိ ၎င်းနေထိုင်ရာ နေအိမ်တွင် ဖမ်းမိခဲ့သည်။

အထက်ပါ အမျိုးသားကို စစ်ဆေးချက်အရ ထားဝယ်မြို့ပေါ်ရှိ ထိန်သစ်ရပ်ကွက်နှင့် မြောင်းပုလဲတံတားအနီးတွင် ထောင်ထားသည့် လက်လုပ်မိုင်းများကို ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်။

“ကျွန်တော်တို့ ကြိုပြီးတော့ မိလိုက်တဲ့အတွက်လည်း အဆင်ပြေသွားတာပေါ့ဗျာ၊ အားလုံး။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတာ ပေါ့နော်” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ဗုံးထောင်သည့် အဆိုပါ အမျိုးသားနေအိမ်အောက် ကွပ်ပျစ်အောက်ရှိ ကျောပိုးအိတ်ကို စစ်ဆေးရာ လက်လုပ်ဗုံးလုပ်ရာတွင် အသုံးပြုသည့် ဒီတိုနေတာများ၊ ယမ်းစိမ်း၊ ကီးပက်ဖုန်းဟန်းဆက်များ၊ အစရှိသည့် ဆက်စပ်ပစ္စည်း အမြောက်အမြားကို ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကလည်း တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသကဲ့သို့ မီဒီယာများဖုန်းဆက် မေးမြန်းချိန်တွင်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

နိုဝင်ဘာလ ၆ ရက်ညတွင်လည်း ထားဝယ်မြို့ မြောင်းပုလဲတံတားတွင် ဗုံးပေါက်ကွဲကြောင်း ကောလဟလသတင်းများ ဖေ့ဘုတ်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။

အိုးလုပ်ရပ်ကွက်အုပ်စု (မြောင်းပုလဲရပ်ကွက်) အုပ်ချုပ်ရေးမှူး ဦးထွန်းရှိန်ကမူ ၎င်းရပ်ကွက်အတွင်း ဗုံးပေါက်ခဲ့ခြင်းမရှိဟု ဆိုသည်။

ကြက်စားပြင်ရပ်ကွက်တွင် တွေ့ရသည့် လက်လုပ်မိုင်းမှာ ဓာတ်ဆီဖန်ပုလင်းအတွင်း ကျောက်စရစ်ခဲများထည့်ထားပြီး ပုလင်းအဖုံးတွင် ဝါယာကြိုးများ တပ်ဆင်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထို့အပြင် ပလပ်စတစ်အိတ်အတွင်း ဘိလပ်မြေထည့်ပြီး ဝါယာကြိုးတပ်ဆင်ထားသည့် အလူမီနီယံပိုက်တစ်လုံးနှင့် ဝါယာကြိုးတပ်ထားသည့် ကီးပက်ဖုန်းတစ်လုံးကိုလည်း တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ လက်လုပ်မိုင်းကို ငါးဖမ်းရာတွင် အသုံးပြုသည်ဟု ယူဆရပြီး တပ်မတော်မှ မိုင်းကျွမ်းကျင်သူများဖြင့် အသက်မဲ့စေရန် လုပ်ဆောင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ- ကိုဇော်/ Dawei Watch